Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းစစ်တပ် ခွဲတမ်းနဲ့ ဝက်စ်ပွိုင့်မှာ သင်တန်းတက်ခဲ့ကြောင်း စွပ်စွဲမှုတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်ငြင်းဆို

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Hun Manet/Facebook

ထိုင်းစစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို အသုံးပြုပြီး အမေရိကန်ရဲ့ နာမည်ကြီး ဝက်စ်ပွိုင့် စစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ကြောင်း သတင်းတွေကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ငြင်းဆိုခဲ့ပါတယ်။

၁၉၉၉ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ ဝက်စ်ပွိုင့်ကနေ ဟွန်မာနတ် သင်တန်းဆင်းခဲ့တဲ့အကြောင်း ၂၇ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် လူမှုကွန်ရက်မှာ တင်ထားတဲ့ ပို့စ်တစ်ခုကို ထိုင်းနိုင်ငံသားတွေက မှတ်ချက်တွေ ဝင်ပေးရာက အခု အငြင်းပွားမှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းတွေက ဟွန်မာနတ်ဟာ ထိုင်းနိုင်ငံအတွက် ဝက်စ်ပွိုင့်က သတ်မှတ်ပေးထားတဲ့ ခွဲတမ်းကို သုံးပြီး သင်တန်းတက်ခွင့် ရခဲ့တာလို့ စွပ်စွဲခဲ့သလို ကမ္ဘောဒီးယား လူမှုကွန်ရက် သုံးစွဲသူတွေကလည်း မခံမရပ်နိုင် တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်အရေး တင်းမာမှုတွေကို အကြောင်းပြုပြီး စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားထားပါတယ်။

မေလ ၃၀ ရက်နေ့မှာတော့ ဟွန်မာနတ်က ဝက်စ်ပွိုင့်မှာ သူသင်တန်း တက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေ မှားယွင်းတယ်လို့ တုံ့ပြန်လာခဲ့ပါတယ်။ အရင်ကတည်းက ဒီလို စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ဖူးပေမယ့် သူက တကူးတက ပြန်ဖြေရှင်းမနေဖို့ပဲ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်ရှည်လများ အထင်လွဲနေတာတွေကို တစ်ကြိမ်တည်းနဲ့ အပြီးသတ် ရှင်းလင်းပစ်ဖို့ စဉ်းစားထားကြောင်း ဟွန်မာနတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အတိုချုပ်ရရင်တော့ သူဟာ ထိုင်းစစ်တပ်ရဲ့ ခွဲတမ်းတစ်ခုကနေ ဝက်စ်ပွိုင့်မှာ သင်တန်းသွားတက်ခဲ့တာ မဟုတ်ဘူးလို့ ဟွန်မာနတ်က ပြောပါတယ်။ လက်ရှိ ဝေဖန်ပြောဆိုနေသူတွေဟာ ဝက်စ်ပွိုင့်ရဲ့ နိုင်ငံခြားသား သင်တန်းသား လက်ခံမှု စည်းမျဉ်းတွေကို သေချာ နားမလည်သူတွေလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က တုံ့ပြန်ခဲ့ပါတယ်။

ဝက်စ်ပွိုင့်က လက်ခံမယ့် နိုင်ငံခြား သင်တန်းသားတွေကို တခြားနိုင်ငံတစ်ခုဆီ အစားထိုး လွှဲပြောင်းပေးတာမျိုး ခွင့်ပြုမထားကြောင်း၊ နှစ်စဉ် နိုင်ငံခြား သင်တန်းသား ဘယ်နှဦး လက်ခံမလဲ ဆိုတာနဲ့ ဘယ်နိုင်ငံတွေကနေ ရွေးချယ်မလဲ ဆိုတာတွေကို အမေရိကန်ကပဲ ဆုံးဖြတ်တာလို့ သူက ပြောပါတယ်။

နိုင်ငံအလိုက် ရွေးချယ်ခံရတဲ့ သင်တန်းသား အလောင်းအလျာတွေကို သက်ဆိုင်ရာ နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေက ရွေးချယ်ပေးပြီး အမေရိကန် သံရုံး အသီးသီးက ထောက်ခံပေးဖို့ လိုကြောင်း၊ ဝက်စ်ပွိုင့်ကနေ သူယူဆောင်လာခဲ့တဲ့ သင်တန်းဆင်း ဘွဲ့ဟာ ကမ္ဘောဒီးယား နိုင်ငံသား အနေနဲ့ ရရှိခဲ့တာဖြစ်ကြောင်း ဟွန်မာနတ်က ဖြေရှင်းခဲ့ပါတယ်။

တကယ်လို့ သူသာ ထိုင်းနိုင်ငံအတွက် ခွဲတမ်းကို အသုံးပြုပြီး ဝက်စ်ပွိုင့်မှာ သင်တန်းတက်ခဲ့မယ်ဆိုရင် သူ့ကို ရွေးချယ်ခဲ့တက ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်ခံခဲ့တာက ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဖြစ်ခဲ့လိမ့်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

လက်တွေ့မှာတော့ ၁၉၉၅ ခုနှစ်တုန်းက ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက သူ့ကို အဆိုပြု သင်တန်းသားအဖြစ် ရွေးချယ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထောက်ခံပေးခဲ့တာသာ ဖြစ်တယ်လို့ ဟွန်မာနတ်က ဆိုပါတယ်။

နှစ်ရှည်လများ တည်ရှိနေတဲ့ သံသယနဲ့ အငြင်းပွားမှုတွေဟာ သူအခုလိုမျိုး ရှင်းပြလိုက်တဲ့အတွက် ပြေလည် ပျောက်ကွယ်သွားဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။

တစ်ဖက်မှာတော့ ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေနဲ့ ပညာရှင် တချို့က ၁၉၉၅ ကနေ ၁၉၉၉ ခုနှစ် အတောအတွင်း ဝက်စ်ပွိုင့်ဟာ ဒေသတွင်းက နိုင်ငံခြားသား သင်တန်းသားတွေကို တော်ဝင်ထိုင်းစစ်တပ်နဲ့ ပူးပေါင်းညှိနှိုင်း လက်ခံတာတွေ ရှိခဲ့ကြောင်း ဝေဖန် ထောက်ပြနေကြပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။