နိုင်ပကောင်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့ အနီးတဝိုက်ရှိ ရွာတွေ ဘက် ကို စစ်ကောင်စီ တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထွက်ပြေး နေရ တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း KNU တပ်ဖွဲ့ဝင်တွေ ကမမောင်းမြို့ အနီး ကိုချဉ်းကပ်လာနေတယ်ဆိုပြီး ကမမောင်းမြို့က စစ်တပ်ဗျုဟာ ကနေ နေ့စဉ်နီးပါး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာလို့သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်း က ကမမောင်းမြို့ အနောက်ဘက် မီးဇိုင်းတောင် အနီးက ရွာတွေ ဘက်ဆီ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လာလို့ ဒေသခံတွေထွက်ပြေးခဲ့ရတယ်လို့ ကမမောင်း ဒေသခံက ပြောပါတယ်။

Public Service Announcement
“ရွာမှာတော့ ဘယ်သူမှနေမရဲတော့ဘူး၊ အိမ်တွေလည်း ထိတယ်လို့ကြားတယ်၊ အိမ်တော့ ဘယ်နှစ်လုံးပျက်ပြီလဲ မသိတော့ဘူး” အဲဒီ ကမမောင်းဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းအထိတော့ လက်နက်ကြီးပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်တာတွေ ထပ်မကြုံရပေမယ့် စစ်ရေးအခြေနေ ပိုမိုဆိုးရွား လာနိုင်တာကို ဒေသခံတွေက တွက်ဆပြီးနောက် နေရာရွှေ့ပြောင်းနေကြပါတယ်။
ကမမောင်းနဲ့အနီးဝန်းကျင်ရွာတွေက ဒေသခံ တွေဟာ သံလွင်မြစ် တဖက်ကမ်း လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ ဒေသထဲ သွားရောက် တိမ်း ရှောင်နေကြပြီး အချို့ ကတော့ ဘားအံမြို့ပေါ် ခိုလှုံ နေကြရတယ်လို့သိရပါတယ်။
ကမမောင်းမြို့ဟာ ကရင်ပြည်နယ်မြို့တော် ဘားအံနဲ့ ဖာပွန်ကားလမ်းကြောင်းပေါ်မှာရှိတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ ကမမောင်းနဲ့ မိုင် ၂၀ ခန့်အကွာက ကတိုင်တိ စခန်းကို KNU နဲ့ပူပေါင်းတပ်က ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး ကမမောင်းကိုစစ်ရေးအရခြိမ်းခြောက်လာနို်င်ပါတယ်။
ကမမောင်းမှာ စစ်တပ်က ဗျုဟာ တစ်ခု အခြေစိုက်ထားပါတယ်။ ကမမောင်း စစ်ဗျုဟာကိုလည်း KNU နဲ့ ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်တော့မယ်လို့သတင်းတွေ ထွက်နေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပါ။
ဖေဖော်ဝါရီလ ၁၄ ရက်ညပိုင်းမှာဆိုရင် ဘားအံမြို့ ၊ စက်မှုဇုန်အခြေစိုက် စစ်ကောင်စီတပ်ကနေ သံလွင်မြစ်တဖက်ကမ်း ဝတ်ကြီးကျေးရွာအုပ်စုနဲ့ ကမမောင်းမြို့ တဝိုက်က ရွာတွေ ဆီ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေရှိပါတယ်။
ကမမောင်းနဲ့ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကတော့ Google Map အရ မိုင် ၅၂ မိုင်ဝေးကွာတာတွေ့ရပါတယ်။


















































