မြို့တော် ရီယတ်ဒ်မှာ ရှိနေတဲ့ အမေရိကန် သံရုံးဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတချို့ ကြုံခဲ့ကြောင်း ဆော်ဒီအာရေးဘီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။
ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်ခိုက်မှု ဖြစ်စဉ်အပြီး ကနဦး အခြေအနေကို မတ်လ ၃ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပြီး သံရုံးကို ဒရုန်းနှစ်စီး ထိမှန်ခဲ့ကြောင်း၊ သံရုံးရဲ့ အစိတ်အပိုင်းတချို့မှာ အတိုင်းအတာ တစ်ခုထိ မီးလောင်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ခင်းနေတဲ့ အီရန်ဟာ ဆော်ဒီ အပါအဝင် ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတဲ့ အခြေအနေမှာပဲ အမေရိကန် သံရုံးကို ဒရုန်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။
ရီယတ်ဒ် မြို့ခံတွေကတော့ မတ်လ ၃ ရက်နေ့ မနက်အစောပိုင်းတုန်းက သံရုံးတဝိုက်က ပေါက်ကွဲသံတွေ ကြားလိုက်ရပြီး မီးတွေ တောက်လောင်နေတာကို မြင်ခဲ့ကြောင်း ပြောပါတယ်။ သတင်းရင်းမြစ် တစ်ဦးကတော့ မီးလောင်မှုက အရမ်း ကြီးကြီးမားမား မဟုတ်ဘူးလို့ ဆိုပါတယ်။

Public Service Announcement
ရီယတ်ဒ်မှာရှိတဲ့ အမေရိကန် သံရုံးဟာ ဆော်ဒီရဲ့ မြို့ကြီးတွေကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ဗုံးခိုဖို့ နေရာတွေ ကြိုတင်စီစဉ်ထားကြဖို့၊ နောက်ပြီး သံရုံးက လတ်တလောမှာ တိုက်ခိုက်ခံရနိုင်ခြေ မြင့်မြင့်မားမား ရှိနေလို့ သံရုံးတဝိုက်ကို မလာကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။
ဒရုန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံရုံးဖက်ကရော၊ ဆော်ဒီ အစိုးရရဲ့ ပြန်ကြားရေး ဌာနကပါ လောလောဆယ် သီးခြားမှတ်ချက် မပေးသေးပါဘူး။
ကိုးကား: Reuters

















































