အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့ အစီရင်ခံစာမှာတော့ အမေရိကန်ဟာ အီရန်စစ်ပွဲ ဂယက်ကြောင့် ခဲယမ်းမီးကျောက် ပြတ်လပ်မှုတွေ ကြုံလာနေတယ်ဆိုတဲ့ အရှိတရားကို ရှင်းရှင်းလင်းလင်း အတည်ပြုထားပါတယ်။ အစောပိုင်းတုန်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခဲယမ်းမီးကျောက်တွေ လျော့နည်းလာနေတယ်ဆိုတဲ့ ကိစ္စကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။
စစ်ပွဲနဲ့ ပတ်သက်ပြီး လွှတ်တော်ဆီ မဖြစ်မနေ တင်ပြရတဲ့ ပထမဆုံး အစီရင်ခံစာဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အတွင်း အခြေအနေတွေအပေါ် သုံးသပ်ဖော်ပြထားတာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ Epic Fury စစ်ဆင်ရေးဟာ အဲဒီကာလအတွင်း ဒေါ်လာ ၃၃.၄ ဘီလီယံ ကုန်ကျခဲ့ပြီး အဲဒီထဲက ဒေါ်လာ ၂၂.၃ ဘီလီယံဟာ ခဲယမ်းမီးကျောက်တွေအတွက် သီးသန့်ဖြစ်တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာထဲမှာတော့ စစ်ပွဲကြောင့် ခဲယမ်းတွေ အများအပြား အသုံးပြုရခြင်းက နိုင်ငံရဲ့ မဟာဗျူဟာမြောက် ခဲယမ်းသိုလှောင်မှုမှာ လျော့ပါးပြတ်လပ်မှုတွေ ကြုံလာစေသလို လက်နက် ကုမ္ပဏီတွေရဲ့ ဖြည့်တင်း ထုတ်လုပ်နိုင်စွမ်းကလည်း အကျပ်အတည်းတွေ ဖြစ်နေတယ်လို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
ပျက်စီးဆုံးရှုံး စာရင်းတွေထဲမှာတော့ F-15 တိုက်လေယာဉ် ၄ စီး ပစ်ချခံရပြီး F-35 တိုက်လေယာဉ် ၁ စီး ထိခိုက်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ KC-135 ဆီဖြည့်လေယာဉ်ကြီး ၇ စီးနဲ့ MQ-9 Reaper ဒရုန်း ၃၀ လောက်လည်း ဖျက်ဆီးခံခဲ့ရပါတယ်။ F-15 တိုက်လေယာဉ်တွေထဲက ၃ စီးဟာ အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားတဲ့ စစ်ဆင်ရေးအတွက် မဟာမိတ် ကူဝိတ် တိုက်လေယာဉ် တစ်စီးရဲ့ မှားယွင်း ပစ်ချမှုကို ခံခဲ့ရပြီး ကျန်တဲ့ ၁ စီးကိုတော့ အီရန်စစ်တပ်က ပစ်ချခဲ့တာပါ။ အဲဒီဖြစ်ရပ်တွေမှာ လေသူရဲတွေ အသေအပျောက်တော့ မရှိခဲ့ပါဘူး။
အီရန်စစ်ပွဲဟာ အမေရိကန်ရဲ့ မဟာဗျူဟာ ခဲယမ်းလက်နက်တွေ လျော့ပါးသွားစေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထရမ့်က အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး အမေရိကန်ဟာ ခဲယမ်းတွေ အကန့်အသတ်မရှိ ပိုင်ဆိုင်တယ်လို့တောင် သတ်မှတ်လို့ရကြောင်း မကြာသေးခင် သီတင်းပတ်တွေတုန်းက မှတ်ချက်ပေးခဲ့ဖူးပါတယ်။
အစီရင်ခံစာ ထွက်ပေါ်လာတဲ့ နေ့မှာပဲ ထရမ့်က အမေရိကန်ဟာ အင်မတန် ထူးကဲပြီး အဆင့်အတန်း မြင့်လှတဲ့ စစ်လက်နက်တွေကို သမိုင်းတလျှောက် ဘယ်တုန်းကမှနဲ့ မတူအောင် အင်တိုက်အားတိုက် ထုတ်လုပ်နေနိုင်ကြောင်း လူမှုကွန်ရက်ပေါ် ရေးသားခဲ့ပြန်ပါတယ်။
အမေရိကန်ဟာ အီရန်စစ်ပွဲမှာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ အများအပြားကိုလည်း အသုံးပြုခဲ့ရပြီး အလျင်မီအောင် ဖြည့်တင်းနိုင်စွမ်း မရှိကြောင်း အရင်က စစ်ရေးသတင်း ရင်းမြစ်တချို့က ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်ဟာ THAAD လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး ၈၀ ရာခိုင်နှုန်းလောက်ကို အီရန်မှာ ပုံအောပြီး သုံးစွဲခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။
စစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ပထမဆုံး ၂၄ နာရီ အတွင်းမှာတင် အမေရိကန်ဟာ အီရန်အနှံ့က ပစ်မှတ်ပေါင်း ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ပိုင်းမှာတော့ အီရန်ဟာ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ဆော်ဒီအာရေးဘီးယား၊ အီရတ်၊ အိုမန်နဲ့ ဂျော်ဒန်တို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကိုပါ လက်တုံ့ပြန်ခဲ့တာကြောင့် ပဋိပက္ခဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
ကိုးကား: AFP

















































