မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ အုပ်ချုပ်မှုစနစ်ဆီ ပြန်လည် ရောက်ရှိစေဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုခဲ့ပါတယ်။
ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက် တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရကို စစ်တပ်က အဓမ္မ အင်အားသုံး ဖယ်ရှားခဲ့တာ ၄ နှစ်ပြည့်တဲ့ အချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခုလို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဂူတာရက်စ်ရဲ့ သဘောထားကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု အပြီးကတည်းက ကဏ္ဍပေါင်းစုံမှာ စိုးရိမ်စရာ ကောင်းလောက်အောင် ယိုယွင်း ကျဆင်းလာနေကြောင်း ဖော်ပြထားခဲ့ပါတယ်။
ပြီးတော့ ဂူတာရက်စ်က ရန်လို အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချကြောင်း၊ ပဋိပက္ခမှာ ဆက်စပ် ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပြီး လူ့အခွင့်အရေး၊ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို လေးစားဖို့ တောင်းဆိုကြောင်းလည်း ဆိုပါတယ်။

Public Service Announcement
နောက်ပြီး ပဋိပက္ခတွေ အရှိန်မြင့်တက်လာနေတဲ့ အခြေအနေမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း ဂူတာရက်စ်က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီက အရပ်သား ဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ မြန်မာပြည်သူတွေရဲ့ အခြေခံနိုင်ငံရေးအခွင့်အရေးတွေ၊ လုံခြုံရေးနဲ့ ဘေးကင်းရေးတွေကို တားမြစ်ပိတ်ပင်မှုတွေကို ရှုတ်ချကြောင်းလည်း ဂူတာရက်စ်က ပြောပါတယ်။
နောက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အင်အားစု အသီးသီးကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးကို တိုက်တွန်း တောင်းဆိုခဲ့ပြီး ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ စုပေါင်းညီညွတ်စွာ ပါဝင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းဆီ မြန်မာပြည်သူတွေ ပြန်ဦးတည်နိုင်ရေးကို ကူညီပြီး အရပ်သား အစိုးရ အုပ်ချုပ်မှု ပြန်လည် ပေါ်ထွန်းလာဖို့ အလေးအနက် တိုက်တွန်း တောင်းဆိုဆဲလို့လည်း ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က လူဦးရေ ၁ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေရာက အခုဆိုရင် သန်း ၂၀ ခန့်( ၁၉.၉ သန်းကျော်)ထိ အဲဒီ အခြေအနေဆိုးဆီ ရောက်ရှိသွားကြောင်း၊ ဒါဟာ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်နဲ့ ညီမျှကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ပြီးတော့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ဟာ မြန်မာ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်နွှယ်တဲ့ အင်အားစုတွေ၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)တို့နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ဂူတာရက်စ်ကိုယ်စား ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ကုလသမဂ္ဂက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ အပါအဝင် လူ့အဖွဲ့အစည်း အသီးသီးအတွက် ဘေးကင်းလုံခြုံတဲ့၊ တာဝန်ယူမှုရှိတဲ့၊ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့၊ ပဋိပက္ခ ဖြစ်ပွားစေတဲ့ အခြေခံ အကြောင်းရင်းတွေ၊ ခွဲခြားဆက်ဆံမှုနဲ့ အခွင့်အရေး ပိတ်ပင်မှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အနာဂတ်မျိုးဆီ ဦးတည်နိုင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။ မြန်မာ ပြည်သူတွေက အဲဒီ ရည်မှန်းချက်တွေအတွက် ကြိုးပမ်း အားထုတ်နေတာကို ကုလသမဂ္ဂ အနေနဲ့ မယိမ်းမယိုင် ဆက်လက် အားပေးထောက်ခံနေတယ်လို့လည်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုးကား-UN Press
