စက်တင်ဘာ ၁၂၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်က ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်းနဲ့ တခြားလမ်းမကြီးတွေမှာ လမ်းမကြီးတွေပေါ်နဲ့ ပလက်ဖောင်းတွေပေါ် စျေးရောင်းချတာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေထောင်တာ၊ ပစ္စည်းတွေပုံထားတာတွေကို အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။
အဲဒီနောက် စက်တင်ဘာလဆန်းမှာ မုံရွာစည်ပင်ဝန်ထမ်းတွေက မြို့ပေါ် လမ်းဘေးဆိုင်တွေကိုလိုက်လံရှင်းလင်းဖယ်ရှားခဲ့ရာမှာ လိုင်းကြေးပေးတဲ့ဆိုင်တွေကိုတော့ ဖယ်ရှားခြင်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
“လိုင်းကြေးပေးတဲ့ ဆိုင်တွေကိုတော့မဖယ်ခိုင်းဘူး။နာမည်ကြီးကွမ်းယာဆိုင်တွေဆို ၅သောင်းကနေ ၁သိန်းထိလစဥ်ကြေးပေးသွင်းခိုင်းနေတယ်။ ရုံးရန်ပုံငွေဆိုပြီးတောင်းတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ စည်းကမ်းမဲ့ရောင်းချတဲ့ လမ်းဘေးစျေးသည်တချို့ကြောင့် ယာဥ်ကြောပိတ်ဆို့တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ လမ်းဘေးစျေးသည်တွေအနေနဲ့လည်း ယာဥ်ကြောမပိတ်အောင် စည်းကမ်းတကျ ရောင်းချဖို့လိုအပ်ပြီး ယခုလို ငွေမပေးနိုင်တဲ့ လမ်းဘေးစျေးသည်တွေကိုပဲ ဖယ်ရှားနေတာတွေ မဖြစ်သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စည်ပင်ကို လိုင်းကြေး မပေးနိုင်တဲ့ သာမန် လမ်းဘေး စျေးသည်တွေဟာ လက်ရှိမှာ အလုပ်အကိုင် မရှိတော့ဘဲ စားဝတ်နေရေး ပိုမို ကြပ်တည်းလာနေကြောင်း သိရပါတယ်။


















































