ရှဉ့်ညို ရေးသားသည်။
ဒီနေ့ ၁၉၉၅ ခုနှစ်ကို ပြန်သွားချင်ပါတယ်။ အီရန် ရုပ်ရှင်ဒါရိုက်တာ ဂျာဖာပါနာဟီ ( Jafar Panahi) ၁၉၉၅ မှာ ရိုက်ခဲ့တဲ့ The White Balloon ကို ပြောကြရအောင်နော်။ သူက အီရန်နိုင်ငံရဲ့ အလွန်ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ အီရန်ရုပ်ရှင်ရဲ့ အနုပညာတန်ဖိုးကို မြှင့်တင်ပေးခဲ့သူပါ။ ဂျာဖာပါနာဟီရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၅ က ကိန်းစ် ( Cannes) မှာ Palme d’Or ဆုရခဲ့တဲ့ကား “It Was Just an Accident” ကိုတော့ ကြည့်ပြီးကြပြီ ထင်ပါတယ်။
အီရန်မှာမပြရတဲ့အီရန်ရုပ်ရှင်ကား။ဂျာဖာပါနာဟီရဲ့ကားတွေက ထူးခြားပါတယ်။ သူ့ရဲ့ ရုပ်ရှင်ကားအများစုက အီရန်အစိုးရ မဖော်ပြချင်တဲ့ အမျိုးသမီးအခွင့်အရေး၊ လူမှုမညီမျှမှု၊ အာဏာထိန်းချုပ်မှုနဲ့ လွတ်လပ်ခွင့်ပြဿ
နာတွေကို ပြတ်ပြတ်သားသား ပြသလို့ နိုင်ငံတွင်းမှာပြခွင့်မရခဲ့ပါဘူး။The White Balloon က အီရန်မှာ ပြခွင့်ရတဲ့ ကားအနည်းစုထဲက တကားပါ။ ပြီးတော့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား။ပထမဆုံးကားမှာတင်ကိန်းစ် ရဲ့ Caméra d’Or မှာ ဆုရခဲ့တဲ့ကားပါပဲ။

Public Service Announcement
ဇာတ်ကားရဲ့အဓိကဇာတ်ကောင်က အသက် ၇ နှစ်အရွယ် မိန်းကလေး ရာဇီယာ (Razieh) ပါ။ အီရန်နှစ်သစ်ကူး နော်ရူးဇ် (Nowruz) နီးလာတဲ့အချိန်၊ ရာဇီယာ ဟာ ရွှေငါးလေးတစ်ကောင် ဝယ်ချင်ပါတယ်။ သူတို့မိသားစုက ငွေကြေးချမ်းသာတဲ့မိသားစုမဟုတ်ပါဘူး။ ၁၀၀ တိုမန် (Toman) ပေးရမယ့် ရွှေငါးက သူတို့အိမ်အတွက် ဈေးကြီးပါတယ်။ ပြီးတော့ သူတို့အိမ်မှာကိုက ရွှေငါးတွေ ကန်ထဲမှာရှိတယ်။ တခြားက ကလေးတယောက် နှစ်သစ်ကူးအတွက် သူတို့ဆီက ရွှေငါးကို လာယူတာလား၊ လာဝယ်တာလားတွေ့ရတယ်။ ဒါပေမယ့် ရာဇီယာက သူတို့အိမ်က ငါးတွေကို မကြိုက်ဘူး။ ရွှေငါးဆိုင်က အဖြူရောင်ရွှေငါးက ပိုဝလို့ ပိုလှလို့ လိုချင်တယ်။ ရာဇီယာ ရဲ့ အကို အလီကပါ ကူပြောပေးလို့ သူ့အမေက နှစ်သစ်ကူးအတွက်သုံးရမယ့်ငွေ ၅၀၀ တိုမန် ကနေ ရွှေငါးဝယ်ဖို့ အမေက နောက်ဆုံးမှာ ပေးလိုက်ပါတယ်။
ဒါပေမယ့် ရွှေငါးဝယ်ဖို့ သွားတဲ့လမ်းမှာ အဲဒီ ၅၀၀တန် ငွေစက္ကူဟာရေမြောင်းအဖုံးအောက်ကို ကျသွားပါရော။ အဲဒီကနေစပြီး ရာဇီယာနဲ့ သူ့အစ်ကို အလီတို့ဟာ ပိုက်ဆံပြန်ရဖို့ ကြိုးစားကြပါတယ်။ ဇာတ်လမ်းတစ်ခုလုံးနီးပါးဟာ နေ့လယ် ၁၂ နာရီကနေ ညနေ ၂ နာရီအထိ ဖြစ်ပျက်ပြီးကလေးမလေးရဲ့ သေးငယ်တဲ့ ပြဿနာတစ်ခုကို အချိန်တိုအတွင်း ချဲ့ထွင်ပြသထားတာပါ။
ဇာတ်လမ်းက ကလေးတယောက် ရွှေငါးလိုချင်တဲ့ဇာတ်လမ်းလို့ပဲ ရိုးရိုးလေးမြင်လိုက်ရင် ပြီးသွားမှာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ကလေးတယောက်ရဲ့ ဆန္ဒဟာအရွယ်ရောက်ပြီးသား လူတယောက်အတွက် သေးသေးလေးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ အမြင်မှာတော့ အဲဒီဆန္ဒက တစ်ကမ္ဘာလုံးလောက် အရေးကြီးနေပါတယ်။ ကြီးမားတဲ့ အဖြစ်အပျက်တွေ မလိုဘဲ လူသားတစ်ယောက်ရဲ့ဆန္ဒကိုအလွန် စိတ်ဝင်စားစရာဖြစ်အောင် ဖန်တီးနိုင်တာပါ။
ရေမြောင်းထဲ ငွေကျသွားတာဟာ လူကြီးတယောက်အတွက်ဆိုရင်တော့ ပြန်ယူဖို့ လွယ်ကူနိုင်ပါတယ်။ ကလေးတယောက်အတွက်တော့ အဲဒီငွေပြန်မရရင်ရွှေငါးမဝယ်နိုင်တော့ဘူး၊ အမေ ဆူမယ်၊ နှစ်သစ်ကူးအပျော်တွေပျက်စီးမယ်။ ရာဇီယာရဲ့ ပူပန်မှုမှာ ရုပ်ရှင်ကြည့်သူကပါ ဝင်ပြီးပူပန်တဲ့စိတ်ဖြစ်ရတယ်။လူကြီးတွေရဲ့အမြင်ကိုအတင်းအကြပ်မထည့်ထားဘဲ ကလေးတယောက်ရဲ့ ကမ္ဘာထဲကို ဝင်ကြည့်စေတာပါ။ ဒီကားက ကလေးတွေအတွက်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရင် မမှန်နိုင်ပါဘူး။ ကလေးတယောက်ရဲ့အမြင်ကနေ ကမ္ဘာကြီးကို မြင်ကြည့်စေတဲ့ကားလို့ပဲ ပြောရမှာ။ ပြီးတော့ လူကြီးတွေလည်း ငယ်တုန်းက ကမ္ဘာကြီးကို ဘယ်လိုမြင်ခဲ့သလဲလို့ ပြန်သတိရစေပါလိမ့်မယ်။
ကလေးလေးရာဇီယာ (Aida Mohammadkhani) ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုနဲ့ ရာဇီယာရဲ့ စိတ်အားထက်သန်မှုက ပရိသတ်ကဒီကားကိုယုံကြည်လာရစေတယ်။ ဒီလို ဖန်တီးနိုင်တာက ဒီကားရဲ့ အောင်မြင်မှုအတွက် တော်တော်ကိုအရေးပါ ပါတယ်။ သူက လိုချင်တာကို လွယ်လွယ်နဲ့ လက်မလျှော့ဘူး။ အခက်အခဲတွေထဲမှာ ရအောင် ကြိုးစားတယ်။ အကူအညီလိုတာကို လူကြီးတွေဆီမှာ အကူအညီ တောင်းတတ်တယ်။ သူက ရိုးသားတယ်။ သူ့ကို ပိုပြီး လူသားဆန်စေတာက သူ့ဆန္ဒကို မလျှော့တာ၊ အမေအတွက် ခက်ခဲစေတာပါပဲ။
ရာဇီယာရဲ့အကို အလီ ဆီမှာ အကိုတယောက်ရဲ့ တာဝန်ယူမှုတွေကို တွေ့ရတယ်။ သူက ရာဇီယာထက် ပို လက်တွေ့ကျပေမယ့် သူလည်း ကလေးပဲ။ အလီနဲ့ ရာဇီယာတို့ရဲ့ ဆက်ဆံရေးကမိသားစုထဲမှာကလေးတွေဟာတစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအားကိုးကြသလဲဆိုတာမြင်ရတယ်။လူကြီးတွေရဲ့ကလေးဘဝကိုလည်း ပြန်သတိရစေရတယ်။
အမေဆီမှာကတော့ သားသမီးကို ချစ်တဲ့စိတ်နဲ့ မိသားစုရဲ့တာဝန်တွေကြား ငွေကြေးမပြည့်စုံတော့ ရာဇီယာရဲ့ဆန္ဒက သူ့အတွက် ဖြေရှင်းပေးဖို့ မလွယ်ကူဘူး။ မြန်မာနိုင်ငံရဲ့မိခင်တွေနဲ့ သားသမီးတွေ ကြားထဲ ဖြစ်ကြတဲ့အတိုင်းပါပဲ။
အဖေကိုတော့ အသံပဲကြားရတယ်။ ရေချိုးခန်းထဲကထင်ပါတယ် အော်ဟစ်ပြောနေတာ။ shampoo ဝယ်ခိုင်းတာ ဆပ်ပြာနဲ့မှားဝယ်လာတဲ့ အလီကို အော်ဟစ်ပြီး နောက်တကြိမ် အလီကို အပြေးအလွှား သွားဝယ်စေတာ။ မိသားစုမှာအာဏာရှိတဲ့သူဟာ အဖေဆိုတာ မြင်ရစေတယ်။
မြောင်းထဲက ငွေကို ပြန်ရအောင်ကြိုးစားနေရင်း လူငယ်စစ်သားလေးတယောက်နဲ့ ရာဇီယာတွေ့ပြီး မြောင်းဘေးမှာစကားထိုင်ပြောကြတယ်။ ပုံမှန်အားဖြင့်ဆိုရင် စစ်သားကို အမိန့်ပေးသူ၊ ကြမ်းတမ်းသူ၊ အာဏာရှိသူအဖြစ် ပြတတ်ကြပေမယ့် ဒီထဲက စစ်သားလေးကတော့ သူကိုယ်တိုင်လည်း အိမ်ပြန်ချင်နေတဲ့ လူငယ်လေးပဲ။စစ်သားဟာအရေးကြီးတဲ့စစ်ရေးအကြောင်း၊နိုင်ငံရေးအကြောင်း မပြောပါဘူး။ သူပြောတာတွေက ရိုးရိုးလေး အိမ်ပြန်ချင်တာ၊ အားလပ်ရက်ရချင်တာ၊ ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်တာ။ သူ့မှာ ရာဇီယာနဲ့မတိမ်းမယိမ်းညီမလေးနှစ်ယောက်ရှိတယ်။ သူတို့ကို တွေ့ချင်တယ်။ဒါပေမယ့် ပြန်ဖို့အခွင့်ရော ခရီးစရိတ်ရောသူ့မှာမရှိဘူး။ အဲဒီရိုးရိုးစကားတွေကပဲ စစ်သားဘဝရဲ့ အဓိပ္ပာယ်မဲ့မှုကို ဖော်ပြပါတယ်။ လူတစ်ယောက်ဟာ သူ့အသက်၊ သူ့အချိန်၊ သူ့လွတ်လပ်မှုကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ အမိန့်နဲ့ တာဝန်ကြားမှာ နေနေရတာ ဖြစ်တယ်ဆိုတာ မြင်ရတယ်။
ပနာဟီ က စစ်ပွဲ၊ နိုင်ငံရေးကို တိုက်ရိုက်မဝေဖန်ဘဲ စစ်သားတစ်ယောက်ရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒလေး နဲ့ပဲ စစ်စနစ်ရဲ့ လူသားဆန်မှုမရှိတာကို ပြသွားပါတယ်။စစ်သားရဲ့စကားတွေမှာ ယူနီဖောင်းဝတ်ထားတဲ့လူတစ်ယောက်ဟာလည်း အိမ်ပြန်ချင်တဲ့ သာမန်လူသားတစ်ယောက်ပဲ။ အာဏာနဲ့ တာဝန်အောက်မှာ လူတိုင်းရဲ့ ကိုယ်ပိုင်ဆန္ဒတွေ ဖိနှိပ်ခံနေရတယ်။ ဒီအဓိပ္ပာယ်တွေကို စစ်ရေးဝေဖန်ချက်ကြီးကြီးမားမားနဲ့ မပြောဘဲ ကလေးတစ်ယောက်နဲ့စစ်သားတစ်ယောက်ရဲ့ရိုးရိုးစကားဝိုင်းလေး ထဲကနေ မြင်ရအောင် ထုတ်ပြသွားတာပါ။
ရာဇီယာ သူ့ငွေပြန်ရဖို့ အကူအညီတောင်းတဲ့အထဲမှာအပ်ချုပ်ဆိုင်ပိုင်ရှင်တယောက်လည်း ပါတယ်။ ရာဇီယာ နဲ့ အလီတို့က သူတို့ဖြစ်နေတာကို ဆိုင်ထဲမှာပြောပြဖို့ကြိုးစားတယ်။ ဒါပေမယ့် ဆိုင်ထဲကလူကြီးက သူတို့ပြောနေတဲ့စကားကို အဆုံးထိနားထောင်ဖို့ကို မလုပ်နိုင်ဘူး။ သူတို့အတွက် ရွှေငါးပြဿနာက ဘာမှမဟုတ်တဲ့ကိစ္စ။ သူ့မှာလည်း သူ့အလုပ်နဲ့သူ ဖြေရှင်းနေရတာတွေရှိတယ်။ သူ့ကို လူဆိုးအဖြစ်ပြထားတာတော့မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ အရေးပေါ်ပြဿနာဟာ တခြားလူတစ်ယောက်အတွက်တော့ သာမန်နေ့စဉ်ဘဝထဲကအနှောင့်အယှက်တစ်ခုသာဖြစ်နိုင်တယ်ဆိုတဲ့ လူမှုဘဝအမှန်တရားကို ပြတာပါပဲ။ လူမှုအဖွဲ့အစည်းရဲ့ ပြဿနာကို လူဆိုးတစ်ယောက်နဲ့ မပြဘဲ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် အလုပ်ရှုပ်နေတဲ့အခါ အားနည်းတဲ့သူတစ်ယောက်ရဲ့ အသံက ပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ပနာဟီက ပြခဲ့တာပါ။
ရာဇီယာ ရဲ့ ငွေ ပြန်ရအောင် ကူညီပေးခဲ့တာ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးပါ။ ကလေးတိုင်း အတွက် ပူဖောင်းဆိုတာ လိုချင်စရာပါ။ဇာတ်ကားအစမှာကိုရာဇီယာရဲ့ လက်ထဲမှာ ပူဖောင်းအပြာလေး ကိုင်ထားတာကို ပြခဲ့တယ်။ ပူဖောင်းဆိုတာ ကလေးဘဝ၊ မျှော်လင့်ချက်နဲ့ လွတ်လပ်မှုတို့ကို ကိုယ်စားပြုနိုင်ပါတယ်။ ကလေးတယောက်ရဲ့ ပျော်စရာဟာ ကလေးတယောက်ရဲ့ရောင်းချစရာ၊စားဝတ်နေရေးဖြေရှင်းဖို့အရာ။ ဒီဇာတ်ကားမှာ ဇာတ်ကောင်ငယ်တွေကနေ အီရန်လူ့အဖွဲ့အစည်းရဲ့ ကွဲပြားခြားနားမှုတွေကို မြင်ရနိုင်စေခဲ့တာပါပဲ။
ကင်မရာအမြင်ကို ကြည့်မယ်ဆိုရင် ကလေးတွေအမြင်ကနေ နီးစပ်အောင် ပနာဟီ သုံးခဲ့တယ်။ လူကြီးတွေရဲ့ အပေါ်စီးက ကြည့်သလိုမျိုးမဟုတ်ပဲ ကလေးတွေမြင်တဲ့ လမ်းတွေ၊ လူတွေ၊ ဆိုင်တွေကို ခံစားစေတယ်။ အဲဒီအမြင်ကြောင့်ရုပ်ရှင်ဟာမှတ်တမ်းရုပ်ရှင် (documentary)တခုလိုသဘာဝကျနေခဲ့တာ။
Editing အနေနဲ့လည်း အလွန်မြန်တဲ့အဖြတ်အတောက်တွေ မပါဘူး။ ကလေး သူ့ပိုက်ဆံပြန်ရဖို့ ကြိုးစားနေတာကို အချိန်ပြည့်နီးပါး ပြခဲ့တယ်။ အဲဒါကြောင့်လည်း ပရိဿတ်တွေပါ သူနဲ့အတူရောပြီး ငွေပြန်ရဖို့ စောင့်နေရသလို ခံစားရတယ်။အလွန်ရိုးရှင်းတဲ့ ဇာတ်လမ်းကို ပနာဟီက အလွန် စိတ်ဝင်စားအောင် ရိုက်ခဲ့ပါတယ်။
ဇာတ်ကားနောက်ခံအသံအဖြစ် ရေဒီယိုကနေ နှစ်သစ်ကူးချိန်နီးကပ်လာတာကို ကြေငြာနေတဲ့အသံကို မကြာမဏကြားနေရတယ်။ အဲဒီအသံက ဇာတ်ကားရဲ့အချိန်ကန့်သတ်ပေးတာကို သတိပေးနေတာလို့ ခံစားရစေတယ်။ ပရိသတ်ဟာ ရာဇီယာနဲ့အတူ ငွေပြန်ရဖို့ ကြိုးစားရင်း နှစ်သစ်ကူးအချိန် နီးလာတာကို ခံစားရပါတယ်။ ပြီးတော့ ရာဇီယာ နဲ့ အလီတို့ ပြေးကြတဲ့ ဖိနပ်သံလေးတွေ။ ဒီဖိနပ်သံလေးတွေ ကလည်းအချိန်ကအရေးကြီးနေပြီဆိုတဲ့ အသံလေးတွေပါပဲ။
နော်ရူးဇ် ဆိုတာ အီရန် နဲ့ ပါရှန်ယဉ်ကျေးမှုနိုင်ငံတွေရဲ့ နှစ်သစ်ကူး။ မတ်လ ၂၀ ရက် ဒါမှမဟုတ် ၂၁ ရက်ဝန်းကျင် နွေဦးရာသီဝင်တဲ့အချိန် မှာ စတင်ပါတယ်။ နှစ်သစ်ကူးမှာ အီရန်အိမ်တိုင်းလိုလို အိမ်သန့်ရှင်းရေးတွေ လုပ်ကြတယ်၊ အဝတ်စားသစ်တွေ ဝတ်ကြတယ်။ အလှဆင်စားပွဲတခု ပြင်ဆင်ကြတယ်။ ရာဇီယာရဲ့ ရွှေငါးက အဲဒီစားပွဲအတွက် အရေးကြီးနေတာပါ။ ရွှေငါးလေးကို စားပွဲပေါ်တင်ပြီး “နှစ်သစ်ရောက်ပြီ ရာဇီယာလည်း ပျော်ရွှင်ရတော့မယ်” ဆိုတဲ့ ဆန္ဒကို ပြည့်ဖို့အတွက် ရာဇီယာ ကြိုးစားခဲ့တာ။
တစ်နိုင်ငံတည်း၊ တစ်မြို့တည်း၊ တစ်နှစ်သစ်တည်းမှာတောင် လူတိုင်းရဲ့ “ပျော်ရွှင်ခွင့်” က တူညီမနေဘူး ဆိုတာကို ဇာတ်ကောင်တွေအမျိုးမျိုး နဲ့ ပနာဟီက ပြခဲ့တာပါ။ ဒါဟာ နှစ်သစ်ကူးချိန်ကို ဇာတ်ကားရဲ့ နောက်ခံအဖြစ်သုံးထားတဲ့ သူ့ရဲ့ရည်ရွယ်ချက်လို့ပဲ မြင်ရပါတယ်။
မျှော်လင့်နေတာ အောင်မြင်သွားရင် ဇာတ်ကားအပြီးမှာ ဝမ်းသာရမယ်လို့ ထင်ခဲ့ရတာ ဒီကားမှာတော့ မဟုတ်ဘူးဖြစ်သွားပါတယ်။ ကင်မရာက ရာဇီယာကနေ ပူဖောင်းရောင်းတဲ့ အာဖဂန်ကလေးဆီ ချက်ချင်းလှည့်သွားတယ်။ ပရိဿတ်က ရွှေငါးဖန်ချိုင့်လေးကိုင်ပြီး ပြေးသွားတဲ့ ရာဇီယာနောက် ကို ပြေးလိုက်သွားရမှာလား၊ ရောင်းမကုန်လို့ကျန်နေသေးတဲ့ ပူဖောင်းအဖြူရောင်လေးကိုင်ပြီး လမ်းပေါ်မှာ တယောက်ထဲ ကျန်ခဲ့တဲ့ ပူဖောင်းသည်ကလေးနားမှာပဲ ရပ်ကျန်ပေးခဲ့ရမှာလား။ အဲဒီကင်မရာ ရွှေ့ပြောင်းလိုက်တာဟာ ဇာတ်လမ်းရဲ့ အဓိကအချက်ပါ။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှု ပြည့်စုံသွားတဲ့အချိန်မှာ အခြားသူတစ်ယောက်ရဲ့ မပြည့်စုံသေးတဲ့ဘဝကို ငါတို့ မြင်နိုင်ကြပါရဲ့လား။ “အခု ကြည့်နေတဲ့ ကလေးမလေးရဲ့ ဇာတ်လမ်း ပြီးသွားပြီ။ ဒါပေမယ့် ဒီ တဟီရန်မြို့ထဲမှာ အခြားကလေးတွေရဲ့ ဇာတ်လမ်းတွေက ဆက်ရှိနေတုန်းပဲ။” ဒါဟာ ပရိဿတ်တွေကို ပနာဟီပြောချင်တဲ့ message။
ဒီကွာခြားမှုက ပရိသတ်ကို စိတ်မကောင်းဖြစ်စေပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာလို့ပဲ မြင်လိုက်ရင် တဝက်ပဲ မှန်မှာပါ။ တစ်ဖက်မှာတော့ အဲဒီကလေးဟာ ရာဇီယာတို့ကို ကူညီပေးနိုင်ခဲ့တယ်။ သူ့မှာလည်း ကြင်နာမှုနဲ့ လူသားဆန်မှု ရှိနေပါတယ်။ဒါကြောင့် အဆုံးသတ်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ပြသပေမယ့် လူသားတွေရဲ့ ကြင်နာနိုင်စွမ်းကို လုံးဝပျောက်ကွယ်သွားအောင် မလုပ်ထားပါဘူး။ လူသားတွေရဲ့ ကြင်နာနိုင်စွမ်းဟာ ချမ်းသာမှ၊ အဆင်ပြေမှ ရလာတာမဟုတ်ဘဲ ကိုယ်တိုင်ဒုက္ခရှိနေချိန်မှာတောင် ပေါ်ထွက်နိုင်တယ် ဆိုတာကို ပနာဟီပြခဲ့တယ်။မြန်မာနိုင်ငံမှာလည်း ကိုယ်တိုင်က ခက်ခဲ ဒုက္ခတွေကြားထဲမှာ၊ ကိုယ်လည်းမပြည့်စုံပေမယ့် သူ့အတွက် တခုခု လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်တွေဟာ ပနာဟီပြသွားတဲ့အတိုင်းပဲ မဟုတ်လား။ မြန်မာလူမှုဘဝ မှာလည်း “ဒုက္ခထဲက ကြင်နာမှု” ရှိနေတာပဲ မဟုတ်လား။
ရိုးရှင်းမှုထဲကနေ လူသားဆန်မှုကို ထုတ်ဖော်ပြသနိုင်ခြင်း က ဒီကားရဲ့ အကောင်းဆုံးပါ။ အဆုံးသတ်ရဲ့ အလှတရားက ဝမ်းနည်းမှုနဲ့ မျှော်လင့်ချက်ကို တစ်ပြိုင်နက်တည်း ထားပေးထားခြင်းပါပဲ။


















































