ရဲခေါင်/People’s Spring
အာဏာသိမ်းစစ်တပ်အတွက် ဒေါ်လာ သန်း ၁၅၀ ကျော်ဖိုး လောင်စာဆီရှာဖွေထုတ်လုပ်ပေးခဲ့သည့် စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီ၏ လုပ်ငန်းများ ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းခဲ့သည်။
Interra Resources ကုမ္ပဏီ နှင့် စစ်ကောင်စီ၏ ဆက်နွယ်မှု ကို Justice For Myanmar နှင့် ယူကေ သတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့က ဖော်ထုတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်တွင် ရပ်ဆိုင်းခဲ့ခြင်းဟု သိရသည်။
SGX၏ စုံစမ်းမေးမြန်းမှုများကို ဖြေရှင်းရန် လုပ် ဆောင်နေပြီး စုံစမ်းမေးမြန်းထား သည့် ကိစ္စရပ်များကို ရှင်းလင်းပြီးချိန်တွင် လုပ်ငန်းရပ်ဆိုင်းမှုကို ရုပ် သိမ်းရန် တောင်းဆိုမည်ဖြစ်ကြောင်း Interra Resources ကုမ္ပဏီက ၎င်း၏ တရားဝင်ဝက်ဆိုဒ် စာမျက်နှာတွင် ဖော်ပြသည်။

Public Service Announcement
မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအ တွင်း တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း
၂ သန်းကျော်ကို စစ်အုပ်စုထံထောက်ပံ့ခဲ့ကြောင်း Justice For Myanmar ကစုံစမ်းဖော်ထုတ်ခဲ့သည်။
ထို့အပြင် ကုမ္ပဏီ၏ SGXသို့ ထုတ်ပြန်ချက် များ၊ Justice For Myanmar(JFM) နှင့် ယူကေ သတင်းထောက်အဖွဲ့အစည်း Finance Uncovered တို့မှ လေ့လာသုံး သပ်ခဲ့သည့် လျှို့ဝှက်ပေါက်ကြားလာသောဘဏ္ဍာ ရေးအစီရင်ခံစာများအရ အဆိုပါကာလအတွင်း Interra Resources သည် မြန်မာပြည်တွင်းလုပ်ငန်းများမှ ဝင်ငွေဒေါ်လာ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။
“Interra Resources ကအကြမ်းဖက်စစ်အုပ်စုဆီ ရေနံတွေဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှု တွေမှာ ကြံရာပါ ပတ်သက်နေပါတယ်။MOGE နဲ့ အဲ့ဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်”ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လောင်စာဆီရရှိနေမှုများကို ဖြတ်တောက်ရန် နိုင်ငံတကာ အရေးယူမှုများကင်းမဲ့နေခြင်းသည်လည်း Interra Resources ကို စီးပွားရေး လုပ်ခွင့်ပြုထားခြင်းဖြစ်ကာ စင်ကာပူအပါအဝင် အစိုးရများအနေဖြင့် စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်လည်း၎င်းကဆက်လက် တောင်းဆိုသည်။
စင်ကာပူနိုင်ငံအခြေစိုက် Interra Resources Ltd သည် မြန်မာနိုင်ငံတွင်ရေနံထုတ်ယူနေသည့် Gold petrol Joint Operating CompanyInc ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။
ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကိုမူ North Petroleum International ကုမ္ပဏီလိမိတက်က ပိုင်ဆိုင်သည်။North Petroleum International သည် မြန်မာစစ်အုပ်စုအား စစ်လက် နက်ပစ္စည်းများ ရောင်းချထောက် ပံ့ပေးသည့် တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီကြီး China North Industries Group Corporation (NORINCO) ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ကြောင်း အစီ ရင်ခံစာတွင်ဖော်ပြထားသည်။
Interra Resources သည် အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးဟောင်း နှင့် တရုတ်နိုင်ငံပိုင် စစ်လက်နက်လုပ်ငန်းစု ကြီးတစ်ခုအပါအဝင် ရှယ်ယာရှင်များစွာပါဝင်သည့် နိုင်ငံရေးအရ ပတ်သက်ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီဖြစ်ကြောင်းလည်းအသိပေးထားသည်။
ရေနံများကို စစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူ သားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ နှစ်ခုဖြစ်သောချောက် နှင့်ရေနံချောင်းတို့မှ ထုတ်ယူခဲ့သည်။
အဆိုပါရေနံများကို မန်းသံပုရာကန်ဓာတုဗေဒစက်ရုံစုတွင် သန့်စင်ချက်လုပ်ကာ စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်လုပ်ကိုင်သည်။
လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်အပေါ် နိုင်ငံ တကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများရင်ဆိုင်နေရသော စစ်အုပ်စု အတွက်မန်းရေနံချက်စက်ရုံသည် အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လေယာဉ်များ၊ ထရပ်ကားများနှင့် တင့်ကားများကို မောင်းနှင်နိုင်ရန် လိုအပ်သည့် ဒီဇယ် နှင့် လေယာဉ်ဆီများကို ချက်လုပ် ပေးနေကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း အသစ်ပြန်လည်ပြင်ဆင်ထားသည့် စစ်အုပ်စု၏ စွမ်းအင်ဝန်ကြီးဌာနဝဘ်ဆိုဒ် အသစ်တွင် ဖော်ပြထားသော MPE လက်အောက်ရှိ ရေနံသန့်စင်စက်ရုံ သုံးခုရှိပြီး၊ ယင်းတို့မှာ ၂၀၁၇ ခုနှစ်ကတည်းက ပိတ်ထားသည့် ရန်ကုန်တိုင်း၊ သန်လျင် အမှတ် (၁) ရေနံချက်စက်ရုံ၊ မကွေးတိုင်း ချောက်မြို့ရှိ အမှတ် (၂) ရေနံချက်စက်ရုံ နှင့် မကွေး တိုင်းအတွင်းပင်ရှိသည့် မန်းသံပုရာကန်ရေနံဓါတုဗေဒစက်ရုံစု (TBGN) တို့ဖြစ်သည်။
