ထွန်းညိုဦး/People’s Spring
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေသတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH တဲ့။တခြားတခြား အကောင့်တွေလည်း အများကြီး ရှိပါသေးတယ်။
အဲဒီဗိုလ်မှူးဆိုသူတွေက ဝန်ဆောင်မှုပေးပါတယ်တဲ့။ ဘာဝန်ဆောင်မှုလဲဆိုတော့ စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေကို ပြန်ထုတ်ပေးပါသတဲ့။ယုံကြည်မှ စကားလာပြောဆိုတာလည်း ပါ ပါသေးတယ်။
သူတို့အကောင့်တွေကို သွားကြည့်လိုက်ရင်တော့ တကယ့် စစ်တပ်က အရာရှိဗိုလ်မှူးတွေရဲ့အကောင့်အစစ်အတိုင်းထင်မှတ်ရလောက်အောင် ဖန်တီးထားကြပါတယ်။ စစ်မှုထမ်းသင်တန်းကျောင်းထဲက ဗီဒီယိုတွေ၊ စစ်မှုထမ်း လေ့ကျင့်ရေးဆင်းနေတဲ့ ဗီဒီယိုတွေ၊ စစ်မှုထမ်းဥပဒေအကြောင်း ရေးသားထားတာတွေကို ဝေဝေဆာဆာ တင်ထားတာ တွေ့ရပါလိမ့်မယ်။ “သင်တန်းတက်နေတုန်းဆိုရင် တစ်ပတ်အတွင်း ပြန်ထုတ်ပေးပါတယ်” လို့လည်း စည်းရုံးတတ်ကြပါတယ်။

Public Service Announcement
အဲဒီအကောင့်တွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ အရာရှိတွေရဲ့ TikTok အကောင့်တွေမှာ တင်ထားတဲ့ ယူနီဖောင်းဝတ် ဗီဒီယိုတွေ၊ ဌာနရုံးခန်းဗီဒီယိုတွေကို ဒေါင်းလုပ်လုပ်ပြီး ပြန်တင်ကြပါတယ်။ ဒါ့အပြင် စစ်မှုထမ်းပြီး ပြန်လာသူ တစ်ဦးတလေရဲ့ မိသားစုနဲ့အတူ ရိုက်ကူးပြီး တင်ထားတဲ့ ဗီဒီယိုဟောင်းတွေကိုလည်း ခိုးယူအသုံးပြုကြပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုလည်း ကျွမ်းကျင်သူတစ်ယောက်လို နှံ့စပ်ပုံစံမျိုး ရေးသားပြီး ဥပဒေအကိုးအကားတွေကိုပါ မကြာခဏ ထည့်သွင်းလေ့ရှိပါတယ်။
စစ်မှုထမ်းအဖြစ် အဖမ်းခံရတဲ့အဆင့်ကနေ စစ်သင်တန်းကျောင်းရောက်နေဆဲ အဆင့်ထိ ငွေနဲ့ပြန်ထုတ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ကျန်းမာရေးမကောင်းလို့ ဆေးကျတဲ့ကင်းလွတ်ခွင့်ပုံစံနဲ့ တရားဝင် ပြန်ထုတ်ပေးမယ်ဆိုပြီး လိမ်လည်ကြေညာကြတာ ဖြစ်ပါတယ်။
တကယ်တော့ အဲဒီအကောင့်တွေဟာ ပေါ်တာဆွဲခံရလို့ စိုးရိမ်ပူပန်နေကြတဲ့ မိသားစုဝင်တွေရဲ့ အခက်အခဲကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေရဲ့ လက်ချက်သာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အဲဒီလို လိမ်လည်ခံရသူတွေ အများအပြားရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ လိမ်လည်ဆုံးရှုံးသွားခဲ့ရသူတွေ ရှိနေတယ်လို့ သိရပါတယ်။
တကယ်တမ်းမှာလည်း စစ်မှုထမ်းပေါ်တာဆွဲခံရလို့မိသားစုတွေအနေနဲ့ နီးစပ်ရာအဆက်အသွယ်တွေ၊ ငွေကြေးအမြောက်အမြားအသုံးပြုပြီး ပြန်ရွေးတဲ့ ဖြစ်စဉ်ဆိုးကြီးတွေက မြေပြင်မှာ အမှန်တကယ် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။အဲဒီလိုနာကျင်စရာကောင်းတဲ့ လက်တွေ့ဖြစ်ရပ်တွေကို အခွင့်ကောင်းယူပြီး စစ်မှုထမ်း မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုကို ငွေရှာလမ်းအဖြစ် အသုံးချကာ TikTok ပေါ်ကနေ တစ်ဆင့် လိမ်လည်လှည့်ဖြားမှုတွေ ပိုမိုကြီးထွားလာနေပြီ ဖြစ်ပါတယ်။
နောက်တစ်ခုက မိမိ မိသားစုဝင်တစ်ယောက် ပေါ်တာဆွဲခံရလို့၊ ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်တွေပေါ် တင်တဲ့အခါ မိသားစုဆီဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေပါ တင်တတ်ကြပါတယ်။ အဲဒီအချိန်မှာမသမာသူတွေက ဆက်သွယ်ငွေညှစ်တာတွေ ကြုံရပါတော့တယ်။
TikTok၊ Facebook စတဲ့ လူမှုကွန်ရက်တွေပေါ်ကနေဖြစ်ဖြစ်၊ ပျောက်ဆုံးနေတဲ့ ကိုယ့်မိသားစုဝင် ပြန်တွေ့ပြီဆိုပြိး ဆက်သွယ်ရင်ဖြစ်ဖြစ် ငွေကြေးယူပြီး စစ်မှုထမ်းသင်တန်းကျောင်းထဲကနေ လူထုတ်ပေးမယ်၊ ဆေးကျခွင့်တင်ပေးမယ်ဆိုတဲ့ ဘယ်လိုအကောင့်၊ ဘယ်လိုပုဂ္ဂိုလ်ရဲ့ စကားကိုမှ လုံးဝမယုံကြည်ဖို့ လိုပါတယ်။ ၎င်းတို့ဟာ ငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေ သက်သက်သာ ဖြစ်ပါတယ်။
လိမ်လည်သူတွေဟာ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုကို အသုံးချပြီး ငွေကြေးကို KPay၊ Wave Money ဒါမှမဟုတ် ဘဏ်အကောင့်တွေကတစ်ဆင့် ကြိုတင်လွှဲခိုင်းတတ်ပါတယ်။ လူကိုယ်တိုင် သေချာမတွေ့ရဘဲ ဘယ်တော့မှ ငွေကြေးလွှဲပြောင်းပေးအပ်တာမျိုး လုံးဝ မပြုလုပ်သင့်ပါဘူး။
ပေါ်တာဆွဲခံရသူရဲ့ အချက်အလက်တွေ၊ မိသားစုရဲ့ ဖုန်းနံပါတ်၊နေရပ်လိပ်စာနဲ့ အကျပ်အတည်းဖြစ်နေတဲ့ အခြေအနေတွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူ မတင်ပြမိဖို့ သတိပြုရပါမယ်။ အဲဒီအချက်အလက်တွေကို လိမ်လည်သူတွေက နောက်ထပ် ခြိမ်းခြောက်ငွေတောင်းဖို့အတွက် ပြန်လည်အသုံးချတတ်ကြပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ မိသားစုတွေရဲ့ နာကျင်မှုကို အခွင့်ကောင်းယူပြီး ထပ်မံသွေးစုပ်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေအပေါ် ပြည်သူတစ်ဦးချင်းစီက အထူးသတိပြုဆင်ခြင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

















































