ဧပြီ ၃၀၊၂၀၁၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရား၌ တည် ထားသည့် ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီး(ဒေသအခေါ် ကျောက် သေတ္တာ)သည် မတ်လ ၂၈ရက်က စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် အနည်းငယ်တိမ်းစောင်းသွားခဲ့ပြီး ပြိုကျလာမည်ကို မြို့ခံများက စိုးရိမ်နေသည်။ မူလက မိုင်းခွဲဖျက်ဆီးမည်ဟုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံခဲ့သော်လည်း ဧပြီ ၁၅ရက်က စစ်ကောင်စီခေါင်းဆောင်သည် ကျောက်ဆည်မြို့ရောက်ရှိလာပြီး အဆိုပါ ကျောက်သေတ္တာအား မဖြိုခွဲပဲ ဆက်လက်ထိန်းသိမ်းထားရန် ညွှန်ကြားသွားခြင်းဖြစ်သည်။
သို့သော် ယခုရက်ပိုင်းအတွင်း ရွာသွန်းသောမိုးကြောင့် ကျောက်တုံးကြီးသည် နေရာ အနည်းငယ်ရွေ့သွားသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဧပြီ ၂၉ရက်ထုတ် ပြန်ချက်တွင် စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီတော်၏ ကျောက်သားပြိုကျလာမည့် အန္တရာယ်ရှိသည့်အတွက် အောက်ခံကျောက်သားမြေသားအခြေအနေအား ဘူမိ/ရူပဗေဒတိုင်းတာခြင်းများ လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။
ယင်းကျောင်တုံးကြီးပြုတ်ကျပါက တောင်ခြေရှိ စုကြီးရပ်ကွက်၊ လေးမျက်နှာဘုရား၊ မင်းရဲမြောင်၊ ဈေးလမ်းနယ်နိမိတ်တို့ ထိခိုက်ပျက်စီးမှုများရှိနိုင်၍ ဧပြီ ၃ရက်ကစ၍ နေရာပြောင်းရွှေ့ထားခဲ့သည်။
ယခုအချိန်အထိ ပြန်လည်ပြင်ဆင်ခြင်းမရှိသလို ဒေသခံများကိုလည်း ပြန်နေထိုင်ခွင့် မပေးသေးပေ။
“မိုင်းခွဲလိုက်ရင် ရက်ပိုင်းနဲ့ပြီးမယ့်ကိစ္စကို ဘာလုပ်နေမှန်းလဲမသိဘူး။ ကိုယ့်အိမ်ကိုယ်လည်း ပြန်မနေရ။ ပစ္စည်းတောင် ပြန်ယူလို့မရဘူး။ ပထမတော့ မိုင်းခွဲမလိုလိုနဲ့။ သူ့အဘက ပြောသွားတော့ ကျွန်တွေက မထိရဲတော့ဘူး။ တော်တော် သောက်သုံးမကျတဲ့ စီမံခန့်ခွဲမှုပါ”ဟု ကျောက်ဆည်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားရာတွင်
ကျောက်သေတ္တာရှိသည့်နေရာကို ဒရုန်းဖြင့်အသေးစိတ်ရိုက်ကူး၍ အချက်အလက်ရယူရန်၊ မိုင်းခွဲဖြိုချခြင်းမပြုလုပ်ဘဲ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီး ထိန်းသိမ်းခိုင်းထားသည်။
အဆိုပါကျောက်တုံးကြီးသည် ရွှေသာလျောင်းတောင်ပေါ်မှ အမြင့် ပေ၃၅၀ခန့်အကွာရှိနေသည်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့် အဆိုပါကျောက်တုံးကြီး ပြိုကျနိုင်ခြေ ၈၀ရာခိုင်နှုန်းအထိရှိနေကြောင်း မြို့ခံများက ဆိုသည်။
အင်အားပြင်းငလျင်အလွန်တွင် နောက်ဆက်တွဲငလျင်များလှုပ်နေရာ ကျောက်ဆည်မြို့တွင် ရစ်ခ်တာစကေး ၃မှ၅အတွင်း ငလျင် ၁၅ကြိမ် ထက်မနည်း လှုပ်ခဲ့သည်။
ထို့ကြောင့် အဆိုပါကျောက်တုံးကြီးအား ဖောက်ခွဲဖျက်ဆီးသင့်ကြောင်း ဘူမိကျွမ်းကျင်သူများက မှတ်ချက်ပေးထားသည်။
ကျောက်သေတ္တာအတွင်း နောင်ပွင့်မည့်ဘုရားများအား လှူဒါန်းရန်အဓိဋ္ဌာန်ပြုထားသော ရွှေ၊ ငွေရတနာများရှိနေသည်ဟု ရှေးလူကြီးများ၏တဆင့်စကားတစ်ဆင့်နားဖြင့် မြို့ခံများကြား ယုံကြည်သက်ဝင်မှုလည်းရှိနေကြသည်။
နှစ်ပေါင်းများစွာရှိနေသော ကျောက်တုံးကြီးဖြစ်သောကြောင့် မြို့၏ အထင်ကရနေရာတစ်ခုအဖြစ် တန်ဖိုးထားသူများလည်းရှိသည်။
သို့သော် ယခုကဲ့သို့ အသက်အန္တရာယ်နီးကပ်သည့်အခြေအနေကြောင့်ဖောက်ခွဲဖျက်ဆီးပစ်ရန် ဒေသခံအများစုက လိုလားနေသည်။
ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် သေဆုံးသူ ၁၇ဝဦးထက်မနည်းရှိခဲ့ပြီး မြို့ပေါ်မှအဆောက်အအုံများလည်း ပြိုကျပျက်စီးခဲ့သည်။
ငလျင်လှုပ်ပြီးရက်အနည်းငယ်အတွင်း ရှာဖွေကယ်ဆယ်ရေးများမနိုင်မနင်းဖြစ်ခဲ့သည်။ သေဆုံးသူများပြား၍ မီးသင်္ဂြိုဟ်စက်ကွဲအက်သည်အထိ အခြေအနေဆိုးရွားခဲ့သည်။
ငလျင်ဘေးသင့်သူစာရင်းကောက်ယူစဉ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့်ပျူစောထီးများက မာန်မဲကြိမ်းမောင်းမူများရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

















































