Connect with us

Hi, what are you looking for?

သတင်း

အာဂျင်တီးနားဖမ်းဝရမ်းမှ အရပ်သားခေါင်းဆောင်နှစ်ဦးကို ဖယ်ရှားနိုင်ရေး တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ ဖွဲ့စည်းလုပ်ဆောင်မည်ဟု NLD ထုတ်ပြန်

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းတွင် အရပ်သားခေါင်းဆောင်နှစ်ဦးပါဝင်နေမှုအား ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ(Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw)ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်)ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းတွင် အရပ်သားခေါင်းဆောင်နှစ်ဦးပါဝင်နေမှုအား ဖယ်ရှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ(Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw)ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ယနေ့(ဖေဖော်ဝါရီ ၂၇ရက်)ထုတ်ပြန်သည်။

အထက်ပါ ကော်မတီဖွဲ့စည်းဆောင်ရွက်ရာတွင် ရည်ရွယ်ချက်တူသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ အားလုံးနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။

၂၀၁၇ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦးနှင့် ထိုစဥ်က ရွေးကောက်ခံအရပ်သားခေါင်းဆောင် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြား ၁ဦး စုစုပေါင်း ၂၅ဦးကို ဖေဖော်ဝါရီ ၁၃ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာရသောရွေးကောက်ခံအစိုးရဖြစ်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော် တို့အား စစ်တပ်၏ စနစ်တတကျ ကျူးလွန်မှုများတွင် တာဝန်ရှိသူများဟု သတ်မှတ်စွဲဆိုခြင်းသည် အဓိကတာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်များ၏တာဝန်ခံမှုအား မှေးမှိန်သွားစေပါသဖြင့် တရားမျှတမှု ဖော်ထုတ်ရေးအတွက် မေးခွန်းထုတ်ဖွယ်ရာဖြစ်နေကြောင်း NLD က ဆိုသည်။

“အာဂျင်တီးနား တရားရုံးရဲ့လုပ်ရပ်ဟာ အဓိကတရားခံ အကြမ်းဖက်စစ်တပ်ကို ပစ်မှတ်ထားလုပ်ဆောင်ရမယ့်အစား အပြစ်မရှိတဲ့ လူထုခေါင်ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ခြင်းဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပဲလို့ပြောချင်တယ်” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရ စစ်တပ်၏ ရပ်တည်မှုပုံသဏ္ဍာန်ကို လေ့လာထည့်သွင်းစဥ်းစားမှု လုပ်ဆောင်ရန် ပျက်ကွက်လျက် ဖမ်းဝရမ်းထုတ်ခြင်းသည် ထိခိုက်နစ်နာသူများ အတွက်တရားမျှတမှု ရှာဖွေပေးရမည့် တရားရုံး၏ ဆင်ခြင်တုံတရားနှင့် အဂတိအစွဲကင်းမှုအပေါ် ထိခိုက် အားနည်းစေနိုင်ကြောင်း NLDက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းအား အာဂျင်တီးနားတရားရုံးအနေဖြင့် ပြန်လည်သုံးသပ်ရန်လည်း NLD က တိုက်တွန်းမေတ္တာရပ်ခံသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့နှင့်အတူ သမ္မတဟောင်းဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့အား တရားခံစာရင်း၌ ထည့်သွင်းထားခြင်းက မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် မှတ်ယူပြီး အရပ်သားခေါင်းဆောင်နှစ်ဦးကို တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၁၈ရက်တွင် တောင်းဆိုထားသည်။

ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို NUG က ကြိုဆိုထောက်ခံကြောင်း ဖော်ပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား UK အခြေစိုက် Burmese Rohingya Organisation UK(BROUK)က အာဂျင်တီးနားတရားရုံးမှတဆင့် တရားစွဲဆိုခြင်း နှင့် ဖမ်းဝရမ်းထုတ်ခြင်းကိုလည်း ကြိုဆိုကြောင်း NUG ကဖော်ပြသည်။

ဆက်စပ်သတင်းများ