— ကိုပါဝဲလ် ရေးသားသည်။
အမေရိကန်နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ (Midterm Elections) ကို နိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲလို့ဆိုပေမယ့် ဒီရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်း လေ့လာကြရအောင်ပါ။
● အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွေ (Midterm Elections) ဆိုတာ ဘာလဲ။
အမေရိကန်သမ္မတတစ်ဦးရဲ့ ၄ နှစ်သက်တမ်းရဲ့ ထက်ဝက်တိတိ (၂ နှစ်ပြည့်တဲ့အချိန်) မှာ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်ပါတယ်။ သမ္မတရွေးကောက်ပွဲကြီး မရှိတဲ့ ကြားကာလမှာ လုပ်တာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်တာပါ။ အမေရိကန်နိုင်ငံမှာ Midterm Elections ကို Midterm Curse (ကြားဖြတ်ကျိန်စာ) လို့လည်း ခေါ်ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲအများစု လုပ်တိုင်းမှာ သမ္မတရွေးကောက်ပွဲတုန်းက နေရာအများစု အနိုင်ရခဲ့တဲ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။ သမ္မတကို မကျေနပ်သူတွေ၊ ဒါမှမဟုတ် အတိုက်အခံတွေရဲ့ မဲဆွယ်စည်းရုံးမှု အားကောင်းလာတတ်တာကြောင့် ဖြစ်ပါတယ်။

Public Service Announcement
● ဘယ်အချိန်တွေမှာ လုပ်ရတာလဲ။
သမ္မတသစ်တစ်ဦး တက်လာပြီး ၂ နှစ်အကြာ၊ နိုဝင်ဘာလ ပထမပတ်ရဲ့ အင်္ဂါနေ့မှာ ကျင်းပပါတယ်။ ဥပမာအနေနဲ့ လက်ရှိ ၂၀၂၆ ခုဟာ အမေရိကန်သမ္မတသက်တမ်းရဲ့ နှစ်ဝက်ရောက်ရှိတဲ့ နှစ်ဖြစ်တာမို့ လာမယ့် နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၆ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
● လက်ရှိ လွှတ်တော်တွေမှာ ဘယ်သူတွေက အသာစီးရနေသလဲ။
လက်ရှိ အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) နှစ်ခုစလုံးကို သမ္မတထရန့်ရဲ့ ရီပက်ဘလစ်ကန်ပါတီက အသာစီးရနေပါတယ်။ အောက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၂၁၈ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာနဲ့ တစ်သီးပုဂ္ဂလိက ၁ နေရာ ဖြစ်ပါတယ်။ လစ်လပ်နေရာ ၂ နေရာ ရှိပါတယ်။ အထက်လွှတ်တော်မှာ ရီပက်ဘလစ်ကန်ပါတီက ၅၃ နေရာ၊ ဒီမိုကရက်တစ်ပါတီက ၄၅ နေရာနဲ့ တစ်သီးပုဂ္ဂလိက ၂ နေရာ ဖြစ်ပါတယ်။ (နေရာအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်)
● ဘာအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ရတာလဲ။
အမေရိကန်မှာ သမ္မတတစ်ဦးဟာ ရွေးကောက်တင်မြှောက်ခံရပြီးရင် သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရပါတယ်။ သက်တမ်း ၂ နှစ်ကြာလာတဲ့အခါ အုပ်ချုပ်ရေးမဏ္ဍိုင်မှာရှိတဲ့ သမ္မတကို ဒီမိုကရေစီနည်းအရ အပြန်အလှန် ထိန်းကျောင်းဖို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေကို ပြန်လည်ဖွဲ့စည်းဖို့ အခုလို ကြားဖြတ်ရွေးကောက်ပွဲ လုပ်တာဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး ဥပဒေပြုလွှတ်တော် ဖြစ်တဲ့ ကွန်ဂရက် (Congress) ရဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို ပြန်လည်ရွေးချယ်မှာပါ။
ကွန်ဂရက်ဆိုတာ မြန်မာနိုင်ငံမှာဆို ပြည်ထောင်စုလွှတ်တော်လိုမျိုးပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်ကို အောက်လွှတ်တော် (House of Representatives) နဲ့ အထက်လွှတ်တော် (Senate) တို့ နှစ်ခုပေါင်းပြီး ဖွဲ့စည်းထားတာပါ။
အောက်လွှတ်တော်ဟာ သက်တမ်း ၂ နှစ်ရှိပြီး ကိုယ်စားလှယ် ၄၃၅ နေရာ ရှိပါတယ်။ ပြည်နယ်တစ်ခုချင်းစီရဲ့ လူဦးရေအချိုးအစားအပေါ် မူတည်ပြီး ကိုယ်စားလှယ်နေရာ မတူပါဘူး။ လူဦးရေများတဲ့ ပြည်နယ်က ကိုယ်စားလှယ်နေရာပိုရပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၃၅ နေရာစလုံးကို ၂ နှစ်သက်တမ်းနဲ့ အသစ်ပြန်ရွေးကြပါတယ်။
အထက်လွှတ်တော်မှာ ကိုယ်စားလှယ် ၁၀၀ နေရာရှိပြီး ၆ နှစ်သက်တမ်း ထမ်းဆောင်ကြရတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၅၀ ရှိပြီး တစ်ပြည်နယ်ကို ၂ နေရာစီ အညီအမျှ ခွဲတမ်းရပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်မှာရှိတဲ့ ကိုယ်စားလှယ် ၁၀၀ နေရာရဲ့ သက်တမ်းတွေက မတူညီကြပါဘူး။ ကိုယ်စားလှယ်အားလုံးကို တစ်ပြိုင်နက် မကုန်ဆုံးစေရန် သက်တမ်းတွေကို အလှည့်ကျစနစ် (Staggered terms) နဲ့ ကျင့်သုံးတာကြောင့် အထက်လွှတ်တော်ရွေးကောက်ပွဲတိုင်းမှာ ၃ ပုံ ၁ ပုံခန့်သာ အလှည့်ကျ ပါဝင်ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အားလုံးရဲ့ ၃ ပုံ ၁ ပုံကျော် (ဒီနှစ်မှာဆိုရင် ၃၅ နေရာခန့်) ကို ရွေးချယ်ကြမှာပါ။
ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အချို့နဲ့ မြူနီစပယ်အရာရှိတွေ၊ မြို့နယ်နဲ့ ခရိုင်တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ပညာရေးမှူးတွေကိုလည်း ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုနဲ့တစ်ခုတော့ မတူညီကြပါဘူး။
● ကြားဖြတ်ရွေးကောက်ပွဲတွေက ဘာကြောင့် အရေးကြီးတာလဲ။
အမေရိကန်သမ္မတတစ်ဦးဟာ အာဏာကို အပြည့်အဝ ကိုင်တွယ်နိုင်ဖို့ လွှတ်တော်ရဲ့ ထောက်ခံမှု လိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတရဲ့ပါတီက လွှတ်တော်ရဲ့ နေရာအများစုကို ဆက်ထိန်းနိုင်မလား၊ ဒါမှမဟုတ် အတိုက်အခံပါတီက လွှတ်တော်နေရာ အများစုကို သိမ်းပိုက်ပြီး သမ္မတရဲ့ အလုပ်လုပ်ပုံတွေကို ဘရိတ်အုပ် (စစ်ဆေးကန့်သတ်) မလားဆိုတာကို ဒီရွေးကောက်ပွဲက အဆုံးအဖြတ်ပေးပါတယ်။ အတိုက်အခံတွေက လွှတ်တော်တစ်ရပ်ရပ်ကို အနိုင်ရသွားပြီဆိုရင် သမ္မတရဲ့ ဥပဒေကြမ်းတွေ၊ အစိုးရအဖွဲ့ဝင်နဲ့ တရားသူကြီး ခန့်အပ်မှုတွေကို အပြင်းအထန် ကန့်ကွက်ပိတ်ပင်နိုင်စွမ်း ရှိသွားပါတယ်။ ကာရန်မသင့်ရင် သမ္မတကိုတောင် အယုံအကြည်မရှိ အဆိုတင်ပြီး ဖြုတ်ချနိုင်ပါတယ်။
● လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိနိုင်လား။
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ၊ အကူအညီပေးရေးအစီအစဉ်တွေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတာမို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်အောက်လွှတ်တော် ဒါမှမဟုတ် အထက်လွှတ်တော်ရဲ့ အများစုနေရာကို ဒီမိုကရက်တစ်ပါတီက အသာစီးရသွားခဲ့ရင် မြန်မာနိုင်ငံအတွက် ဘတ်ဂျက်လျာထားမှုနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမယ့် ဥပဒေကြမ်းတွေ၊ တိုက်တွန်းမှုတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို ပိတ်ဆို့ဖို့ သမ္မတထရန့်ဦးဆောင်တဲ့ အမေရိကန်အစိုးရကို ပိုမိုတွန်းအားပေး လာနိုင်ပါတယ်။
အမေရိကန်ရဲ့ ပါတီကြီးနှစ်ခုလုံးဟာ မြန်မာအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တားဆီးဖို့ မူဝါဒတူညီကြပေမယ့် မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဟာဗျူဟာမြောက် နေရာဖြစ်တာမို့ အမေရိကန်ရဲ့ တောင်အာရှနှင့် အရှေ့တောင်အာရှ မူဝါဒမှာ မြန်မာ့အရေးကို ဘယ်လောက်အထိ ပြန်ပြီး အရေးပေးမလဲဆိုတာဟာ လွှတ်တော်အသစ်ရဲ့ အခင်းအကျင်းပေါ် မူတည်နေပါတယ်။
စစ်ဘေးရှောင်တွေ၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရခိုင် စတဲ့ဒေသတွေက ပြည်သူတွေအတွက် US Agency for International Development (USAID)၊ NED Burma Act အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု ဘတ်ဂျက်တွေဟာ အမေရိကန်လွှတ်တော်ကပဲ အတည်ပြုပေးရတာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခု နှစ်စပိုင်းကတည်းက USAID အဖွဲ့ဟာ သမ္မတထရန့်ရဲ့ အမိန့်ဖျက်သိမ်းခံခဲ့ရပြီး ကူညီထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကသာ လွှတ်တော်တွေမှာ နေရာအသာစီး ပြန်ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ပြန်ရကောင်း ရနိုင်ပါတယ်။ ဒါ့အပြင် ရပ်စဲထားတဲ့ ယာယီတရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် (Temporary Protected Status-TPS) တွေ၊ အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ပိတ်ထားတဲ့ ပြည်ဝင်ခွင့်တွေလည်း အပြောင်းအလဲရှိလာနိုင်ပါတယ်။
● ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် လက်ရှိ စစ်တမ်းတွေအရ ဘယ်ပါတီက အသာရနေလဲ။
အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကို အဓိကထား တင်ဆက်ပေးနေတဲ့ Decision Desk HQ နဲ့ Ballotpedia တို့ရဲ့ အောက်တိုဘာလဆန်း စစ်တမ်းစုစည်းမှု (Polling Averages) အရ ဒီမိုကရက်တစ်က ရီပက်ဘလစ်ကန်ထက် ၇/၈ ရာခိုင်နှုန်းလောက် အသာစီးရထားပါတယ်။ Fox News နဲ့ The Guardian သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုဟာ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိလာကာ ဒီမိုကရက်ပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ — The New York Times




















































