Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် Patriot စနစ်သုံး ဒုံးခွင်းဒုံး ၅၀၀ ရောင်းချပေးဖို့ အမေရိကန် သဘောတူ

ယူကရိန်းအတွက် Patriot လေကြောင်းကာကွယ်ရေး စနစ်သုံး ဒုံးခွင်းဒုံး အစင်းရေ ၅၀၀ ရောင်းချပေးဖို့ အမေရိကန်က သဘောတူလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်းအတွက် Patriot လေကြောင်းကာကွယ်ရေး စနစ်သုံး ဒုံးခွင်းဒုံး အစင်းရေ ၅၀၀ ရောင်းချပေးဖို့ အမေရိကန်က သဘောတူလိုက်ပါတယ်။

ယူကရိန်းဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်မယ့် ဒုံးခွင်းဒုံးတွေ ပြတ်လပ်နေလို့ အသည်းအသန် အကျပ်ရိုက်နေချိန်မှာ အခုလို သတင်းကောင်း ကြားလာရတာပါ။ ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အဲဒီ ခဲယမ်းလက်နက်တွေဟာ ချက်ချင်း ရောက်လာမှာ မဟုတ်ဘဲ အပြီးသတ် လွှဲပြောင်းဖို့ နှစ်ပိုင်းလောက်ထိ အချိန်ကြာသွားနိုင်ကြောင်း ပြောကြားထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ Patriot ဒုံးပစ်စင်တွေကနေ ပစ်ခတ်နိုင်တဲ့ PAC-3 ကြားဖြတ်ဟန့်တားရေး ဒုံးခွင်းဒုံး အစင်းရေ ၅၀၀ ကို ဒေါ်လာ ၂.၁ ဘီလီယံနဲ့ ယူကရိန်းဆီကို ရောင်းချပေးမယ်လို့ သိရပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ် အားလုံးကို ယူကရိန်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဥရောပတိုက်နဲ့ ကနေဒါတို့က မျှဝေကျခံမယ်လို့လည်း အမေရိကန်က အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ညပိုင်းမှာတော့ ဇီလန်စကီးက Patriotမှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ ဒုံးခွင်းဒုံးတွေ မြန်မြန် လက်လွှဲပေးဖို့ အမေရိကန်ကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ယူကရိန်းကို ခြိမ်းခြောက် တိုက်ခိုက်နေတဲ့ ရုရှား ဒုံးကျည်တွေကို အဲဒီ ဒုံးခွင်းဒုံးတွေကလွဲပြီး ထိထိရောက်ရောက် ကြားဖြတ် ဟန့်တားနိုင်တဲ့ ခဲယမ်းလက်နက်မျိုး မရှိပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားဆီက ဒီဇယ်ဆီ ဝယ်ယူဖို့ သဘောတူညီလိုက်တာကြောင့် ဇီလန်စကီးနဲ့ အတိအလင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် တစ်လလောက် အကြာမှာ အမေရိကန်က ယူကရိန်းဆီ ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထရမ့်က ယူကရိန်းဟာ ဇီလန်စကီး နေရာမှာ တခြားခေါင်းဆောင်သစ် တစ်ယောက်ယောက် ရသင့်နေပြီလို့တောင် ဝေဖန်ခဲ့ပေမယ့် အောက်တိုဘာ ၂၀ မှာတော့ ထရမ့်ရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ဇီလန်စကီးတို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နှစ်ဖက် အခြေအနေ ပြန်လည် ပြေလည်မှု ရရှိခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ယူကရိန်းဆီ ဒုံးခွင်းဒုံးတွေ ရောင်းချပေးတာဟာ မိတ်ဖက် နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကို အားပေးကူညီပြီး ဥရောပရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုအတွက် အကျိုးဖြစ်ထွန်းစေဖို့ဆိုတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ၊ အမျိုးသား လုံခြုံရေး အစီအမံတွေနဲ့ ကိုက်ညီနေကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။ အဲဒီ စစ်လက်နက် အရောင်းအဝယ် စာချုပ်အတွက် ငွေပေးချေမှုကိုတော့ ကနေဒါ၊ ဂျာမနီ၊ နော်ဝေးတို့ရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ ယူကရိန်းက လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အရောင်းအဝယ် စာချုပ်ကိုတော့ အမေရိကန် လက်နက်နည်းပညာ ကုမ္ပဏီ Lockheed Martinက အဓိက တာဝန်ယူ ချုပ်ဆိုမှာဖြစ်ပြီး အမေရိကန်က ယူကရိန်းအတွက် ဒုံးခွင်းဒုံးတွေ ဝယ်ယူပေးဖို့ ငွေကြေး ထည့်ဝင်မှု လုံးဝမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ဇီလန်စကီးက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပေမယ့် ယူကရိန်းဟာ ဒုံးခွင်းဒုံးတွေကို ချက်ချင်းလက်ငင်း လိုအပ်နေတာ ဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဆောင်းရာသီ နီးကပ်လာတာနဲ့အမျှ ရုရှားဟာ ယူကရိန်းရဲ့ အရေးပါတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေပြီး လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ယူကရိန်းရဲ့ အဓိက အကျဆုံး ဓာတ်အားပေးလိုင်း အစိတ်အပိုင်း ၃၀ ကျော်ကို ရုရှားက ပစ်မှတ်ထားခဲ့ကြောင်း သူက ဆိုပါတယ်။

ယူကရိန်းဆီ ရောင်းချပေးမယ့် ဒုံးခွင်းဒုံးတွေကို ဘယ်အချိန် ပေးပို့မလဲ ဆိုတာကို တိတိကျကျ မကြေညာထားပါဘူး။ ဒါပေမဲ့ ရှိရင်းစွဲ ထုတ်လုပ်ပြီးသားတွေကို လွှဲပြောင်းပေးတာမျိုးထက် အသစ်ထုတ်လုပ်တာကို စောင့်ရမယ့် အခြေအနေလို့ ယုံကြည်ရပါတယ်။ ပြီးတော့ အဲဒီ ဒုံးခွင်းဒုံးတွေ ထုတ်လုပ်မှုက အချိန်လည်း အများကြီး ယူရပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ပျမ်းမျှ တစ်နှစ်ကို အဲဒီလို ခဲယမ်းမျိုး အခု ၆၀၀ လောက်သာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။

ဇူလိုင်လတုန်းကတော့ ထရမ့်က အမေရိကန်ဟာ Patriot အတွက် ဒုံးခွင်းဒုံးတွေ ယူကရိန်းမှာ ထုတ်လုပ်ခွင့် လိုင်စင်မျိုး အမေရိကန်က ခွင့်ပြုတော့မှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ အဲဒီမတိုင်ခင် ၃ ပတ်ကတင် အခုလို လိုင်စင်နဲ့ ထုတ်လုပ်ခွင့်မျိုး ယူကရိန်းကို ပေးအပ်ဖို့ အစီအစဉ်ရှိကြောင်း ထရမ့်ကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ