Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲက မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည်ဟု NLD ထပ်မံသတိပေး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲက မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်ကော်မတီက ယနေ့(ဖေဖော်ဝါရီ ၈ရက်)ထုတ်ပြန်သည်။

NLD သဘာပတိ မန်းဂျော်နီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နှင့် ဒေါက်တာခင်ဆောင်တို့အား တွေ့ရစဥ်။ ဓာတ်ပုံ - U Bo Bo Oo/FB

▪️အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်း

ထားအိ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲက မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်ကော်မတီက ယနေ့(ဖေဖော်ဝါရီ ၈ရက်)ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလပဥ္စမအကြိမ်အကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ၅နာရီခန့်ကြာ ကျင်းပခဲ့ရာ ယင်းအစည်းအဝေးမှ ဆုံးဖြတ်ချက် ၉ချက်အား ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

Public Service Announcement

Public Service Announcement

“တိုင်းနဲ့ ပြည်နယ် ဗဟိုကော်မတီအသီးသီးဆီကနေ စာတမ်း ၁၉ ခုလောက် လက်ခံရရှိတယ်။ တူညီတာတွေ စုလိုက်တော့ ဘုံသဘောတူညီချက် ၉ချက်ရရှိတယ်ပေါ့” ဟု NLD ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးထွန်းမြင့်က ဆိုသည်။

ဆုံးဖြတ်ချက် ၉ချက်တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်၊ အာဏာလုစစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နှင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖယ်ရှားရေးအတွက် တိုင်းရင်းသားများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုးမြှင့်ရန် စသည့်အချက်များပါဝင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အထက်ပါအစည်းအဝေးတွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များကိုလည်း ဆွေးနွေးခဲ့ကြပြီး အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့ဝင် အင်အားနည်းလာပါက အင်အားတိုးချဲ့ရန် နည်းလမ်းများ၊ စည်းလုံးညီညွတ်စွာ ရှေ့ဆက်သွားရေး၊ NLD မှ ရေးဆွဲထားသော ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ထပ်မံမှတ်တမ်းတင်ခြင်း၊ ယင်းမူကြမ်းကို အခြားသော မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အနာဂတ်တွင် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ဦးထွန်းမြင့်က ရှင်းပြသည်။

အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် ၁ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦး၊ ဗဟိုကော်မတီဝင် ၃၉ဦး၊ အရန်ဗဟိုကော်မတီဝင် ၁၃ဦး၊ တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင် ၂၀ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၄ဦး စုစုပေါင်း ၉၀ ဦးတက်ရောက်ခဲ့ရာ အစည်းအဝေးကို အွန်လိုင်း Zoom မှ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုဖေဖော်ဝါရီလဆန်းမှာပင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်း ၃ခုက တရားဥပဒေနှင့်မညီသည့် မြန်မာစစ်အုပ်စု စစ်ကောင်စီက ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အမည်ခံအစီအစဥ်များကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ကြောင်း ပူးတွဲကြေညာထားသည်။ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေးနိုင်ငံတကာအဖွဲ့အစည်း(International IDEA)၊ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက်(ANFREL)နှင့် ကလပ်ဒီမက်ဒရစ်အသင်း(Club de Madrid)တို့က ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာခြင်း၊ အင်အားသုံးတုံ့ပြန်မှု မြင့်တက်လာစေခြင်း၊ အာဏာရှင် အုပ်ချုပ်မှုကို ခိုင်မာစေခြင်းနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ပဋိပက္ခကို ပိုမိုဆိုးရွားလာစေခြင်းတို့ကို ဖြစ်စေလိမ့်မည်ဟု အထက်ပါ အဖွဲ့များက သတိပေးသည်။

ပူးတွဲကြေညာချက်ပါ အဖွဲ့များက မြန်မာနိုင်ငံ၏ တရားဝင်မှုရှိသည့် ကြားကာလအစိုးရ အင်စတီကျူးရှင်းများကို ထောက်ခံပံ့ပိုးရန်၊ ပြတ်ပြတ်သားသားဆောင်ရွက်ကြရန်နှင့် မြန်မာပြည်သူလူထု၏ အသံကိုမြှင့်တင်ပေးရန် ကမ္ဘာ့လူမှုအသိုက်အဝန်းကို တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ