မြန်မာနဲ့ နယ်စပ်နားမှာ ထိုင်းတိုက်လေယာဉ်တွေ စတင်ကင်းလှည့် ပျံသန်းမှုကို ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းတော်ဝင်လေတပ်ဟာ အမေရိကန်လုပ် F-16 အပေါ့စား တိုက်လေယာဉ် နှစ်စီးကို မဲဆောက်နဲ့ အနီးတဝိုက် နယ်မြေတွေမှာ နိုဝင်ဘာ ၁ ရက်နေ့ကစလို့ စတင်ပြီး ကင်းလှည့် ပျံသန်းစေတာ ဖြစ်ပါတယ်။ နယ်စပ် တစ်ဖက်ခြမ်း မြန်မာပိုင်နက်ထဲက တိုက်ပွဲတွေမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နယ်စပ်နေ ထိုင်းပြည်သူတွေကြား စိုးရိမ် ထိတ်လန့်မှုတွေ ကြုံလာတဲ့နောက် ထိုင်းလေတပ်က F-16တွေကို ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ နယ်စပ်နားက လုံခြုံရေး တာဝန်တွေကို ရယူထားတဲ့ ရတ်ချာမာနူ အထူးတပ်ဖွဲ့က F-16 တွေ ကင်းလှည့်ပျံသန်းမယ့်အကြောင်း ဒေသခံ လူထုကို လေတပ်ကိုယ်စား ကြိုတင် အသိပေးထားခဲ့ပါတယ်။
ညနေပိုင်းက ကင်းလှည့် ပျံသန်းတဲ့ F-16 တွေရဲ့ မစ်ရှင်ဟာ မဲဆောက်အပါအဝင် တက်ခ်ပြည်နယ်ရဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေး အခြေအနေတွေ စောင့်ကြည့်ဖို့၊ ထိုင်းလေပိုင်နက် လုံခြုံရေးကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ရတ်ချာမာနူ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိခဲ့ပါတယ်။

Public Service Announcement
တိုက်လေယာဉ်တွေ ပျံသန်းရောက်ရှိလာတဲ့အခါ ပြည်သူတွေကြား အထိတ်တလန့်နဲ့ အထင်မှား အမြင်မှားတွေ မဖြစ်အောင်လို့ ကြိုတင် သတိပေးချက်ကို ထိုင်းဖက်က ထုတ်ပြန်ပေးထားတာပါ။
ထိုင်းပြည်သူတွေ အနေနဲ့ လေတပ်ရဲ့ စစ်ဆင်ရေး စွမ်းရည်၊ နိုင်ငံ အချုပ်အခြာ အာဏာနဲ့ ပြည်သူ့ လုံခြုံမှုအပေါ် ကာကွယ် စောင့်ရှောက်နိုင်စွမ်းတွေကို အပြည့်အဝ ယုံကြည်ထားကြဖို့လည်း ထိုင်းလေတပ်က တိုက်တွန်းခဲ့ပါတယ်။
F-16 တွေဟာ ထိုင်းလေတပ်မှာ နှစ်ရှည်လများ အသုံးပြုနေတဲ့ ပင်မကျောရိုး တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ လက်ရှိ ထိုင်းလေတပ်မှာတော့ Block 52 အဆင့်ထိ မွမ်းမံ အဆင့်မြှင့်ထားတဲ့ အစီး ၄၀ ဝန်းကျင် အပါအဝင် F-16 အစီး ၅၀ လောက်ကို အသုံးပြုနေပါတယ်။
ကိုးကား: Khaosod
ဓာတ်ပုံ – Royal Thai Air Force





















































