အောက်တိုဘာ – ၁၆ ၊၂၀၂၆၊နိုင်ပကောင်း/People’s Spring
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘုရားသုံးဆူ-ခလယ်တံခွန်တိုင်-မုဒုံ ကားလမ်းပိုင်းပေါ်မှာတည်ရှိပြီး KNU တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်အုပ်ချုပ်နယ်မြေထဲက ဇီးဖြူကုန်းဘုရားဆီ တပ်အပြောင်းအလဲလုပ်ဖို့ အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက စစ်ကြောင်းထိုးခဲ့တာပါ။
ဇီးဖြူကုန်းဘုရားဟာ ခလယ်ကျေးရွာအတွင်းရှိ တောင်ကုန်းအမြင့်တစ်ခုပေါ်မှာ တည်ရှိတာဖြစ်ပြီး အာဏာသိမ်းကာလနောက်ပိုင်း တံခွန်တိုင်ကျေးရွာရှိ နယ်မြေရဲစခန်းကို KNU ပူးပေါင်းတပ်က မကြာခဏဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
ဒါကြောင့် အဲဒီနယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့စစ်သားတွေဟာ ချောင်းတစ်ခုသာခြားတဲ့ ဇီးဖြူကုန်းဘုရားဆီ ပြောင်းရွှေ့တပ်စွဲခဲ့ကြပါတယ်။
စစ်တပ်က ဒီလိုပြောင်းရွှေ့တပ်စွဲနေထိုင်တာကြောင့် ဇီးဖြူကုန်းဘုရားပေါ်က ဘုန်းကြီးတွေ ဟာ အခြားနေရာတွေမှာ ပြောင်းရွှေ့သီတင်းသုံးနေထိုင်ခဲ့ရတယ်လို့သိရပါတယ်။
စစ်တပ် တပ်စွဲနေထိုင်တဲ့ ဇီးဖြူကုန်းဟာ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုနယ်မြေထဲမှာ အချက်အချာကျတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။
ဇီးဖြူကုန်းမှာ ခံစစ်အသေအချာပြင်ဆင်အခြေချတပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေဆီ စစ်တပ်က နှစ်စဉ်ရိက္ခာနဲ့ တပ်အင်အားအပြောင်းအရွှေ့ ပြုလုပ်လေ့ရှိပြီး ဒီလိုတပ်အပြောင်းအလဲအရွှေ့ ပြုလုပ်တိုင်းမှာ နယ်မြေခံ KNU တပ်ဖြစ်တဲ့ KNLA တပ်မဟာ(၆)၊ တပ်ရင်း(၁၆)နဲ့ ထိတွေ့တိုက်ပွဲတွေ အမြဲဖြစ်ပွားလျက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာလ ၁၂ ရက်မှာတော့ တပ်အပြောင်းအရွှေ့လုပ်ဖို့အတွက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ အမှတ်(၃၁၈)အမြောက်တပ်ရင်းကနေ စစ်ကြောင်းခွဲဖြန့်ကာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ရွာထဲကို တိုးဝင်ရောက်လာခဲ့တာပါ။
ပုလိန်ရွာထဲ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU တပ်ရင်း(၁၆)တို့ ထိတွေ့တိုက်ပွဲ နှစ်ရက်ဆက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို လေကြောင်းနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
နှစ်ရက်ဆက်ဖြစ်ပွားခဲ့တဲ့ ပုလိန်ရွာတိုက်ပွဲမှာ စစ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းဗုံးသီးတချို့ KNLA တပ်က သိမ်းဆည်းရရှိခဲ့သလို အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က အသိပေးပါတယ်။
KNU ဘက်က ထုတ်ပြန်လာတဲ့ ပုံတွေအရ စစ်တပ်ရဲ့ဘက်တံဆိပ်ဟာ မွန်ပြည်နယ်၊မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်ဖြစ်ပြီး ပုလိန်ရွာတိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားအလောင်းတစ်လောင်းကျန်ခဲ့တာတွေ့ရပါတယ်။
ဒေသတွင်းသတင်းရင်းမြစ်ရဲ့ အဆိုအရ စစ်တပ်ဟာ စစ်ကြောင်းနှစ်ကြောင်းထက်မနည်း တိုးဝင်လာတာဖြစ်ပြီး တိုက်ပွဲမှာ ထိခိုက်မှုရှိတာကြောင့် ရှေမတိုးနိုင်ဘဲ ပုလိန်ရွာကနေတစ်ဆင့် ကရင်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ငြိမ်းချမ်းမြိုင်ဘုရားဘက် အောက်တိုဘာ ၁၄ ရက်နေ့က ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
ကရင်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ ငြိမ်းချမ်းမြိုင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ အင်အားထပ်မံဖြည့်ဆည်းနေတယ်လို့ သိရပါတယ်။
















































