အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လာရောက် လည်ပတ်မယ့် နိုင်ငံတော် ခရီးစဉ်ကို တရုတ် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မေလလယ်မှာ ဘေဂျင်းမြို့တော်ဆီ ထရမ့်သွားရောက်မယ် ဆိုတာကို အိမ်ဖြူတော်က ထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် တရုတ် အစိုးရကတော့ တရားဝင် အတည်မပြုခဲ့သေးဘဲ မေလ ၁၁ ရက်နေ့ကျမှသာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ မေလ ၁၃ ရက်ကနေ ၁၅ ရက်နေ့ထိ တရုတ်နိုင်ငံကို လာရောက်မှာဖြစ်ပြီး အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဖော်ပြထားပါတယ်။
သမ္မတ နှစ်ဦးဟာ အီရန်စစ်ပွဲအရေး၊ ထိုင်ဝမ်ကိစ္စ၊ ဉာဏ်ရည်တု နည်းပညာ (AI) အနာဂတ်၊ နျူကလီးယား စစ်လက်နက်တွေ ထိန်းချုပ်မှု စတဲ့ကဏ္ဍပေါင်းစုံကို ညှိနှိုင်း ဆွေးနွေးသွားမယ်လို့ ရှင်ဟွာက ဆိုပါတယ်။

Public Service Announcement
အမေရိကန်မှာ ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာတဲ့နောက် တရုတ်အပေါ် ပစ်မှတ်ထား ဖိအားပေးတဲ့ ကုန်သွယ်ရေး မူဝါဒတွေ ကျင့်သုံးခဲ့တာကြောင့် နှစ်နိုင်ငံ တင်းမာမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ထရမ့်နဲ့ ရှီတို့ နှစ်ဦးသား မျက်နှာစုံညီ စည်းဝေးခဲ့ပြီး ကုန်သွယ်ရေးအရ ဆက်ဆံရေး အေးစက်နေမှုတွေကို ပြန်လည် တည်ငြိမ်အောင် ကုစားနိုင်ဖို့ သဘောတူခဲ့ကြပါတယ်။ မေလလယ်မှာ တွေ့ဆုံမယ့် ကိစ္စဟာ ၆ လအတွင်း ပထမဆုံးအကြိမ် သူတို့နှစ်ဦး လူချင်းတွေ့ပြီး စကားပြောဆိုမှုလည်း ဖြစ်လာမှာပါ။
ထရမ့်ဟာ မေလ ၁၃ ရက်နေ့မှာ ဘေဂျင်းကို ရောက်ရှိပြီး ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာတော့ ရှီနဲ့ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ပြီးတော့ ဒါဟာ ၂၀၁၇ နောက်ပိုင်း သူ့ရဲ့ ပထမဆုံးအကြိမ် တရုတ်မြေမှာ ခြေချမှု အနေနဲ့လည်း မှတ်တမ်းဝင်လာမှာပါ။
အမည်မဖော်ပြတဲ့ အမေရိကန် အရာရှိ တချို့ကတော့ ထရမ့်ရဲ့ ဘေဂျင်း ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တချို့ကို လက်မှတ်ရေးထိုးနိုင်သလို တရုတ်ကလည်း အမေရိကန် ကုမ္ပဏီ Boeingက ထုတ်လုပ်တဲ့ လေယာဉ်တွေ၊ အမေရိကန်ရဲ့ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍ ထုတ်ကုန်တွေကို ပိုမိုဝယ်ယူမယ့်အကြောင်း ကြေညာဖွယ် ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံတကာ နျူကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်တွေမှာ တရုတ်ပါဝင်လာဖို့ အမေရိကန်က တောင်းဆိုထားပြီး တရုတ်က ငြင်းဆန်ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ရှီနဲ့ ထရမ့်တို့ကြား အကျေအလည် ဆွေးနွေးကြဖွယ် ရှိနေပါတယ်။
မူလက ထရမ့်ဟာ တရုတ်ခရီးစဉ်ကို မတ်လကုန်၊ ဒါမှမဟုတ် ဧပြီလဆန်းလောက်မှာ စီစဉ်ထားခဲ့ပေမယ့် အီရန်စစ်ပွဲကြောင့် အချိန်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Xinhua


















































