အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ တောင်ပိုင်း ကာလီမန်တန် ဒေသမှာ ပါဝင်တဲ့ ဆူရာဘာယာ မြို့ကနေ စတင် ထွက်ခွာလာပြီး မြောက်ဖက်က ဘန်ဂျာမာဆင်မြို့ဆီ ဦးတည်ခုတ်မောင်းတဲ့ ရေယာဉ်ဟာ စက်တင်ဘာ ၁၃ ရက် မနက်အစောပိုင်းတုန်းက ဂျာဗားပင်လယ်ပြင်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
Virgo Transport 8 ရေယာဉ်ပေါ်မှာ လူပေါင်း ၂၄၀ ကျော် လိုက်ပါသွားခဲ့ပြီး အစောပိုင်းတုန်းကတော့ သင်္ဘောမှာ ဘယ်လို ပြဿနာ ကြုံနေသလဲ ဆိုတာကို ကမ်းခြေစောင့်တပ်က ရှင်းရှင်းလင်းလင်း မကြေညာခဲ့ပါဘူး။
စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာတော့ သင်္ဘောဟာ ရာသီဥတု ကြမ်းတမ်းပြီး လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ တိမ်းမှောက်ပြီး တခြမ်းစောင်း နစ်သွားခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၁၀၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၆ ဦးရဲ့ အလောင်းတွေကို ဆယ်ယူ ရရှိထားပြီး ကျန်တဲ့ ၁၃၀ လောက်ကတော့ ပျောက်ဆုံးနေဆဲပါ။

Public Service Announcement
သင်္ဘောဟာ ဘန်ဂျာမာရာမြို့ရဲ့ တောင်ဖက် ကီလိုမီတာ ၁၅၀ လောက် အကွာမှာ ရှိနေချိန် နောက်ဆုံး အဆက်အသွယ် ရရှိခဲ့တာလို့ သိရပါတယ်။ လောလောဆယ်တော့ ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တွေနဲ့ ရဟတ်ယာဉ် တစ်စီးတို့ဟာ လူအင်အား ၂၈၀ လောက် အသုံးပြုပြီး သင်္ဘောတိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ဖြန့်ကျက် ရှာဖွေနေပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် ၂၁၃ ဦးနဲ့ အမှုထမ်း ၃၀ တို့ လိုက်ပါသွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ်တော့ ဆူရာဘာယာနဲ့ ဘန်ဂျာမာရာမြို့ ဆိပ်ကမ်းတွေမှာတော့ ရေယာဉ်ပေါ် ပါသွားသူတွေရဲ့ မိသားစုဝင်တွေ စုဝေးပြီး စိုးရိမ်တကြီးနဲ့ သတင်းနားစွင့်နေကြပါတယ်။
ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေက သောကပွေနေကြသလို အသက်ရှင်လျက် ကယ်ဆယ်နိုင်သူတွေရဲ့ သတင်းကို ကြားသိချိန်မှာ မိသားစုဝင်တွေက ဝမ်းနည်းဝမ်းသာနဲ့ ငိုကြွေးနေခဲ့ကြပါတယ်။
ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ရေကြောင်းခရီးဟာ အသုံးအတွင်ကျယ်ဆုံး သယ်ယူပို့ဆောင်မှု နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ရေယာဉ်တွေရဲ့ အိုမင်းမှု၊ လုံခြုံရေး စံနှုန်း လျော့ရဲမှုနဲ့ ပြုပြင်ထိန်းသိမ်းရေး အားနည်းချက်တွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရေကြောင်း မတော်တဆမှုတွေကလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။
အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၀ ကနေ ၂၀၂၆ အတွင်း အင်ဒိုနီးရှားမှာ သင်္ဘော မတော်တဆမှု ၁၁၁ ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်လတုန်းကလည်း ပိုလက်ဆီကျွန်း ကမ်းလွန်ရေပြင်မှာ သင်္ဘောတစ်စီး နစ်မြုပ်ရာက ၃ ဦးသေ၊ ၁၄ ဦး ပျောက်ဆုံးနေပြီး ၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း မာဒူရာ ကျွန်းနားမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်လို့ လူ ၅ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
ကိုးကား: BBC


















































