Connect with us

Hi, what are you looking for?

News Story

ပိုဆိုးလာတဲ့ မန္တလေးက ဆိုင်ကယ်လုယက်မှုများ

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

အုပ်စုဖွဲ့ ဆိုင်ကယ်လုယူခံရသည့် ဖြစ်စဥ်ကို CCTV မှတ်တမ်းမှ တွေ့ရစဥ်။ ရုပ်သံ - စုဒါလီ

ရောင်ဝါ/People’s Spring

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

ထိုအချိန် ၎င်းနှင့်မျက်နှာချင်းဆိုင်တွင် ဆိုင်ကယ် ၃ စီးဖြင့် လူငယ်ခြောက်ဦး တည့်တည့်မောင်းနှင်လာသည်ကို တွေ့ရှိလိုက်ရ၍ သင်္ကာမကင်းဖြစ်သွားပုံရသည်။ Click စီးသောလူငယ်မှာ ချက်ချင်းပြန်ကွေ့သည်။ သို့သော် မျက်နှာချင်းဆိုင် ဆိုင်ကယ်အုပ်စုမှ တစ်စီးနှင့်တိုက်မိပြီး လမ်းဘေးကို တိုးဝင်သွားသည်။

https://www.facebook.com/LuduNwayOo/videos/1655495342070476

Public Service Announcement

Public Service Announcement

ဆိုင်ကယ်အုပ်စုမှလူငယ်များက ထိုလူငယ်ဆီပြေးဝင်ကြသည်။ လူငယ်ကထွက်ပြေးသည်။ လူငယ်အုပ်က လဲနေသော Click ဆိုင်ကယ်ကို ဝင်ယူသည်။ ဆိုင်ကယ်ပိုင်ရှင်က လမ်းသွားလမ်းလာတစ်ဦးဖြင့် ဆိုင်ကယ်လုလူအုပ်ထံ ပြန်ဝင်လာစဥ် ရန်ရှာခံရ၍ အနားကပ်မရတော့။ လူအုပ်စုက Click ဆိုင်ကယ်ကိုလုကာ မောင်းပြေးသွားခဲ့သည်။

ထိုမြင်ကွင်းမှာ မန္တလေးမြို့ပေါ် လူသွားလူလာမပြတ်သည့် လူနေရပ်ကွက်တစ်ခုအတွင်း လုယက်ခံလိုက်ရခြင်းဖြစ်သည်။ ထိုလုယက်မှုကို CCTV မှတ်တမ်းရ၍သာ လူအများသိခဲ့ကြသော်လည်း လူမသိသူမသိ လုယက်ခံရမှုများ အပြားရှိနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက နံနက်ခင်း ၇ နာရီခွဲခန့်တွင်လည်း ထိုဖြစ်စဥ်ဖြစ်ပွားခဲ့သည့်နေရာနှင့်မနီးမဝေး၌ အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရသည်။

အမျိုးသမီးငယ်သည် နံနက်ခင်းသင်တန်းသွားရန် ဆီဆိုင်၌ ဆီထည့်နေစဥ်ကတည်းက သူ့နောက်ပါလာသည့် ဆိုင်ကယ်၃စီး လူ၆ယောက်အား သင်္ကာမကင်းဖြစ်ခဲ့သည်။ ထိုအမျိုးသမီးမှာ ကြောက်၍ မောင်းပြေးချိန် ထိုဆိုင်ကယ်၃စီးမှာလည်း လိုက်လာခဲ့သည်။ ထို့နောက် ၇၂လမ်း၊ ၁၁၄လမ်းထောင့်ရောက်ချိန် ထိုအမျိုးသမီး၏ ဆိုင်ကယ်အား ဆိုင်ကယ်အုပ်ထဲမှာလူတစ်ဦးက ကန်ထည့်လိုက်သောအခါ လဲသွားခဲ့သည်။ ထို့နောက် နောက်တစ်စီးက လဲနေသောဆိုင်ကယ်အား ယူမောင်းသွားခဲ့လေသည်။ ဆိုင်ကယ်တင်မက ဖုန်းပါ ပါသွားခဲ့သည်။

“လူတွေသွားလာနေကျတာ ရှိတယ်။ လမ်းလေးခွကြီးကို ပေါ်တင်လုပ်တာ။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့သော မန္တလေးမြို့တွင် ဆိုင်ကယ်လုယက်မှုများမှာ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနေကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“အုပ်စုဖွဲ့အချိန်းအချက်နဲ့ ဆီးလုဆီးရိုက်ကြတာမျိုး။”ဟု မြို့ခံလူငယ်တစ်ဦးကဆိုသည်။

ဆိုင်ကယ်လုယက်သူများသည် အနည်းဆုံး ၆ ယောက်မှ ၈ ယောက်အထိ၊ ဆိုင်ကယ်၃စီးမှ ၅ စီးအထိ အဖွဲ့လိုက်ပါဝင်တတ်သည်။ လုယက်မည့်ဆိုင်ကယ်အား အရှေ့အနောက်ပိတ်ဆို့လိုက်ပြီး ဆိုင်ကယ်အားလဲအောင်ပြုလုပ်ပြီးနောက် ရိုက်နှက်လုယက်လေ့ရှိကြောင်း မြို့ခံများက ပြောသည်။

အများဆုံးလုယက်ခံရသော ဆိုင်ကယ်များမှာ တန်ဖိုးကြီး Click၊ Scoopy စသည့် ထိုင်းဘီးများဖြစ်သည်။ သို့သော် စျေးနည်းသော တရုတ်ဘီးများမှာလည်း စိတ်မချရဟု မြို့ခံများက ပြောပြသည်။

စစ်ကောင်စီသည် ဆိုင်ကယ်လုယက်နေသော ဓါးပြအဖွဲ့များအား ဖမ်းဆီးခြင်းမရှိ၊ လွှတ်ပေးထားကြောင်း၊ သို့သော် ပြည်သူများကိုမူ နေ့စဥ်ပိုက်စိ​ပ်တိုက်၍ ယာဥ်စစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်လေ့ရှိကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“အဲလိုနေရာတွေကျ သွားမစစ်ရဲဘူး။ မဖမ်းရဲဘူးလေ။ သူတို့အလုပ်ခံရမှာကြောက်ကြတာ။”ဟု ယာဥ်မကြာခဏ စစ်ဆေးခံရဖူးသည့် ပြည်ကြီးတံခွန်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောပြသည်။

ဆိုင်ကယ်လုနေသောအဖွဲ့များတွင် စစ်ကောင်စီက တရားဝင်လက်နက်ကိုင်ရမ်းကားခွင့်ပေးထားသော ပျူစောထီးများလည်း ပါဝင်နေသည်ဟု မြို့ခံအချို့က မှတ်ချက်ပြုသည်။

ဆိုင်ကယ်လုယက်သူများမှာ ပစ္စည်းယူရုံတင်မက လူ့အသက်ကိုပါ ရန်ရှာနေ၍ ပြည်သူများ ထိခိုက်မှုများလည်း ရှိနေသည်။

“အသိတစ်ယောက် ဆိုင်ကယ်ရိုက်လုခံရတာ။ ခြေထောက်ပါကျိုးသွားလို့ စတီးချောင်းထည့်ထားရတယ်။”ဟု မန္တလေးမြို့တွင်းနေ အမျိုးသားတစ်ဦးက ဆိုသည်။

ထပ်မံသိရသောသတင်းအရ CCTV မှတ်တမ်းပါ လုယက်ခံရသောဆိုင်ကယ် တူးဘောက်ထဲတွင် ရောင်းဖို့ယူထားသည့် စိန်နားကပ်ပါ ပါသွား​ကြောင်း သိရသည်။ ထို့ကြောင့် ဆိုင်ကယ်ပိုင်ရှင်မှာ ဆိုင်ကယ်ဆုံးရုံတင်မက စိန်နားကပ်ဖိုးပါ လျော်ပေးရတော့မည်ဖြစ်သည်။

“ဆိုင်ကယ်အစုတ်ပဲ စီးမှရတော့မယ်။”ဟု မန္တလေးမြို့ခံ လူငယ်တစ်ဦးက ပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။