အောက်တိုဘာ ၁၆၊၂၀၂၆။ ထားမြတ်၊ ဟာနာဆန်/People’s Spring
မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းမှာ ရေစကြိုမြို့နယ်မြောက်ဘက် ကျေးရွာတွေကို အသေခံဒရုန်းတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂စီး၊ တိုက်လေယာဉ် ၂စီး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာ အဲဒီဒေသတွေမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာတာလို့လည်း ရဲဘော်ဝေကြီးက ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်အခြေအနေတွေကိုလည်း ရဲဘော်ဝေကြီးက လူမှုကွန်ရက်မှာ ဖော်ပြအသိပေးခဲ့ရာ လက်ပွေ့အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ပြည်သူ ၁၂ဦးခန့် သေဆုံးခဲ့ရတယ်လို့ ကနဦး သတင်းအသိပေးထားပါတယ်။
သေဆုံးထိခိုက် အရေအတွက် အသေးစိတ် အခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်တပ်ရဲ့ ရက်စက်စွာ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
“လက်ပွေ့အရွယ် ကလေးငယ်က ၇လ၊ ၈လလောက်ပဲရှိဦးမယ်။ ၁၀နှစ်ဝန်းကျင်ကလေးတစ်ယောက်လဲပါတယ်”လို့ ရေစကြိုပကအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အလားတူ ယခုအောက်တိုဘာမှာ မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ပြည်သူတွေထိခိုက်မှုတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အစုလိုက်၊ အပြုံလိုက်သေဆုံးမှုအနေနဲ့ အောက်တိုဘာ ၅ ရက်ကပဲ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောလုပ်နေတဲ့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ၃၀ ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
















































