NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။
NATO အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယားရဲ့ လေပိုင်နက်ထဲကို စက်တင်ဘာ ၁၄ ရက် ညသန်းခေါင်ကျော်၊ စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်းတုန်းက ဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်း လေပိုင်နက်ထဲ ဝင်လာတဲ့ ဒရုန်းကို NATOရဲ့ တိုက်လေယာဉ်တွေက ဖျက်ဆီးခဲ့တယ်လို့ လစ်သူယေးနီးယား သမ္မတ ဂီတန်နက်စ် နော်ဆေးဒါးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဒရုန်းကို ဘယ်သူ၊ ဒါမှမဟုတ် ဘယ်နိုင်ငံက စေလွှတ်ခဲ့သလဲ ဆိုတာကိုတော့ ဆန်းစစ်နေဆဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနက်အစောပိုင်းတုန်းက လစ်သူယေးနီးယားရဲ့ မြို့တော် ဗီလ်နီးယက်စ်နဲ့ အနီးတဝိုက် ဧရိယာတွေမှာ ဒရုန်း အချက်ပေး ဥဩသံတွေ မြည်ဟည်းသွားခဲ့ပါတယ်။
လေပိုင်နက် ကျူးကျော်ခံရမှုကို လစ်သူယေးနီးယား စစ်တပ်နဲ့ NATOရဲ့ လေကြောင်းကာကွယ်ရေး မစ်ရှင်အတွက် ဖြန့်ကျက်ထားတဲ့ အီတလီ တိုက်လေယာဉ်မှူးတွေက ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တယ်လို့ လစ်သူယေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Public Service Announcement
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုတွေကြောင့် အခုလို အသင့်ပြင်ဆင်မှုတွေက ပိုပြီး အရေးတကြီး လိုအပ်လာနေကြောင်း၊ NATO မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး လစ်သူယေးနီးယားဟာ နိုင်ငံရဲ့ လေပိုင်နက်ကို ခြွင်းချက်မရှိ ကာကွယ်သွားမှာဖြစ်ကြောင်း သမ္မတ နော်ဆေးဒါးက ဆိုပါတယ်။
လစ်သူယေးနီးယား ပိုင်နက်ထဲ ဝင်ရောက်ခဲ့တာဟာ ရုရှားဒရုန်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပေမယ့် ရုရှားဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ လစ်သူယေးနီးယားဟာ အရှေ့ဖက်နဲ့ တောင်ဖက်တွေမှာ ရုရှားရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်မျိုး ထိစပ်နေပါတယ်။
လေပိုင်နက်ထဲ ဒရုန်းဝင်ရောက်လာမှုမှာ လစ်သူယေးနီးယားရဲ့ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေး စနစ်တွေက တုံ့ပြန်ပစ်ခတ်ဖို့ စီစဉ်ရတဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူးလို့လည်း သိရပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဥရောပ နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ဒရုန်းတွေ ဝင်ရောက်ပျံသန်းတဲ့ ဖြစ်စဉ်တွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။
မေလတုန်းကလည်း ဒရုန်းအန္တရာယ် သတိပေး ကြေညာချက်တစ်ခု ထွက်ပေါ်လာတာကြောင့် ဗီလ်နီးယက်စ် မြို့ခံတွေဟာ အကာအကွယ်တွေဆီ အပြေးအလွှား သွားရောက်ခဲ့ရသလို အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေ၊ ရထားပြေးဆွဲမှုတွေကိုပါ ယာယီ ရပ်ဆိုင်းစေခဲ့ရပါတယ်။
နောက်ပြီး ဘောလ်တစ် ဒေသတွင်းက အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားတို့လို နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ယူကရိန်း ဒရုန်းတွေ လမ်းလွဲ ဝင်ရောက်မှုတွေကိုလည်း NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့ အီလက်ထရောနစ် တန်ပြန် စစ်ဆင်ရေး အစီအမံတွေကြောင့် ယူကရိန်း ဒရုန်းတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ လွဲချော်ပြီး NATO နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ရောက်ရှိကုန်တာလို့ ပြောကြားထားပါတယ်။
ကိုးကား: BBC
















































