ရဲခေါင်၊ကဖေး/People’s Spring
စစ်ကောင်စီ၏ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦး အလင်းဝင်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် ပကဖထံ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်အခြေစိုက်အမှတ် (၇၄)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ကြီးအောင်ဟိန်းထက် အလင်းဝင်လာခြင်းဟု ဆို သည်။
“သူတို့ စကစ အသိုင်းအဝိုင်းရဲ့ လုပ်ရပ်တွေ မနှစ်မြို့တာရယ်အတွင်းထဲမှာ ကြီးနိုင်ငယ်ညှင်း ဆိုတာမျိုးတွေကြောင့်လို့ပြောပြပါတယ်။လုံခြုံရေးအခြေအနေရ ရက်စွဲတွေ မဖော်ပြတာပါ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
ဗိုလ်ကြီးအောင်ဟိန်းထက်သည် လုံခြုံရေးအခြေအနေရ လက်နက်၊ခဲယမ်းများမပါရှိဟု အသိပေးသည်။
ထို့အပြင် ရေးဦးမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်ဖွဲ့မှ ရဲတစ်ဦး ခဲယမ်းများနှင့်အတူ ယခုရက်ပိုင်းအတွင်း ခိုလှုံထားပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရဲနှင့် စစ်သား ရှစ်ဦး ၎င်းတို့ထံ အလင်းဝင်ထား ကြောင်းသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်မှတဆင့် ၂၀၂၄ ခုနှစ်ကုန်အထိ စစ်ကောင်စီ၏ တပ်သား ၃,၈၇၂ ဦး နှင့်ရဲ ၁၀,၈၈၈ ဦးတို့သည် ပြည်သူနှင့်အတူ ပူးပေါင်းထားကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် တပ်တွင်းရောက်ရှိခဲ့သူများအနက် ရာနှင့်ချီသော တပ်သားသစ်များသည် နီးစပ်ရာတော်လှန်ရေးအင်အား စုများနှင့်ချိတ်ဆက်၍ ဘက်ပြောင်းလာသည့် ဖြစ်စဥ်များစွာရှိနေသည်။
စစ်ကောင်စီသည် ရေဦးမြို့ပေါ်၌တပ်စွဲထားပြီး မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
ရေဦးမြို့ပေါ် ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဂိတ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေသည်။
ရေဦးမြို့မြောက်ဖက်ခြမ်း၌ ဟိန်းဆီဆိုင်းနေရာရှိ စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖေဖော်ဝါရီ၅ရက်တွင် တိုက်ခိုက်ခဲ့သည်။
