AK ရေးသားသည်။
“You can’t have fun with people’s blood.”
လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး။
ဒီစကားကို ပြောခဲ့သူက Daham Alassad ဆိုတဲ့ ဆီးရီးယားလူမျိုး ရုပ်သံမှတ်တမ်းရုပ်ရှင်ဖန်တီးသူ တစ်ယောက်ပါ။

Public Service Announcement
Daham ဟာ ဆီးရီးယားနိုင်ငံ Homs ပြည်နယ်ကရှေးဟောင်းမြို့ Palmyra အနီးမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။သူ့မိသားစုဟာလည်းစစ်မဖြစ်ခင်ကခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ခဲ့ကြပြီး Daham ကိုယ်တိုင် ခရီးသွားဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။၂၀၁၁ ခုနှစ်နောက်ပိုင်းဆီးရီးယားအရေးအခင်းကစစ်ပွဲအဖြစ်ပြောင်းလဲသွားချိန်မှာသူလည်းနိုင်ငံကနေထွက်ပြေးခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ကိုယ့်မွေးရပ်မြေကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ပြန်မသွားနိုင်သေးတဲ့အချိန်မှာ နိုင်ငံခြားက ခရီးသွားဘလော်ဂါတွေက ဆီးရီးယား အာဏာရှင်အစိုးရရဲ့ လုံခြုံရေးခွင့်ပြုချက်နဲ့ ဗီဇာယူပြီး Damascus, Homs, Aleppo, Palmyra စတဲ့ နေရာတွေကို သွားရောက်ရိုက်ကူးနေကြတာကို သူမြင်ခဲ့ရပါတယ်။
သူ့အတွက် ဒီကိစ္စက “နိုင်ငံခြားသားတွေ ဆီးရီးယားကို ခရီးလာတာ မကြိုက်ဘူး” ဆိုတဲ့ ရိုးရိုးခံစားချက်မျိုး မဟုတ်ပါဘူး။
သူတို့ကကင်မရာကိုင်ပြီးလမ်းလျှောက်နေတဲ့ နေရာတချို့ဟာ သူ့သူငယ်ချင်းတွေ ဖမ်းဆီးခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။လူတွေသတ်ဖြတ်ခံခဲ့ရတဲ့ လမ်းတွေ ဖြစ်နိုင်တယ်။
ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရတဲ့ နေရာတွေ ဖြစ်နိုင်တယ်။
သူ့အတွက်နာကျင်မှုနဲ့ စိတ်ဒဏ်ရာချိတ်ဆက်နေတဲ့နေရာတွေကို တခြားသူတစ်ယောက်က ခရီးသွားဗီဒီယိုရဲ့ နောက်ခံပုံလို သုံးနေတာကို မြင်ရတဲ့အခါ Daham က-
“These vloggers are just some kids playing in the blood of Syrians.”
“ဒီဘလော်ဂါတွေက ဆီးရီးယားပြည်သူတွေရဲ့ သွေးပေါ်မှာ ကစားနေတဲ့ ကလေးတွေလိုပဲ”လို့ ပြောခဲ့ပါတယ်။
နောက်ထပ် “ဆီးရီးယားကို ပျော်ဖို့ လာတာပါ၊ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး” ဆိုတဲ့ သဘောမျိုး ပြောကြတဲ့ ခရီးသွားဘလော်ဂါတွေအပေါ်လည်း Daham က-
“They say they are going to Syria for fun, you can’t have fun with people’s blood.”လို့ တုံ့ပြန်ခဲ့ပါတယ်။
အဓိပ္ပာယ်က-
“သူတို့က ဆီးရီးယားကို ပျော်ဖို့ လာတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရဘူး”ဆိုတာပါ။
ဒီစကားတွေကို Syria Direct သတင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ် ၁၆ ရက်မှာ ထုတ်ဝေခဲ့တဲ့ “Syrians in exile respond to travel vloggers touring Syria”ဆိုတဲ့)ဆောင်းပါးထဲမှာဖော်ပြခဲ့ပါတယ်။အဲဒီဆောင်းပါးမှာကိုယ့်နိုင်ငံကိုကိုယ်ပြန်မဝင်နိုင်သေးတဲ့ပြည်ပရောက်ဆီးရီးယားနိုင်ငံသားတွေက“ဆီးရီးယားဟာလုံခြုံပြီးပုံမှန်ပါပဲ”လို့ ပြသနေတဲ့ နိုင်ငံခြားခရီးသွားဘလော်ဂါတွေအပေါ် ဘယ်လိုခံစားကြသလဲဆိုတာစုစည်းဖော်ပြထားပါတယ်။
ဒီနေရာမှာ အရေးကြီးဆုံး မေးခွန်းတစ်ခု ပေါ်လာပါတယ်။ခရီးသွားတစ်ယောက် မြင်ရတဲ့ နိုင်ငံနဲ့ အဲဒီနိုင်ငံသားတစ်ယောက် နေထိုင်နေရတဲ့ နိုင်ငံဟာတစ်နိုင်ငံတည်းပဲလား။
နေရာတစ်ခုတည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အတွေ့အကြုံကတော့တူချင်မှတူပါလိမ့်မယ်။နိုင်ငံခြားသား ခရီးသွားတစ်ယောက်အတွက် လမ်းတစ်လမ်းက လှပတဲ့ နောက်ခံပုံ ဖြစ်နိုင်တယ်။နိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီလမ်းဟာ သူ့မိတ်ဆွေ ဖမ်းဆီးခံခဲ့ရတဲ့နေရာ၊ သူ့မိသားစုဝင် သေဆုံးခဲ့ရတဲ့နေရာ၊ သူကိုယ်တိုင် ပြန်မလျှောက်ရဲတော့တဲ့နေရာ ဖြစ်နေနိုင်ပါတယ်။
ခရီးသွားတစ်ယောက်အတွက်စည်းကမ်းတစ်ခုက“နည်းနည်းအဆင်မပြေဘူး”လောက်ဖြစ်နိုင်တယ်။ဒါပေမယ့် အဲဒီနိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီစည်းကမ်းက သူ့ဘဝရဲ့ ရွေးချယ်ခွင့်၊ သွားလာခွင့်၊ ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်ထားတဲ့ စနစ်တစ်ခု ဖြစ်နေနိုင်ပါတယ်။
အဲဒါကြောင့်ခရီးသွားတစ်ယောက်ရဲ့ အတွေ့အကြုံဟာ နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။အထူးသဖြင့် အာဏာရှင်စနစ်၊ စစ်ပွဲ၊ လူ့အခွင့်အရေးဖိနှိပ်မှုတွေ ရှိနေတဲ့ နိုင်ငံတွေကို သွားတဲ့အခါ ဒီကွာခြားချက်ကို ပိုသတိထားဖို့ လိုပါတယ်။
ခရီးသွားတစ်ယောက်က အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဝင်လာတယ်။ သူ့ကို နိုင်ငံခြားဧည့်သည်အဖြစ် ဆက်ဆံနိုင်တယ်။ မကြိုက်ရင် ထွက်သွားနိုင်တယ်။ အန္တရာယ်ရှိလာရင် သံရုံး၊ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်ဆိုတဲ့ ထွက်ပေါက်တွေ ရှိနိုင်တယ်။နိုင်ငံသားတစ်ယောက်အတွက်တော့ အဲဒီထွက်ပေါက်တွေ မရှိနိုင်ပါဘူး။
ဒါကြောင့် ကိုယ်ခရီးသွားစဉ် မြင်တွေ့ခဲ့တဲ့ “အေးချမ်းမှု”၊ “လုံခြုံမှု”၊ “ပေါ့ပေါ့ပါးပါးဖြစ်မှု” ကို အဲဒီနိုင်ငံတစ်နိုင်ငံလုံးရဲ့အမှန်တရားလိုပြောလိုက်တာဟာအလွန်သတိထားရမယ့် ကိစ္စပါ။
ဒီနေ့ခေတ်မှာခရီးသွားခြင်းဟာကိုယ်ပိုင်တွေ့အကြုံတစ်ခုတည်းမဟုတ်တော့ပါဘူး။ ခရီးသွားအတွေ့အကြုံကို ဗီဒီယို၊ ဓာတ်ပုံ၊ စာသားအဖြစ် ပြောင်းလဲပြီးကြည့်ရှုသူများလာအောင်၊လူသိများလာအောင်၊ကြော်ငြာဝင်ငွေ၊ ပံ့ပိုးမှု၊ စီးပွားရေးအကျိုးအမြတ် ရအောင် ဖန်တီးတဲ့ အကြောင်းအရာတစ်မျိုးလည်း ဖြစ်လာပါတယ်။
ပြဿနာက ခရီးသွားအကြောင်းအရာ ဖန်တီးတာကိုယ်တိုင် မဟုတ်ပါဘူး။ပြဿနာက ကိုယ်ရောက်သွားတဲ့ နိုင်ငံရဲ့ နာကျင်မှုတွေကို နောက်ခံပုံတစ်ခုလို အသုံးချပြီး၊ အဲဒီနိုင်ငံသားတွေရဲ့ အတွေ့အကြုံကို လျစ်လျူရှုလိုက်တဲ့အခါ စတင်ပါတယ်။
အာဏာရှင်စနစ်အောက်မှာ နေထိုင်ရတဲ့ နိုင်ငံတစ်ခုကို သွားပြီး-
“ထင်သလောက် မဆိုးပါဘူး”
“ဒီမှာတော့ အေးအေးဆေးဆေးပါပဲ”
“သတင်းတွေမှာ ပြောသလို မဟုတ်ပါဘူး”
“လူတွေ ပျော်ပျော်ရွှင်ရွှင် နေနေကြတာပါပဲ”
ဆိုတဲ့ သတင်းစကားမျိုး ပေးလိုက်တာဟာ ခရီးသွားသူအနေနဲ့ ကိုယ့်အတွေ့အကြုံကို ပြောတာလောက်ပဲလို့ ထင်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီတိုင်းပြည်မှာ နေထိုင်နေရသူတွေအတွက်တော့ အဲဒီစကားတွေဟာ သူတို့ရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ဖိနှိပ်ခံရမှုနဲ့ ဆုံးရှုံးမှုတွေကိုပေါ့ပါးသွားစေနိုင်ပါတယ်။အထူးသဖြင့်ကြည့်ရှုသူများလာဖို့၊လူစိတ်ဝင်စားစေမယ့် ခေါင်းစဉ်တပ်ဖို့၊ ပုံရိပ်ဆွဲဆောင်အောင်လုပ်ဖို့၊ “သတင်းမီဒီယာတွေ မပြတဲ့ အမှန်တရား” ဆိုတဲ့ပုံစံနဲ့ တင်ဆက်ဖို့ လူမှုကွန်ယက်စနစ်တွေက အားပေးတတ်ပါတယ်။
အဲဒီလိုတင်ဆက်မှုဟာ ရိုးရိုးခရီးသွားမှတ်တမ်းတစ်ခုကနေ-
“အပြင်မှာ ပြောနေသလောက် မဆိုးပါဘူး”
ဆိုတဲ့ နိုင်ငံရေးသတင်းစကားတစ်ခုအဖြစ် ပြောင်းသွားနိုင်ပါတယ်။ဖန်တီးသူကိုယ်တိုင်က အာဏာရှင်စနစ်ကို အားပေးဖို့ ရည်ရွယ်ထားစရာ မလိုပါဘူး။ရည်ရွယ်ချက်နဲ့ ထွက်လာတဲ့ သက်ရောက်မှုဟာ အမြဲတမ်း တူမနေပါဘူး။
စစ်ပွဲ၊ ဖိနှိပ်မှု၊ အာဏာရှင်စနစ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ နေရာတစ်ခုကို သွားပြီးအကြောင်းအရာဖန်တီးတဲ့အခါ အခြေအနေတစ်ခုလုံးရဲ့ နောက်ခံကို ဖယ်ထားလိုက်တာကိုယ်တိုင်ကလည်း ဘက်တစ်ဖက်ကိုရွေးပြီးပြသလိုက်တာမျိုးဖြစ်နိုင်ပါတယ်။
အာဏာရှင်စနစ်တစ်ခုအတွက်အကျိုးအရှိဆုံး ဝါဒဖြန့်မှုဟာ အမြဲတမ်း အစိုးရကြေညာချက်၊ နိုင်ငံပိုင်ရုပ်သံ၊ စစ်တပ်ကြော်ငြာလိုတိုက်ရိုက်ဝါဒဖြန့်မှုမျိုးပဲ ဖြစ်နေဖို့မလိုပါဘူး။
တစ်ခါတလေ-
“ဒီမှာတော့ ပုံမှန်ပါပဲ”
“လူတွေ ပျော်နေကြတာပဲ”
“သတင်းတွေက လွန်လွန်းတာပါ”
ဆိုတဲ့အပြစ်ကင်းပုံရတဲ့ ခရီးသွားအကြောင်အရာတွေကပဲ အဲဒီစနစ်ကိုသာမန်အခြေအနေတစ်ခုလိုမြင်သွားစေနိုင်ပါတယ်။
ဒါကြောင့် အကြောင်းအရာဖန်တီးသူတစ်ယောက်အနေနဲ့ “ကိုယ်မြင်တာကို ပြောတာပဲ” ဆိုတာနဲ့ မပြီးသေးပါဘူး။ကိုယ်မမြင်ရတဲ့အရာတွေ ရှိနိုင်တယ်။ကိုယ်နဲ့ စကားမပြောရဲတဲ့လူတွေ ရှိနိုင်တယ်။ကိုယ်သွားခွင့်ရတဲ့နေရာတွေ ရှိသလို ကိုယ်မသွားခွင့်ရတဲ့နေရာတွေလည်း ရှိနိုင်တယ်။
ကိုယ်လုံခြုံနေတာက နိုင်ငံလုံခြုံလို့ မဟုတ်ဘဲ ကိုယ်က နိုင်ငံခြားသားဖြစ်နေလို့လည်း ဖြစ်နိုင်တယ်။ကိုယ့်အကြောင်းအရာကို အဲဒီနိုင်ငံသားတစ်ယောက် ဖတ်မယ်၊ ကြည့်မယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်။
အထူးသဖြင့် ဝင်ငွေရအောင် ဖန်တီးထားတဲ့ အကြောင်းအရာဆိုရင် ဒီကျင့်ဝတ်ဆိုင်ရာ တာဝန်က ပိုကြီးလာပါတယ်။ခရီးသွားအကြောင်းအရာ ဖန်တီးလို့ ရပါတယ်။အဲဒီအကြောင်းအရာကနေ ဝင်ငွေရှာလို့လည်း ရပါတယ်။
ဒါပေမယ့်ကိုယ့်ကြည့်ရှုသူအရေအတွက်၊ နာမည်ကျော်ကြားမှုနဲ့ ဝင်ငွေအတွက် တခြားသူတွေရဲ့ နာကျင်မှုကို မဖျောက်သင့်ပါဘူး။
တစ်နေ့မှာ အခု အသံမထွက်နိုင်သေးတဲ့ နိုင်ငံသားတွေ ကိုယ်တိုင် လွတ်လပ်စွာ ပြောနိုင်တဲ့အချိန် ရောက်လာနိုင်ပါတယ်။
အဲဒီနေ့မှာ သူတို့ရဲ့ သက်သေခံချက်တွေက တစ်ချိန်က “အဲ့လောက်ကြီး မဆိုးပါဘူး” လို့ ပြောခဲ့တဲ့ ခရီးသွားအကြောင်းအရာတွေနဲ့ ဆန့်ကျင်နေနိုင်ပါတယ်။ဒါကြောင့်အာဏာရှင်စနစ်အောက်က နိုင်ငံတွေ၊ စစ်ပွဲဖြတ်သန်းနေတဲ့ နိုင်ငံတွေ၊ လူ့အခွင့်အရေးဖိနှိပ်မှု ပြင်းထန်တဲ့နေရာတွေကို ခရီးသွားပြီး အကြောင်းအရာ ဖန်တီးတဲ့အခါကိုယ်မြင်တဲ့အရာကို ပြောလို့ရပါတယ်။
ဒါပေမယ့် ကိုယ်မမြင်ရတဲ့ နာကျင်မှုတွေ မရှိဘူးလို့တော့မပြောသင့်ပါဘူး။ခရီးသွားတစ်ယောက်ရဲ့ အတွေ့အကြုံဟာ နိုင်ငံသားတစ်ယောက်ရဲ့ အတွေ့အကြုံ မဟုတ်ပါဘူး။ကိုယ်မြင်ရတာဟာ အမှန်တရားတစ်ခုလုံး မဟုတ်ပါဘူး။
ဝင်ငွေရှာဖို့ လိုအပ်တာက အခြေအနေအပြည့်အစုံကို ဖယ်ထားခွင့် မပေးပါဘူး။
Syria Direct က ဖော်ပြခဲ့တဲ့ ဆီးရီးယားပြည်သူတွေရဲ့အသံကို အဲဒီအတွက်ပဲ ပြန်အမှတ်ရစေချင်ပါတယ်။ခရီးသွားအကြောင်းအရာဟာ လူတစ်ယောက်ရဲ့ စွန့်စားခန်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အဲဒီအကြောင်းအရာအောက်မှာ တစ်နိုင်ငံလုံးရဲ့ နာကျင်မှုကို ဖုံးမထားသင့်ပါဘူး။ပြီးတော့ Daham ပြောသလို-
လူတွေရဲ့ သွေးပေါ်မှာ အပျော်ခရီးထွက်လို့ မရပါဘူး။ ။
ကိုးကား-Syria Direct
မူးရင်း – Syrians in exile respond to travel vloggers touring Syria: “They are just some kids playing in the blood of Syrians” (16 August 2022)


















































