ကျော်ဇော/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၀)ည ၁၁နာရီခန့်က အင်အား ၂၀ခန့်ဖြင့် ဆိတ်ညံကျေးရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ရာ ဓားကျွန်းနှင့် တန် ဆောင်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲပြီး ဓားကျွန်းရွာ အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
“မနေ့က ဆိတ်ညံ ဘက်ကနေ ဓားကျွန်း၊ တန်ဆောင်းဘက်ကို လက်နက်ကြီးငါးလုံးထုတယ်။ ဓားကျွန်းက ပြည်သူ အမျိုးသားတစ်ဦးသေတယ်။ လူနေအိမ်ဘေးကို ကျပြီးထိတာ။ တန်ဆောင်းရွာထဲကို နှစ်လုံးကျတယ်။ တစ်လုံးက ပစ်သံပဲကြားလိုက်ရတယ် ကွဲသံမကြားရဘူး”ဟု မြင်းခြံမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement
လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသူမှာ ဓားကျွန်းရွာမှ အသက် ၃၆ နှစ်အရွယ် ဦးဘိုချစ်(ခ)ဦးသစ္စာဆိုသူဖြစ်ပြီး နေအိမ်တွင်အတူရှိနေသည့် ဇနီးနှင့်သားသမီးနှစ်ဦးမှာ ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဆိတ်ညံအခြေစိုက် စစ်ကောင်စီတပ်သားများပစ်ခတ်သည့် လက်နက်ကြီးငါးလုံးတွင် လေးလုံးပေါက်ကွဲပြီး တစ်လုံးပေါက်ကွဲခြင်းမရှိကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။
စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် ဓားကျွန်းနှင့် တန်ဆောင်းရွာများသည် မြင်းခြံမြို့ပေါ်မှနေ၍ (၄)မိုင်ဝန်းကျင်အကွာ၌တည်ရှိသည့် ကျေးရွာများဖြစ်သည်။
ဖေဖော်ဝါရီ ၈ ရက်ကလည်း မြင်းခြံမြို့နယ် တလုပ်မြို့ရွာမှ စစ်ဘေးရှောင် ဒေသခံပြည်သူ ၂၀ခန့်သည် ယခင်ရက်များက စစ်ရေးအခြေအနေများကြောင့် ဘေးလွတ်ရာရှောင်နေခဲ့ရာမှ မိမိရပ်ရွာသို့ပြန်လာကာ ကိုယ့်အိမ်ကိုပြန်မည်ပြုသည်ကို စစ်ကောင်စီတပ်က ရွာအတွင်းအဝင်မခံဘဲ တားဆီးနှင် ထုတ်သည့်အပြင် သေနတ်များဖြင့်ချိန်၍ ပစ်သတ်မည်ဟုပါ ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့သေးသည်။
