Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဖြေမှန် ရလာဖို့ အီရန်ကို ရက်နည်းနည်း စောင့်ပေးမယ်လို့ ထရမ့်ပြော

အီရန် အရေးနဲ့ ပတ်သက်ပြီး အဖြေမှန် ရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်း စောင့်ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန် အရေးနဲ့ ပတ်သက်ပြီး အဖြေမှန် ရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်း စောင့်ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန် အနေနဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက် တစ်ခုအတွက် လိုက်လျောဖို့ မရှိဘူးဆိုရင် တိုက်ခိုက်မှုတွေ ပြန်စဖို့ အမေရိကန်က အသင့်ဖြစ်နေခဲ့ကြောင်း၊ ဒါပေမဲ့ အခုအခါမှာတော့ အမေရိကန်ဟာ အဖြေမှန် တစ်ခုအတွက် ရက်နည်းနည်း စောင့်ပေးဖို့ ဆန္ဒမျိုး ရှိနေကြောင်း ထရမ့်က ဆိုပါတယ်။

လက်ရှိ အခြေအနေဟာ ကြိုးတန်းလမ်းလျှောက်သလို ဖြစ်နေပြီး အချိန်မရွေး တင်းမာမှုတွေ မြင့်တက်လာနိုင်တယ်လို့လည်း မေလ ၂၀ ရက်နေ့မှာ ထရမ့်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ လက်ရှိမှာတော့ အပစ်အခတ် ရပ်စဲထားကြပါတယ်။

သူဟာ နောက်တစ်ရက်မှာ အီရန်ကို တိုက်ခိုက်မှုတွေ ပြန်စဖို့ စဉ်းစားထားခဲ့ပေမယ့် အီရန်ဖက်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအသစ် ပေးပို့လာတာရယ်၊ အမေရိကန်ရဲ့ အာရပ်မဟာမိတ် နိုင်ငံတွေက မေတ္တာရပ်ခံတာကြောင့် အဲဒီ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း မေလ ၁၈ ရက်နေ့မှာ ထရမ့်က လူမှုကွန်ရက်ပေါ် ရေးသားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အန်ဒရူးစ် လေတပ်စခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က သူ့စကားကို ယုံစေချင်ကြောင်း၊ မှန်ကန်တဲ့ အဖြေတွေ မရဘူးဆိုရင် ကိစ္စတွေက ခပ်မြန်မြန် ဖြစ်ပျက်လာနိုင်ကြောင်း၊ အမေရိကန်ဖက်က အားလုံး အဆင်သင့် ဖြစ်နေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

သူ့အနေနဲ့ နောက်ထပ် ဘယ်လောက် ထပ်စောင့်ပေးမလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က ရက်နည်းနည်းလောက် ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ ခပ်မြန်မြန်ပဲ ဖြစ်သွားမယ်ထင်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်ပြီးကြုံတွေ့လာမယ်ဆိုရင် ဒီတစ်ကြိမ် စစ်ပွဲဟာ ဒေသတွင်း ပဋိပက္ခ အဆင့်ထက် ကျော်လွန်သွားလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အစောပိုင်းမှာ အီရန် စစ်တပ်ကလည်း အလားတူ သတိပေးထားပြီး အမေရိကန်ကသာ စတင် တိုက်ခိုက်လာမယ်ဆိုရင် အီရန်ကလည်း စစ်မျက်နှာ အသစ်တွေ ဖွင့်ပြီး တုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် အီရန်ဟာ အပစ်ရပ် ကာလအတွင်း စစ်အင်အားကို စနစ်တကျ ပြန်လည် မွမ်းမံ ဖြည့်တင်း တည်ဆောက်ထားနိုင်ခဲ့ကြောင်းလည်း စစ်တပ်က ပြောပါတယ်။

ထရမ့်က အီရန်နဲ့ ရယူမယ့် ဘယ်လို သဘောတူညီမှုမှာမဆို အီရန်အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်လာခွင့် မရစေရဘူးဆိုတဲ့ အချက်ကို မဖြစ်မနေ ထည့်သွင်းမယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အီရန်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ နောက်ဆုံး အပြီးသတ် အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုကြောင်း၊ သဘောတူညီမှု တစ်ခုခု မရရင်တော့ အမေရိကန် အနေနဲ့ နည်းနည်း အကျည်းတန်တာမျိုး တစ်ခုခု လုပ်ကောင်း လုပ်ရနိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီအခြေအနေ မဖြစ်ဖို့ သူမျှော်လင့်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကာကွယ်ရေးနဲ့ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ အမေရိကန် ကုမ္ပဏီ ၁၀ ခုဆီ ပို့ကုန်တွေ တင်ပို့မှုအပေါ် ကန့်သတ်ချက် အသစ်တွေ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။