မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အလုံးစုံ ဖျက်သိမ်းရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။
တစ်ဖက်မှာတော့ မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် တရားဝင် ကြေညာထားသလို လက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှု ဖြစ်နိုင်ခြေတွေ မှန်သမျှကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဟွန်း၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတက်ဂီတို့ဟာ G20 ညီလာခံရဲ့ သီးခြားအစည်းအဝေးအဖြစ် အမေရိကန်နိုင်ငံ၊ အတ္တလန္တာမြို့မှာ မျက်နှာစုံညီ ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီး ၃ ဦးက နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်နည်းပညာ စီမံကိန်းတွေထဲ ငွေကြေးစီးဝင်မှုတွေကို တားမြစ်ဖို့ အပါအဝင် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) လုံခြုံရေး ကောင်စီက ဆုံးဖြတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု ကိစ္စတွေကို အပြည့်အဝ အကောင်အထည် ဖော်ဖို့လည်း သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement
အနောက်နိုင်ငံတွေနဲ့ UNရဲ့ ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယားဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ ကျောထောက်နောက်ခံ ရပ်တည်မှုနဲ့အတူ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေ ဆက်လက် လုပ်ဆောင်ရင်း နျူကလီးယား လက်နက်တိုက်ကိုလည်း ချဲ့ထွင်နေပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ရပ်တည်မှုကိုလည်း လုံးဝ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးကိစ္စ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ မြောက်ကိုရီးယားကို အကြိမ်ကြိမ် ဖိတ်ခေါ်နေပါတယ်။ ထရမ့်ဟာ သူ့ရဲ့ ပထမအကြိမ် အမေရိကန် သမ္မတ သက်တမ်းတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပေမယ့် လက်ရှိဒုတိယအကြိမ် သက်တမ်းမှာတော့ သူတို့နှစ်ဦး လူချင်း မတွေ့ဖြစ်ကြသေးပါဘူး။
နိုဝင်ဘာလလယ်ကျရင် ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံမှာတော့ ထရမ့်ဟာ ကင်မ်နဲ့ တွေ့ဆုံဖြစ်ဖွယ် ရှိနေကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က မြောက်ကိုရီးယား နျူကလီးယားလက်နက်တွေ အပြီးတိုင် စွန့်လွှတ်ရေးကို တောင်းဆိုဖို့ မဖြစ်နိုင်သေးရင်တောင် ပထမအဆင့် အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေကို ရှိရင်းစွဲ အဆင့်မှာ ရပ်တန့်ဖို့ ညှိနှိုင်းသင့်ကြောင်း အကြံပြုထားဖူးပါတယ်။
ကိုးကား: AFP




















































