ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အဲဒီနေ့ကျရင် အီရန်နိုင်ငံ တောင်ပိုင်းက မဟာဗျူဟာ ရေလမ်းကြောင်းဟာ အတားအဆီးမရှိ အပြည့်အဝ ပြန်ပွင့်လာမှာဖြစ်ပြီး ရေနံသယ်ယူမှုတွေ အလျင်မပြတ် စတင်လိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ အီရန်နဲ့ အမေရိကန်တို့ ရယူထားတဲ့ စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီချက်မှာတော့ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်ဖို့ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်တို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်လာခဲ့တဲ့နောက် အီရန်ဟာ ဟောမုဇ်ကို တောက်လျှောက်နီးပါး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရေလက်ကြားဟာ နိုင်ငံတကာ ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် ပုံမှန်ဖြတ်သန်းတဲ့ အချက်အခြာ ရေပြင် ဖြစ်တာကြောင့် အခုပိတ်ဆို့မှုဟာ တစ်ကမ္ဘာလုံးမှာ စွမ်းအင် အကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့သလို လောင်စာဆီစျေးတွေကိုပါ ထိုးတက်စေခဲ့ပါတယ်။
ဇွန်လ ၁၄ ရက်နေ့မှာတော့ ထရမ့်က အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။ နောက်တစ်နေ့မှာတော့ ထရမ့်က ဟောမုဇ်ကိုလည်း သောကြာနေ့မှာ ပြန်ဖွင့်နိုင်မယ်လို့ အသိပေး ကြေညာခဲ့တာပါ။

Public Service Announcement
သင်္ဘောတွေ စတင် ရွေ့လျားနေပြီဖြစ်ကြောင်း၊ အများအပြားက ရေနံတွေ တင်နေကြကြောင်း၊ ဟောမုဇ်ကနေ ထွက်ဖို့ ပြင်နေကြောင်း ထရမ့်က ဆိုပါတယ်။ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့အတွက် အမေရိကန်ဟာ ဘယ်သူ့ဆီကမှ အကူအညီတွေ အများကြီး ယူစရာ မလိုခဲ့ဘူးလို့လည်း ထရမ့်က ပြောပါတယ်။
သဘောတူညီမှုတွေအရ အီရန်က ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးခဲ့သလို ရေလက်ကြားနားမှာ အီရန် ရေယာဉ်တွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားမှုကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာတော့ ရေနံတင် သင်္ဘော ၃ စီးနဲ့ ကုန်တင်သင်္ဘော ၂ စီးတို့ဟာ အမေရိကန်ရေတပ် ပိတ်ဆို့ထားခဲ့ရာ ရေပြင်ကို ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အီရန်က အတည်ပြုခဲ့ပါတယ်။
ဟောမုဇ်ကို အပြည့်အဝ ပြန်ဖွင့်နိုင်မယ်လို့ ထရမ့်ပြောကြားထားတဲ့ ဇွန်လ ၁၉ ရက်နေ့မှာပဲ ဆွစ်ဇာလန်မှာ အီရန်နဲ့ အမေရိကန်တို့ MoU လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒါဟာ လုပ်ထုံးလုပ်နည်း အဆင့်သာဖြစ်ပြီး အီရန် လွှတ်တော် ဥက္ကဋ္ဌ ဘက်ဂါ ဂါလီဘက်ဖ်နဲ့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ်ဗန့်စ်တို့ဟာ MoU သဘောတူညီချက်တွေကို အွန်လိုင်းကနေ အီလက်ထရောနစ် လက်မှတ်ရေးထိုးမှုတွေ အသီးသီး လုပ်ဆောင်ပြီး ဖြစ်တယ်လို့ အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။
သမ္မတကတော့ စာချုပ်လက်မှတ် ရေးထိုးမှုကို ကိုယ်တိုင် ပြုလုပ်ချင်တဲ့ အာသီသ ရှိနေကြောင်း၊ အခု အကျပ်အတည်းကို အောင်မြင်အောင် ဘယ်လို ဖြေရှင်းနိုင်ခဲ့သလဲ ဆိုတာကို သူက ပြသချင်နေကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
သတင်းထောက်တွေက စာချုပ်ပါ အချက်အလက်တွေကို ပြင်သစ်နိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့က စတင်ကျင်းပတဲ့ G7 ညီလာခံ အတောအတွင်း ကြေညာနိုင်ခြေ ရှိသလားလို့ မေးမြန်းခဲ့တဲ့အခါ ထရမ့်က အဲဒီ စာချုပ်ဟာ တကယ့်ကို သက်ရောက်မှု အားကောင်းတဲ့ စာရွက်စာတမ်း တစ်ခုဖြစ်ပြီး မကြာခင်မှာပဲ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီ ဘာဘာဒီကတော့ ကနဦး သဘောတူညီချက်ဟာ စစ်ပွဲကို ချက်ချင်း ရပ်နိုင်ဖို့ အဓိက ရည်ရွယ်ထားပြီး နောက်ဆုံးအဆင့် သဘောတူညီချက်တွေ အတွက်ကိုတော့ နောက်ထပ် ၂ လအတွင်း အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
အီရန် စစ်တပ်နဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အခု သဘောတူညီမှုမျိုး ရရှိခဲ့တာနဲ့ ပတ်သက်လို့ စစ်ရေးအောင်ပွဲ တစ်ခုအဖြစ် ကြွေးကြော်ခဲ့ပြီး အမေရိကန်နဲ့ အစ္စရေးတို့ကို အရှက်ခွဲနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကတော့ ဒီသဘောတူညီမှုဟာ ဒေသတစ်ခုလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကတော့ လက်ရှိ သဘောတူညီမှုနဲ့ ပတ်သက်လို့ ပိုပြီး သတိကြီးကြီးထားတဲ့ သုံးသပ်စကားမျိုး ပြောဆိုသွားပါတယ်။ သမိုင်းမှာ ကတိချိုးဖောက်တာတွေ မြင်ခဲ့တွေ့ခဲ့ဖူးကြောင်း၊ သဘောတူညီမှု စာချုပ်တွေကို စုတ်ဖြဲပစ်တာတွေ ရှိခဲ့ကြောင်း၊ အဲဒီ ကိစ္စတွေ အားလုံးဟာ အီရန်ရဲ့ အတွေးထဲမှာ အမြဲရှိနေသေးကြောင်း သူက ဆိုပါတယ်။ ဒါဟာ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား လက်ထက်က ရယူခဲ့တဲ့ အီရန် နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ကို ထရမ့်လက်ထက်မှာ အသိအမှတ် မပြုတော့တာကို ဆိုလိုတာလို့ ယူဆရပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး အီစမေးလ် ဘက်ကိုင်ကတော့ အမေရိကန် အနေနဲ့ လက်ဘနွန် နိုင်ငံပိုင်နက်ထဲမှာ အစ္စရေးက စစ်ရေးအရ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို ရပ်တန်းကရပ်အောင် တားဆီးပေးဖို့လည်း လိုကြောင်း ပြောပါတယ်။ အစ္စရေးဟာ လက်ဘနွန်မှာ အခြေစိုက်တဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကို အပြင်းအထန် တိုက်ခိုက်နေတာကြောင့် အီရန်စစ်ပွဲရဲ့ မီးပွားဟာ လက်ဘနွန်ကိုပါ ပျံ့နှံ့ ကူးစက်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































