သက်တမ်းဝက် ရွေးကောက်ပွဲကြို ဒီမိုကရက်တစ် ပါတီအတွက် မဲဆွယ်ရာမှာ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားက လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။
ထရမ့်ဆင်နွှဲတဲ့ အီရန်စစ်ပွဲ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ၊ အမေရိကန်မှာ လူနေမှုစရိတ် ကြီးမြင့်လာတာတွေကို အဓိက ပစ်မှတ်ထားပြီး အိုဘားမားက ထရမ့်ရဲ့ အစိုးရကို တိုက်ခိုက်သွားခဲ့ပါတယ်။
လက်ရှိ အစိုးရအဖွဲ့ရဲ့ ရူးမိုက်မှုတွေထဲက တချို့တလေကို ပြန်ပြင်ဆင်ခွင့်ရဖို့ အခုရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်လို့ အိုဟိုင်ယို ပြည်နယ်က မဲဆွယ်ပွဲ တစ်ခုမှာ အိုဘားမားက အောက်တိုဘာ ၂၄ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဗြုတ်စဗြင်းတောင်း အရှုပ်အထွေးတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အဂတိကိစ္စတွေ၊ အရည်အချင်း မပြည့်မီတဲ့ ကိစ္စတွေကို မျက်မှောက်ခေတ် ကာလမျိုးမှာ မကြုံစဖူး အတိုင်းအတာထိ တွေ့မြင်ခဲ့ရကြောင်း၊ အခုတော့ ဒါတွေ တော်သင့်ပြီ ဆိုတာကို ထုတ်ပြောဖို့ လူထုမှာ အခွင့်အရေး ရှိလာပြီဖြစ်ကြောင်း အိုဘားမားက ကလိဗ်လန်းက မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ ကုန်စျေးနှုန်းတွေက အရင်ကတည်းက ကြီးပါတယ်လို့ လူတိုင်းသိတဲ့ ပုဂ္ဂိုလ်က ပြောနေပေမယ့် လက်တွေ့အရ အခုဆိုရင် အားလုံးက အရင်ထက် စျေးတွေ ပိုကြီးနေပြီဖြစ်ကြောင်းလည်း အိုဘားမားက ဆိုပါတယ်။ သူဟာ လူတိုင်းသိတဲ့ ပုဂ္ဂိုလ်လို့ သုံးနှုန်းပြီး ထရမ့်ရဲ့ နာမည်ကို တိုက်ရိုက် မရည်ညွှန်းခဲ့ပါဘူး။
အီရန် စစ်ပွဲနဲ့ ပတ်သက်လို့လည်း အိုဘားမားက ဘယ်သူမှ မတောင်းဆိုတဲ့၊ ဘယ်သူမှ မထောက်ခံတဲ့၊ လိုလည်း မလိုအပ်တဲ့ စစ်ပွဲတစ်ခုကို ထရမ့်က သူ့သဘောနဲ့သူ စတင်ခဲ့တယ်လို့ ဝေဖန်သွားပါတယ်။ သူဦးဆောင်တဲ့ အစိုးရ လက်ထက်တုန်းက အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရအောင် ထိန်းချုပ်ထားမယ့် သဘောတူညီမှု တစ်ခုကို ရယူထားခဲ့တာကြောင့် အီရန်မှာ အဲဒီလက်နက်တွေ ရှိမနေခဲ့ဘူးလို့လည်း အိုဘားမားက ပြောပါတယ်။ အိုဘားမားရဲ့ ရာထူးကို ထရမ့်က ဆက်ခံပြီး ပထမ သမ္မတသက်တမ်းမှာတင် အဲဒီ အီရန် နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
အိုဘားမားက အိမ်ဖြူတော်က အခမ်းအနားတွေ ကျင်းပရာ ခန်းမဆောင်ကို အကြီးစား ပြင်ဆင်မှုတွေ လုပ်ဆောင်စေတဲ့ ထရမ့်ကိုလည်း လှောင်ပြောင်သွားခဲ့ပါတယ်။ သူ့ကိုယ်သူတော့ သတိထားမိပါ့မလား မသေချာပေမယ့် ထရမ့်ဟာ အိမ်တွေ မွမ်းမံရတာကို အရမ်း အာရုံစိုက်နေကြောင်း၊ အိမ်ဖြူတော်မှာလည်း အီရတ် အာဏာရှင်ဟောင် ဆက်ဒမ်ဟူစိန်က Cheesecake Factory ဆိုင်ဖွင့်သလိုတွေ လုပ်နေကြောင်း အိုဘားမားက ပြောပါတယ်။
ဟူစိန်က ရွှေရောင်တောက်တောက် အဆင်အပြင်တွေကို ကြိုက်သလို Cheesecake Factory ဆိုင်တွေရဲ့ အတွင်းပိုင်း ပြင်ဆင်မှုကို ပြိုးပြိုးပြက်ပြက် လင်းလင်းလက်လက် ဒီဇိုင်းမျိုးတွေ သုံးလေ့ရှိတာကို ဥပမာပေးပြီး အိုဘားမားက သရော်ခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါ ကာလအပြီး အမေရိကန်မှာ ကြုံလာတဲ့ စီးပွားရေးနဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီမိုကရက်တစ် ပါတီကို ကျောခိုင်းသွားခဲ့တဲ့ မဲဆန္ဒရှင်တွေကို နားလည်စာနာကြောင်း၊ ဒါပေမဲ့ လက်ရှိ ဖြစ်ပျက်နေတာတွေကိုတော့ ထရမ့်က သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ ဖြစ်ကြောင်းလည်း အိုဘားမားက ပြောကြားသွားပါတယ်။
အဲဒီနေ့မှာပဲ ထရမ့်ဟာ ဂျော်ဂျီယာ ပြည်နယ်က ရီပတ်ဘလစ်ကန် မဲဆွယ်ပွဲ တစ်ခုကို ရောက်ရှိနေခဲ့ပြီး သူ့အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ သွင်းကုန် စည်းကြပ်မှု မူဝါဒတွေကို ဂုဏ်ယူပြောဆိုသွားပါတယ်။ အမေရိကန်ဟာ ရွှေခေတ်ရောက်နေပြီလို့လည်း ထရမ့်က ညွှန်းဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲတွေ စပေးလို့ ရနေပြီဖြစ်ပြီး ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာ ထရမ့်တို့ဟာ အောက်တိုဘာ ၂၄ ရက်နေ့က ဖလော်ရီဒါမှာ ကြိုတင်မဲ ပေးခဲ့ပါတယ်။ အခု သက်တမ်းဝက် ရွေးကောက်ပွဲဟာ အမေရိကန် လွှတ်တော်နှစ်ရပ်ကို အာဏာရ ရီပတ်ဘလစ်ကန် ပါတီက ဆက်ပြီး ထိန်းချုပ်ထားနိုင်မလား ဆိုတာကို အဆုံးအဖြတ် ပေးသွားမှာလည်း ဖြစ်ပါတယ်။
ကိုးကား: BBC



















































