မတ် ၂၈၊ ၂၀၂၅။ ရဲခေါင်/People’s Spring
အင်အားပြင်းငလျင်ဒဏ်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာအချို့တွင် လူ ၂၀ထက်မနည်း သေဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောသည်။
ယနေ့ (မတ်လ ၂၈ရက်) နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အင်းလေးဒေသရှိ ဟဲယာရွာမ၊ သလဲဦးအင်း၊ နန်းပန် နှင့် ကေလာရွာတို့တွင် နေအိမ်များပျက်စီးကာ လူထိခိုက်မှု သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။
“အင်းလေးဒေသ ရေပေါ်ကရွာတွေ ငလျှင်ဒဏ်ကြောင့် မနည်းမနောပျက်စီးရ။ လူသေတာတွေ လည်းရှိတယ်။ မြေပေါ်မှာလို ကုပ်အားမရှိတော့ အိမ်အလုံးလိုက်တွေ လဲကျ ပြိုကျ ပျက်စီး သေဆုံးကြရတယ်”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
အင်းလေးလူထုလှုပ်ရှားမှု(Voice Of Inlay)၏ သေဆုံးထိခိုက်မှု အချက်အလက်အရ နန်းပန်ရွာ ၂၅ ဦး၊ ရွာမ ၅ ဦး နှင့် ကေလာရွာ ထိခိုက်မှုများဟု အသိပေးသည်။
“အိမ်က ရေပေါ်မှာ မီးလာနေတဲ့အချိန်ဆိုတော့ ငလျင်ဒဏ်ကြောင့် ကေလာရွာက အိမ်တွေ ရေထဲပြိုကျတော့ ဓာတ်လိုက်ပြီး သေဆုံးသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦး၏ ပြောဆိုမှုကို Voice Of Inlay က ဖော်ပြသည်။
လက်ရှိတွင် နန်းပန်ဆေးရုံ၌ ထိခိုက်သေဆုံးသူ ၃၀ ကျော်ရှိနေကြောင်းလည်း Voice Of Inlay က ဆိုသည်။ သို့သော် အဆိုပါအချက်အလက်ကို လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုရန်ကြိုးပမ်းနေဆဲ ဖြစ်သည်။
ငလျင် ဗဟိုပြုသည့် မန္တလေး၊ စစ်ကိုင်းတို့တွင်လည်း ရေတွက် မရသေးသည့် ထိခိုက်သေဆုံးမှုများစွာရှိနေပြီး ကျောက်ဆည်၊ ဝမ်းတွင်း၊ နေပြည်တော်၊ တောင်ငူ နှင့် အောင်ပန်းမြို့တို့တွင်လည်း လူသေဆုံးမှုများရှိနေသည်။


















































