Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်းလူငယ် သေဆုံးမှုကို စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းသွားမယ်လို့ ထိုင်းစစ်တပ် ကတိပေး

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဓာတ်ပုံ - Thai PBS

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

အသက် ၂၀ အရွယ် တပ်သား သီတစ်ကွန်ရဲ့ ရုပ်အလောင်းကို နက်ခွန် ရတ်ချာဆီမာမှာရှိတဲ့ ဆူရာသမ်ပီတက် စစ်စခန်းနားမှာ စက်တင်ဘာ ၁၂ ရက်နေ့က ရှာတွေ့ခဲ့ပြီး သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

သီတစ်ကွန်ဟာ ထိုင်းရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ အခုနှစ် ပထမဆုံးအသုတ် ဆင့်ခေါ်မှုမှာ တပ်ထဲ ရောက်လာတဲ့ ပြည်သူ့စစ်မှုထမ်း တစ်ဦးဖြစ်ပါတယ်။ သူ့ကို အမှတ် ၃ ဆေးတပ်ရင်းရဲ့ တပ်ဖွဲ့ခွဲ တစ်ခုကို ပို့ဆောင်ပေးထားခဲ့တာပါ။

အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အမှတ် ၃ ဆေးတပ်ရင်းရဲ့ သက်သာချောင်ချိရေး ကော်ဖီဆိုင် အနောက်မှာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက စစ်သားတချို့က သီတစ်ကွန်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် တာဝန်ကျ အရာရှိတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလောင်းရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာမျိုးတွေတော့ ထင်ထင်ရှားရှား မတွေ့ရပါဘူး။ အခုတော့ အလောင်းကို ဆေးရုံပို့ရင်း ရင်ခွဲစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

သီတစ်ကွန်ဟာ ခွင့်ရလို့ စက်တင်ဘာ ၁ ရက်ကနေ ၁၀ ရက်နေ့ထိ နေအိမ်ကို ပြန်သွားခဲ့ကြောင်း သူ့ရဲ့ တာဝန်ကျ ယူနစ်က ပြောပါတယ်။ ဒါပေမဲ့ ခွင့်ရက်စေ့တဲ့ထိ ပြန်မလာလို့ မိသားစုဆီ ဆက်သွယ်တဲ့အခါ သီတစ်ကွန်က တပ်ဆီ ပြန်သွားပြီလို့ မိသားစုက ပြောပြခဲ့ပါတယ်။ သူပျောက်ဆုံးနေကြောင်း သိသိချင်း မိသားစုဟာ နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေကိုပါ ဖုန်းဆက် စုံစမ်းခဲ့ပေမယ့် သတင်းအစအန မရခဲ့ပါဘူး။

အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနဟာ သီတစ်ကွန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေကိုလည်း စစ်ဆေး မေးမြန်းခဲ့ပြီး ဘယ်သူနဲ့မှ ခိုက်ရန်ဖြစ်ပွားထားတာ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာတော့ သေမှုသေခင်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး စစ်တပ်က အပြည့်အဝ ပူးပေါင်း ကူညီပေးသွားမယ်လို့ အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုပ်အလောင်းကိုတော့ မဟာရက်ဂျ် နက်ခွန် ရတ်ချာဆီမာ ဆေးရုံရဲ့ မှုခင်းဆေးပညာ ဌာနဆီကို ရင်ခွဲစစ်ဆေးမှုတွေအတွက် ပေးပို့ထားပါတယ်။ စစ်တပ်ဟာ သီတစ်ကွန်ရဲ့ မိသားစုဆီကိုလည်း အကြောင်းကြားခဲ့ပါတယ်။

သေမှုသေခင်း စစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အေဂျင်စီတွေက ဦးဆောင်နေပြီး စစ်တပ်ကတော့ လိုအပ်သမျှ ပံ့ပိုးပေးနေကြောင်း၊ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်ပေါ်မလာသေးခင် ဘာကိုမှ အသေးစိတ် မှတ်ချက် မပေးလိုသေးကြောင်း အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနက ပြောကြားထားပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...