အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
အီရန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က စက်တင်ဘာ ၈ ရက် ညပိုင်းမှာ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရေနံတင် သင်္ဘော ၄ စီးကို အိုမန်ပင်လယ်ကွေ့မှာ၊ နောက်ထပ် ၁ စီးကိုတော့ အီရန်ရဲ့ ခါ့ဂ်ကျွန်းနား ရေပြင်မှာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ခါ့ဂ်ကျွန်းဟာ အီရန်ရဲ့ ရေနံတင်ပို့မှုတွေမှာ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေး ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် ရေနံတင် သင်္ဘောတွေဟာ ဆက်ပြီး အသုံးပြုလို့ မရတဲ့ အခြေအနေမျိုး ထိခိုက်သွားကြောင်း၊ အခုလို တိုက်ခိုက်ရတာဟာ အမေရိကန် စစ်သင်္ဘော နှစ်စီးကို အီရန်က အစောပိုင်းမှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ကြောင်း CENTCOMက ဆိုပါတယ်။
အဲဒီနောက်မှာတော့ IRGCက ဂျော်ဒန်မှာရှိတဲ့ အမေရိကန် စစ်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဒန် စစ်တပ်ကတော့ အီရန်ရဲ့ ဒုံးကျည် အစင်း ၂၀ ထဲက ၁၈ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။ ကျန်တဲ့ ၂ စင်းကတော့ လူနေကျဲပါးရာ ဒေသတွေကို ကျဆင်းခဲ့တယ်လို့ ဂျော်ဒန်စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အီရန်တို့ဟာ တစ်လလောက်ကြာအောင် တိုက်ခိုက်မှုတွေ ရပ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး နေ့စဉ်လိုလို အပြန်အလှန် ပစ်ခတ်မှုတွေ ပြန်စလာနေပါတယ်။
IRGCက အီရန်ရဲ့ လက်တုံ့ပြန်မှုတွေဟာ အခုလောက်နဲ့ ရပ်တန့်မှာ မဟုတ်ကြောင်း ကြေညာခဲ့သလို ကူဝိတ်နဲ့ ဘာရိန်းမှာ ကမ်းကပ်ထားပြီး အမေရိကန်နဲ့ ဆက်စပ်တဲ့ လေယာဉ်တင် သင်္ဘောတွေလည်း အမြန်ဆုံး ထွက်ခွာသွားဖို့ သတိပေးခဲ့ပါတယ်။ ညွှန်ကြားချက်ကို မနာခံဘဲ ဆက်ပြီး ရှိနေမယ် ဆိုရင်တော့ အဲဒီသင်္ဘောတွေလည်း ပစ်မှတ်ထားခြင်းကို ခံရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။
အစောပိုင်း ဖြစ်စဉ်မှာတော့ အီရန်ဟာ ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး အမေရိကန် စစ်သင်္ဘောတွေကို ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ခဲ့ပြီး အကြိမ်တိုင်းမှာ ရေတပ်က အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်ခဲ့ကြောင်း CENTCOMက ကြေညထားပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေမှာ ရေယာဉ်တွေ ထိခိုက်ပျက်စီးတာ၊ ရေတပ်သားတွေ ဒဏ်ရာရတာမျိုး မရှိခဲ့ပေမယ့် ကျိန်းသေပေါက် လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ပြီး အီရန် ရေနံတင် သင်္ဘောတွေကို ပစ်ခတ်ခဲ့တာလို့ CENTCOMက ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းက ဟောမုဇ် ရေလက်ကြားထဲမှာ အမေရိကန်ရဲ့ လူလိုက်ပါခြင်း မရှိတဲ့ ဒရုန်းရေငုပ်သင်္ဘော တစ်စီးကို သိမ်းဆည်း ရမိခဲ့ကြောင်းလည်း အီရန်က ထုတ်ပြန်ခဲ့ပါတယ်။ CENTCOM ပြောရေးဆိုခွင့်ရ အရာရှိ ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်ကတော့ အဲဒီဒရုန်းဟာ ပင်လယ်ပြင်မှာ စက်ချွတ်ယွင်းသွားခဲ့တာဖြစ်ပြီး ဒေသတွင်း ရေပြင်အခြေအနေကို လေ့လာတဲ့ သုတေသန ရေယာဉ်တစ်စီး ဖြစ်ကြောင်း ပြောပါတယ်။
ပြီးတော့ မော်ဒယ်ဟောင်း ဒရုန်းရေငုပ်သင်္ဘောထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ သိုလှောင် မှတ်တမ်းတင်ထားတာ မရှိသလို အမေရိကန် စစ်တပ်ရဲ့ လျှို့ဝှက်အဆင့် ဆိုနာနဲ့ ရေဒါကိရိယာတွေ တပ်ဆင်မထားကြောင်း ဟော့ကင်းစ်က မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: BBC


















































