မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီသည် နိုင်ငံရေး နည်းနာဖြစ်သည့် လူထုလှုပ်ရှားမှုများကို နှစ်သစ် တွင် အားသစ်လောင်း၍ ပြန်လည်စတင်ရန် ကြိုးစားသည့် ကနဦး လှုပ်ရှားမှုအဖြစ် မုံရွာ-မန္တလေးလမ်းပိုင်း တစ်နေရာတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လူထုလှုပ်ရှားမှုသည် နံနက်(၇) နာရီတွင် စတင်ခဲ့ပြီး မနက်(၇) နာရီ၊ မိနစ်(၂၀) တွင် အထိအခိုက်မရှိ လူစုခွဲနိုင်ခဲ့ကာ စစ်ကြောင်းလိုက်ပါသူ ပြည်သူလူထုနှင့် စစ်ကြောင်း ဝန်းရံ စောက်ရှောက်ပေးသူ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းခဲ့သော်လည်း မုံရွာပင်မ သပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လမ်း ပိုင်း အလိုက် ပွိုင့်ကင်း တာဝန်ဆောင်ရွက်နေသည့် ပွိုင့်ကင်းနေရာတစ်ခုသည် မနက်(၈) နာရီဝန်းကျင်ခန့်တွင် ဒလန် သတင်းပေးမှုကြောင့် တောပုကျေးရွာမှ ပျူစောထီးများ၏ အလစ်အငိုက် ဝင်ရောက်စီးနင်းခြင်းကို ခံခဲ့ရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါဖြစ်စဥ်တွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဇွဲမာန်အောင် (CDM ပြည်သူ့ ကျန်းမာ ရေး ကြီးကြပ်-၂)၊ ရဲဘော် မင်းသန့်ကျော်၊ ရဲဘော် ရာဇာထွန်း၊ ရဲဘော် နိုင်ဝဏ္ဏ၊ ရဲဘော် မင်းခန့်(ခ) မိုးဒီတို့ သည် ယနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သော မုံရွာပင်မ သပိတ်စစ်ကြောင်းအတွက် ပွိုင့်ကင်း တာဝန် ထမ်းဆောင်ရင်း အရှင်ဖမ်းဆီးခံရကာ ပစ်သတ်ခံခဲ့ရသဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင် နိုင်ရေးနှင့် ပြည်သူလူထု လွတ်မြောက်ရေးတို့အတွက် အသက်ပေးလှူသွားခဲ့ကြပြီး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးသည်။
စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးနှင့် ပြည်သူ လူထု ဘဝ လွတ်မြောက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျန်ရစ်သူ မိသားစု ဝင်များနှင့် အတူ ထပ်တူထပ်မျှ စိတ်နှလုံးထိခိုက် ကြေကွဲဝမ်းနည်းရကြောင်း၊ နိုင်ငံနှင့် ပြည်သူလူထုအတွက် အသက်ပေးလှူသွားခဲ့ကြသော ရဲဘော်(၅)ဦးကို အစဥ်အမြဲ အောက်မေ့သတိရလျက် ကျွန်ုပ်တို့ ပြည်သူလူထု၏ အာဇာနည်များအဖြစ် ဂုဏ်ပြုသတ်မှတ်သွားမည်ဖြစ်ကာ ကျဆုံး အာဇာနည်ရဲဘော်များ၏ စွန့်လွှတ်ပေးဆပ်မှုအတိုင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တာဝန်များကို သစ္စာရှိစွာဖြင့် ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုအပ်ပါကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။


















































