Connect with us

Hi, what are you looking for?

ဆောင်းပါး

ရွေးကောက်ပွဲ အရှုံးက ရီပတ်ဘလစ်ကန် ပါတီတွင်း အပြန်အလှန် ပြစ်တင်မှုတွေကို ယူဆောင်လာမှာလား

မျှော်လင့်ချက် ကြီးကြီးနဲ့ အစွမ်းကုန် ကြိုးစား ပြင်ဆင်ထားခဲ့ပေမယ့်လည်း အမေရိကန် သက်တမ်းဝက် (ကြားကာလ) ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်သွားခဲ့ပါပြီ။ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ရီပတ်ဘလစ်ကန် အမာခံ နယ်မြေတချို့မှာတောင် အောင်ပွဲတွေ ရယူပြီး အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည် ထိန်းချုပ်ခွင့် ရသွားခဲ့ပါတယ်။

မျှော်လင့်ချက် ကြီးကြီးနဲ့ အစွမ်းကုန် ကြိုးစား ပြင်ဆင်ထားခဲ့ပေမယ့်လည်း အမေရိကန် သက်တမ်းဝက် (ကြားကာလ) ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်သွားခဲ့ပါပြီ။ နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ရီပတ်ဘလစ်ကန် အမာခံ နယ်မြေတချို့မှာတောင် အောင်ပွဲတွေ ရယူပြီး အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည် ထိန်းချုပ်ခွင့် ရသွားခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီး ၂ ရက်အကြာ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ အဲဒီ ခါးသီးတဲ့ ရလဒ်နဲ့ ပတ်သက်လို့ ရီပတ်ဘလစ်ကန် ပါတီထဲမှာ အပြန်အလှန် ပြစ်တင်တာ၊ ဝေဖန်တာတွေကို စပြီး တွေ့မြင်လာရပါတယ်။ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘော်လီဘောပုတ်ကြ၊ လွှဲချကြတဲ့ ကိစ္စမျိုးကို နောက်ထပ် ရက်ပိုင်းလောက်ထိ တွေ့နေ မြင်နေရဦးမယ့် သဘောလည်း ရှိပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကတော့ အီရန်စစ်ပွဲကြောင့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်ခဲ့တာလို့ အတိအလင်း ဝေဖန်ခဲ့ပါတယ်။ အမေရိကန် လွှတ်တော်တွေကို ရီပတ်ဘလစ်ကန် ပါတီက ထိန်းချုပ်ထားနိုင်ခွင့်နဲ့ လဲရလောက်အောင် တန်ရဲ့လားလို့ပါ ဗန့်စ်က မေးခွန်း ထုတ်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ ဆုံးဖြတ်ချက်အရ စတင်ခဲ့တဲ့ အီရန်စစ်ပွဲရယ်၊ နောက်ဆက်တွဲ လောင်စာဆီ စျေးနှုန်း မြင့်တက်မှုတွေရယ်က ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်သွားစေခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ နောက်တစ်ကြိမ် အစက ရွေးချယ်ခွင့် ရှိရင်တောင်မှ တူညီတဲ့ ဆုံးဖြတ်ချက်ကိုပဲ ချလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။ လူတွေက သူ့ရဲ့ ရွေးချယ်မှုကို သဘောတူကြပေမယ့်လည်း ရေတို ကြုံတွေ့ရတဲ့ အကျပ်အတည်းလောက်ကို သည်းမခံချင်ကြဘူးလို့လည်း ထရမ့်က မဲဆန္ဒရှင်တွေကို အပြစ်တင်တဲ့ သဘောဆန်ဆန် မှတ်ချက်ပေးခဲ့ပါတယ်။

တကယ်တော့ ထရမ့်အပေါ် လူထုထောက်ခံမှုနဲ့ လူကြိုက်များမှုတွေ လျော့နည်းလာတယ် ဆိုတာက ရွေးကောက်ပွဲ မတိုင်ခင် လူထုအမြင် စစ်တမ်းတွေမှာ အထင်အရှား ညွှန်ပြနေခဲ့ပြီးသား အခြေအနေမျိုးပါ။ ဒါဟာ အီရန်စစ်ပွဲနဲ့ လောင်စာဆီ စျေးနှုန်း မြင့်တက်မှုတွေကြောင့်ချည်း သက်သက်တော့ မဟုတ်ပါဘူး။ ထရမ့်ရဲ့ မူဝါဒတွေက အမေရိကန်ရဲ့ စီးပွားရေးကို ပိုမို ကျပ်တည်းလာစေတယ်လို့ ယုံကြည်သူတွေ ရှိနေသလို လူဝင်မှု ကြီးကြပ်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ စိတ်ပျက်လာတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ အောက်တိုဘာ ၅ ရက်နေ့မှာတော့ ရီပတ်ဘလစ်ကန် ပါတီဝင် တချို့က သမ္မတ ထရမ့်ရဲ့ မူဝါဒတွေနဲ့ ခေါင်းဆောင်မှု ပုံစံတွေက ရွေးကောက်ပွဲ ရှုံးနိမ့်မှုရဲ့ အဓိက အကြောင်းတရားတွေအဖြစ် ထောက်ပြလာပြီး ဒီနည်းလမ်းတွေကို ပြောင်းပစ်သင့်ပြီလို့ ဝေဖန်လာကြပါတယ်။ ခက်တာက ထရမ့်ကတော့ သူ့နည်းလမ်းတွေကို ပြောင်းချင်တဲ့ ဆန္ဒရှိပုံ မပေါ်ပါဘူး။

Public Service Announcement

Public Service Announcement

၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော် နှစ်ရပ်စလုံးမှာ အနိုင်ရပြီး အိမ်ဖြူတော်ကိုပါ ထိန်းချုပ်ခွင့် ရခဲ့တာဟာ သူ့ကြောင့်လို့ ထရမ့်က ယူဆထားပုံ ပေါ်ပါတယ်။ တစ်နည်းအားဖြင့် ပါတီက စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ခွင့် ရခဲ့တာလို့ ထရမ့်က တွေးနေပါတယ်။ ဒီကိစ္စက မှားယွင်းနေတာတော့လည်း မဟုတ်ပါဘူး။ အကျိုးဆက်အဖြစ် ရီပတ်ဘလစ်ကန် ပါတီထဲမှာ ထရမ့်ကို ထိပ်တိုက် ရင်ဆိုင်ရဲတဲ့၊ အမှားထောက်ပြရဲတဲ့သူ အင်မတန် နည်းသွားပါတယ်။ သမ္မတကလည်း ထင်ရာတွေစိုင်းရင်း ခြေလွန်လက်လွန်တွေ ဖြစ်ကုန်တဲ့အခါ ပါတီရဲ့ ပုံရိပ်ကို ပြန်ထိခိုက်လာပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ ရွေးကောက်ပွဲ ရှုံးရတာ သူနဲ့ လားလားမှ မဆိုင်ဘူးလို့ ယုံကြည်နေဆဲ ဖြစ်ပုံပါပဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုရင် ‘တကယ်လို့သာ အခုရွေးကောက်ပွဲမှာ သူသာ ဝင်ပြိုင်လို့ ရမယ်ဆိုရင် ရီပတ်ဘလစ်ကန်တွေ အပြတ်အသတ် အနိုင်ရမယ်’လို့ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာပြီးချိန်မှာ ထရမ့်က အတိအလင်း ထုတ်ပြောခဲ့တာကြောင့်ပါပဲ။

ဘာပဲဖြစ်ဖြစ် အရင်က ထရမ့်ကို နှုတ်လှန်မထိုးရဲတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေဟာ အခုလို ခါးသီးတဲ့ အရှုံးနဲ့ ကြုံတွေ့ပြီးချိန်မှာတော့ သမ္မတရဲ့ မူဝါဒတွေ၊ ခေါင်းဆောင်မှု နည်းလမ်းတွေကို စပြီး ဝေဖန်လာ၊ မေးခွန်းထုတ်လာကြပါပြီ။ Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ ထရမ့်ရဲ့ ပါတီတွင်း မဟာမိတ်တွေ၊ မဟာဗျူဟာ ရေးဆွဲသူတွေက ထရမ့် အနေနဲ့ သူ့ရဲ့ အိမ်ဖြူတော် အတွင်းစည်း အရာရှိတွေကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲမှုတွေနဲ့ အသစ်ပြန်ဖွဲ့ဖို့၊ အုပ်ချုပ်ရေးပိုင်းမှာ စည်းကမ်းတင်းကျပ်ဖို့၊ ရွေးကောက်ပွဲ ရှုံးနိမ့်မှုရဲ့ အဓိက အကြောင်းရင်းတွေလို့ ယူဆရတဲ့ ကိစ္စတွေ၊ မူဝါဒတွေကို ပြန်သုံးသပ်ဖို့ ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကိုယ်တိုင် စိုးရိမ်နေတဲ့ ခေါင်းစဉ်တွေထဲမှာတော့ အီရန်စစ်ပွဲနဲ့ ထရမ့်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သွင်းကုန်အခွန် တိုးမြှင့်မှုတွေက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

ပါတီရဲ့ မဟာဗျူဟာ ရေးဆွဲသူ ဝါရင့် အကြံပေး ပညာရှင် ဂျွန်ဖီးဟာရီက သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်ဟာ ထရမ့်အတွက် ကပ်ဘေးကြီး တစ်ခုပဲလို့ ပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ အိမ်ဖြူတော်ထဲမှာ သူ့ကို ဝန်းရံနေတဲ့ သူတွေကို အကြီးအကျယ် ပြောင်းလဲ ခန့်အပ်ဖို့ လိုနေပြီဖြစ်ကြောင်း၊ အခုအတိုင်း ရှေ့ဆက်နေရင် သူ့ရဲ့ နိုင်ငံရေး ဩဇာက တစ်နေ့တခြား ကျဆင်းလာမှာဖြစ်ကြောင်း သူက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် ကိုယ်တိုင်ကတော့ အစောပိုင်းမှာ ပြောခဲ့သလိုပဲ ရွေးကောက်ပွဲ ရှုံးရတာ သူ့တာဝန်လို့ လုံးဝ ခံယူထားပုံ မရပါဘူး။ ရွေးကောက်ပွဲ ရလဒ်က အရှုံးဆိုတာ သေချာသွားပြီးတဲ့ အချိန်မှာလည်း ထရမ့်က ဒီကိစ္စက သူ့အတွက် ထိုးနှက်ချက် ဖြစ်မလာနိုင်ပါဘူးလို့ Fox သတင်းဌာနကို ပြောခဲ့ပါသေးတယ်။ အဲဒီအချိန် ပါတီထဲမှာတော့ ပွက်လောတွေ ရိုက်နေကုန်ပါပြီ။

လွှတ်တော် နှစ်ရပ်ကို ထိန်းချုပ်သွားနိုင်တဲ့အခါ ဒီမိုကရက်တစ် ပါတီဟာ ထရမ့်ရဲ့ ဥပဒေကြမ်းတွေကို တားဆီးနိုင်စွမ်း ရှိလာတဲ့အပြင် အစိုးရ အဖွဲ့ကို စုံစမ်းစစ်ဆေးတာတွေ၊ အရေးကြီးရာထူး ခန့်အပ်ဖို့ အဆိုပြု ခံရသူတွေကို ကန့်ကွက်တာတွေ လုပ်လာနိုင်တော့မှာပါ။ ဒီတော့ အရင်ကတည်းက သမ္မတ အာဏာကို တော်တော်လေး ခြေလွန်လက်လွန် သုံးနေကျဖြစ်တဲ့ ထရမ့်ဟာ လက်ကျန် သမ္မတ သက်တမ်း ၂ နှစ်မှာ သူ့ဖက်က မရှိတော့မယ့် လွှတ်တော်ရဲ့ သဘောတူညီချက်တွေကို မတောင်းခံဘဲ အာဏာကို ပိုသုံးလာမယ်လို့ ယုံကြည်ရပါတယ်။ အမေရိကန် သမ္မတဟာ အဲဒီလို ဗီတိုအာဏာမျိုးကို ပိုင်ဆိုင်ပါတယ်။

ထရမ့်မှာ ဒီလို လုပ်ပိုင်ခွင့် ရှိနေတဲ့တိုင်အောင် အမေရိကန်လို ဒီမိုကရေစီ ရှေ့ဆောင်နိုင်ငံမှာ သမ္မတ လွှတ်တော်ကို ဘောင်ကျော်တဲ့ ကိစ္စတွေ များလာရင် ကိုယ်စားပြု ပါတီအတွက် ဝန်ပိုပိလာမှာ ဖြစ်ပါတယ်။ ဒါက တစ်ဦးတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ထရမ့်ရဲ့ တစ်ဦးတည်း သဘောထားနဲ့ လုပ်ခဲ့သမျှ ဒဏ်တွေကို ၂၀၂၆ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီက အလူးအလဲ ခံစားခဲ့ရပြီးပါပြီ။ ရှေ့ဆက်ပြီး ဒီအတိုင်း သွားနေမယ်ဆိုရင် ၂၀၂၈ ရွေးကောက်ပွဲအတွက် မျှော်လင့်ပြင်ဆင်နေတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအတွက် အရမ်း စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်လည်း ၂၀၂၈ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတဲ့ ဗန့်စ်က အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ထရမ့်ရဲ့ ပုံရိပ်က ကြီးမားပြီး လက်ယာစွန်း ဝါဒီတွေအပေါ်မှာ အများကြီး လွှမ်းမိုးထားနိုင်တာကြောင့် သူနဲ့ ထိပ်တိုက်တွေ့ဖို့ ကိစ္စကို ရီပတ်ဘလစ်ကန် ပါတီဝင် အများစုက ရှောင်ခဲ့ကြပေမယ့် သူ့ကြောင့် ပါတီရဲ့ ဩဇာနဲ့ ပုံရိပ် ထိခိုက် ကျဆင်းလာပြီလို့ ယူဆလာရင်တော့ သဘောထား ကွဲလွဲတာတွေ၊ သူ့ကို ကျောခိုင်းသွားတာတွေ ပိုပြီး မြင်လာရနိုင်တယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေ ကိုယ်တိုင်က သုံးသပ်ထားပါတယ်။ အိမ်ဖြူတော်ထဲမှာလည်း ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြုပြီး ဝန်ထမ်း အပြောင်းအလဲတွေ၊ အစိုးရ အဖွဲ့ဝင် အပြောင်းအလဲတွေ ဖြစ်လာနိုင်သလို တချို့ အရာရှိကြီးတွေကလည်း လွှတ်တော်က ဆင့်ခေါ်ပြီး စုံစမ်းစစ်ဆေးမယ့် ကိစ္စတွေအတွက် ကြိုတင် ပြင်ဆင်နေကြပြီလို့ ဆိုပါတယ်။ အကြောင်းကတော့ ဒီမိုကရက်တစ် ပါတီဟာ လွှတ်တော်တွေရဲ့ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ကော်မတီ အသီးသီးကို ဦးဆောင်ခွင့် ရသွားတာနဲ့ အစိုးရ အရာရှိတွေ၊ ပြိုင်ဘက် ပါတီဝင်တွေထဲက အငြင်းပွားစရာ နောက်ကြောင်း ရှိသူတွေကို အဂတိ တိုက်ဖျက်ရေးလို ခေါင်းစဉ်တွေအောက်မှာ ပစ်မှတ်ထားလာနိုင်တာကြောင့်ပါပဲ။

ဇွန်လတုန်းက လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလစ်ကန် ပါတီဝင် မိုက်ခ်ဂျွန်ဆန်က ရန်ပုံငွေ အလှူရှင်တွေနဲ့ တွေ့ဆုံချိန်မှာ သတိပေးခဲ့တာ တစ်ခုရှိပါတယ်။ သက်တမ်းဝက် ရွေးကောက်ပွဲမှာသာ ဒီမိုကရက်တွေ အနိုင်ရသွားရင် အခန်းထဲမှာ ထိုင်နေသူ တစ်ဝက်လောက်က ဆင့်ခေါ် စစ်ဆေးတာတွေ ခံရလိမ့်မယ်လို့ သူက ပြောခဲ့တာပါ။ အခုတော့ ဂျွန်ဆန် စိုးရိမ်ထားတဲ့ ကိစ္စက တည့်တည့်ကြီး ဖြစ်လာပါပြီ။ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ အိမ်ဖြူတော်ထဲက နာမည်မဖော်တဲ့ သတင်းရင်းမြစ် တစ်ယောက်က တွေ့နေမြင်နေရတာက အားလျော့စရာတွေ ဖြစ်ကြောင်း၊ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကလည်း အောက်ဆုံးအဆင့်ထိ ထိုးကျနေကြောင်း Rueters သတင်းဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။

အိမ်ဖြူတော် အရာရှိ တစ်ယောက်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် တစ်လခွဲ ကတည်းက ကြိုတင် သုံးသပ်မှုတွေမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးသွားနိုင်တယ် ဆိုတာကို မှန်းဆထားသူတွေ ရှိခဲ့ကြောင်း ဆိုပါတယ်။ ဝါရင့် ပါတီဝင်တွေက အီရန် စစ်ပွဲကြောင့် နိုင်ငံရေးဖက်မှာ ထိခိုက်လာနိုင်တာတွေကို သေချာ ကြိုတင် သတိပေးခဲ့ပေမယ့် ထရမ့်ကတော့ သူ့ရဲ့မူတွေကို ပြောင်းလဲပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ အရာရှိက ပြောပြပါတယ်။ ဘယ်သူ့စကားကိုမှ ထရမ့်က နားလည်းမထောင်ခဲ့သလို ဂရုလည်း မစိုက်ခဲ့ဘူးလို့ သတင်းရင်းမြစ်က Reutersဆီကို ပြောပြခဲ့ပါတယ်။

ထရမ့်က အီရန်စစ်ပွဲ ၈ လကျော်ထိ ကြာမြင့်လာတာက ရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားလှယ်လောင်းတွေကို ထိခိုက်စေခဲ့တဲ့အကြောင်း ဝန်ခံပေမယ့် စစ်ပွဲကို စတင်ဖို့ ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ဆက်ပြီး ကာကွယ်ထားဆဲပါ။ တစ်ဖက်မှာလည်း ရီပတ်ဘလစ်ကန် ပါတီအတွက် စိုးရိမ်ရမှာက အီရန်စစ်ပွဲ တစ်ခုတည်း မဟုတ်တော့ပါဘူး။

မစ်ရှီဂန်နဲ့ အိုင်အိုဝါတို့လို ပါတီစွဲ သိပ်မပြင်းထန်တဲ့ ပြည်နယ်တွေမှာ အထက်လွှတ်တော် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင် အုပ်စုငယ်တွေ သဘောထား ဆွေးနွေးကြရမှာ လူထု အကျပ်အတည်းတွေထက် အိမ်ဖြူတော်ရဲ့ ခန်းမဆောင်ကြီး တခမ်းတနား အသစ်ပြင်ဆင် ဆောက်လုပ်နေမှုကို ပိုအာရုံစိုက်နေတဲ့ ထရမ့်အပေါ် မကျေနပ်ဘူးဆိုတဲ့ သဘောထားမျိုးတွေကိုပါ တွေ့မြင်လာရပါတယ်။ ဒီအခြေအနေတွေကို သတိထားဖို့ လိုတဲ့အကြောင်း ရီပတ်ဘလစ်ကန် မူဝါရေးရာ အရာရှိတွေက သတိပေးလာပါတယ်။

ထရမ့်က ဒီအကြောင်းတွေကိုပဲ ဆက်ပြောနေပြီး ဒီကိစ္စတွေကိုပဲ အားစိုက်နေဦးမယ်ဆိုရင် နောက် ၂ နှစ်ကျရင် လုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာလည်း ရီပတ်ဘလစ်ကန်ပဲ ရှုံးဦးမှာပဲလို့ ပါတီ အကြံပေးဖြစ်တဲ့ ဟာရီက ပြောပါတယ်။

ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှာတော့ ထရမ့်ဟာ အိမ်ဖြူတော်ရဲ့ ဧည့်ခန်းမဆောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ဆီ သတင်းထောက်တွေ တပြုံကြီးကို ခေါ်ဆောင်သွားပါတယ်။ ပြီးတော့ အိမ်ဖြူတော် ကျက်သရေဆောင် ဖြစ်လာမယ့် စီမံကိန်းအတွက် သူက သေချာ အချိန်ပေးနေတာပါ ဆိုတာမျိုး ကာကွယ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းကို ကြီးကြပ်နေတာက သူ့ရဲ့ စိတ်အပန်းဖြေမှု တစ်ခုလို့ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်က သူ့စံနှုန်းတွေကို ပြင်ဖို့ ဆန္ဒရှိပုံ မပြသလို အိမ်ဖြူတော်ကလည်း ဗန်းစကားနဲ့ပြောရင်း အတော်လေး အကြောတင်းတဲ့ သဘောထားမျိုး ပြသနေပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထရမ့်ရဲ့ ဓာတ်ပုံကို အိမ်ဖြူတော်က တင်ထားပြီး အများသိစေဖို့ သတိပေးချက်ကတော့ ထရမ့်ဟာ သမ္မတအဖြစ် ရှိနေဆဲပဲလို့ ရေးသားထားပါတယ်။ ဒါဟာ လွှတ်တော်နှစ်ခုကို ဒီမိုကရက်တစ် ပါတီက ထိန်းချုပ်သွားလည်း အရေးမစိုက်ဘူးဆိုတဲ့ တုံ့ပြန်ပုံမျိုးပါ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေက ရီပတ်ဘလစ်ကန် ပါတီရဲ့ ပုံရိပ်ကို ဆက်တိုက် ထိခိုက်စေပါတယ်။

ဒီမိုကရက်တစ် ပါတီကတော့ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေး၊ သွင်းကုန်ခွန် ကောက်ယူမှု၊ အသုံးစရိတ်၊ အုပ်ချုပ်ရေး အမိန့်ဆိုင်ရာ မူဝါဒတွေကို ပြင်ဆင်စေရေး ဖိအားပေးဖို့ ရည်ရွယ်ထားပါတယ်။ ထရမ့်က လွှတ်တော်ရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့တိုင်အောင် တချို့ကိစ္စတွေကို ဇွတ်တရွတ် ဆက်လုပ်လို့ ရနိုင်ပေမယ့် လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ချက်တွေကိုတော့ ဗီတိုအာဏာသုံးပြီး တားဆီးလို့ မရပါဘူး။ အဲဒီ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်ရီပတ်ဘလစ်ကန် ပါတီဝင်မှလည်း ရင်မဆိုင်ချင်ကြဘူးလို့ အိမ်ဖြူတော် သတင်းရင်းမြစ် တစ်ယောက်က ပြောပါတယ်။

အခုတော့ ရွေးကောက်ပွဲ ရလဒ်ဆိုးကို အကြောင်းပြုပြီး ထရမ့်နဲ့ ရီပတ်ဘလစ်ကန် ပါတီကြားမှာ အပြန်အလှန် လက်ညှိုးထိုး ဝေဖန်မှုတွေကို စပြီး တွေ့လာမြင်လာရပါပြီ။ လာမယ့် သီတင်းပတ်တွေမှာတော့ ဒီအက်ကြောင်းကို အများအမြင်မှာ ပိုပြီး ထင်ထင်ရှားရှား မြင်လာရဖွယ် ရှိပါတယ်။ ရွေးကောက်ပွဲမှာ အရှုံးနဲ့ ပတ်သက်လို့ ထရမ့်ကလည်း တာဝန်ယူမှာ မဟုတ်သလို ပါတီကိုယ်တိုင်ရဲ့ ညံ့ဖျင်းမှုကြောင့် ဆိုတာမျိုး စကားဦး သမ်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရည်မှန်းချက် ကြီးတဲ့ ဒုတိယ သမ္မတ ဗန့်စ်ကတော့ သူ့ရဲ့ အနာဂတ် နိုင်ငံရေး လမ်းကြောင်းကို မျှော်တွေးရင်း ထရမ့်နဲ့ ခပ်ခွာခွာ နေလိုတဲ့ အရိပ်လက္ခဏာမျိုး ခပ်စောစောပဲ ပြသလာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအတွက် ခြောက်ရက်သာ လိုတော့တဲ့အချိန်မှာ ဒီမိုကရက်တစ်ပါတီက လူထု သဘောထား စစ်တမ်းတွေမှာ ဦးဆောင်နေပြီး ထရမ့်နဲ့ အိုဘားမားတို့ကလည်း အရေးပါတဲ့ ပြည်နယ်တွေမှာ မဲဆွယ် စည်းရုံးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော် နေရာတချို့မှာ ဘယ်ပါတီ အနိုင်ရမလဲဆိုတာကတော့ အခုချိန်ထိ ခန့်မှန်းရ...

ဆောင်းပါး

အမေရိကန်နိုင်ငံတွင် လာမည့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီအနေဖြင့် အောက်လွှတ်တော် သို့မဟုတ် အထက်လွှတ်တော် တစ်ခုခုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါက သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်များ၏ ဝါရှင်တန်အပေါ် တစ်ဖက်သတ် လွှမ်းမိုးထားမှုကို အတော်လေး ဟန့်တားနိုင်မည် ဖြစ်ကြောင်း CNN...

ဆောင်းပါး

ပြည်သူ့လက်ထဲမှ ယုံကြည်မှုကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့် အာဏာ

သတင်း

အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် လူထုထောက်ခံနှုန်းဟာ စံချိန်တင် ကျဆင်းလာနေတယ်လို့ သိရပါတယ်။