မေ-၂၀၊၂၀၂၆။ရှိန်း/People’s Spring
ထီးချိုင့်၊ကသာ၊အင်းတော်မြို့နယ်တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်းတွေဟာ စစ်မှုမထမ်းမနေရဥပဒေနဲ့ အဓမ္မစုဆောင်းထားတဲ့ ၊ပေါ်တာဆွဲထားတဲ့ စစ်သားသစ်တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
ဒီလမ်း ကတိုက်ပွဲတခုအတွင်း လူထုနွေဦးကရရှိထားတဲ့ သတင်းဓာတ်ပုံအချို့မှာလည်း ပစ တံဆိပ် တွေ တွေ့ရပါတယ်။
ဒါကို အတည်ပြု ပေးတာက တော့ ကသာမြို့တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ပြည်သူ့စစ် တယောက်ရဲ့မိခင်ပါ။စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းမှာနေပြီး စစ်တပ်က အန္တရာယ်ပြုခံရမှာ စိုးရိမ်တဲ့အတွက်မိခင်ကအချက်အလက် တချို့ကိုထည့်သွင်းမဖော်ပြဖို့ တောင်းဆိုထားပါတယ်။

Public Service Announcement
၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းမှာ ကိုမင်းအောင်(အမည်လွှဲ)ကို စစ်တပ်ကစစ်မှုထမ်းခေါ်ခဲ့ပါတယ်။
“ကိုယ်ကဒီနီးစပ်တဲ့အသိုင်းဝိုင်းဖြစ် နေတာရယ်။တပ်ကလည်း သင်တန်းဆင်းရင်ပြန်ခေါ်ပြီး ဒီထဲမှာ နေရာတခု ပေးမယ်လို့ လူကြီး တွေကပြောတာကိုယုံမိပြီး ကိုယ်ကလည်းကြည်ကြည်ဖြူဖြူထည့်မိတာပေါ့။ ဒီမှာဒီလိုအရာရှိ ရဲ့ဆွေမျိုးနီးစပ် တွေဆိုရင်ပသစဆိုလည်းရှေ့တန်းမထည့်ဘဲ အနောက်မှာပဲအထိုင်ထားတာ တွေလည်းရှိတယ်။ကိုယ် တွေလည်းအဲ့လိုရမယ်ထင်တာပေါ့ “လို့ မိခင်ဖြစ်သူက ပြောပါတယ်။
အဲဒီနောက် တစ်လခန့်အကြာမှာ သားဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီး စစ်သင်တန်းပို့လိုက်တယ်လို့သာ သတင်းကြားရပါတယ်။စစ်သင်တန်းကို မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံ ၊ အမှတ်၁၁၉ ခြေလျင်တပ်ရင်း(ခလရ၁၁၉) မှာတက်ရပါတယ်။
၂၀၂၆ ဇန်နဝါရီလနောက်ဆုံးပတ်မှာစစ်မှုထမ်းသင်တန်းဆင်းပြီး မိခင်နဲ့ မတွေ့ခဲ့ရဘဲကသာမြို့ကို သွားတဲ့ စစ်ကြောင်းမှာ ပါသွားတယ်လို့သာ မိခင်ကသိခဲ့ပါတယ်။အဲဒီနောက်ဖေဖော်ဝါရီလမှာတော့ ကသာမြို့မှာ တခြားရဲဘော် ၇ ဦးနဲ့အတူ တိုက်ပွဲကျသွားတယ်လို့ စစ်တပ်က အကြောင်းကြားခဲ့ပါတယ်။
“ကျွန်မတို့ သိတဲ့အချိန်ကသားနာ ရေးပြီးပြီတဲ့။အလောင်းလည်းမရဘူး။တခြားရဲဘော်၇ ယောက်နဲ့အတူတူ တပြိုင်ထဲလုပ်ပေးခဲ့တယ်လို့ သူတို့အရာရှိက အကြောင်းကြားတယ်”လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်အတွက် သားဖြစ်သူသတင်းကြားရတာအဲတာနောက်ဆုံးပါ။ စစ်တပ်အတွက်ပေးဆပ်ရင်း ကိုမင်းအောင် တယောက်လူမသိ၊သူမသိ သေဆုံးသွားပါတယ်။
အလားတူပါပဲ ထီးချိုင့်မြို့ကို စစ်တပ်ကပြန်သိမ်းပြီး ကသာမြို့ကို အင်အားဖြည့်ကာ အင်းတော်နဲ့ မော်လူးကို သိမ်းဖို့ စစ်ကြောင်း တွေထွက်လာပါတယ်။ဒီစစ် ကြောင်းတွေကို ဦးစီးထားတဲ့သူနှစ်ဦးကစစ်တက္ကသိုလ်(DSA)အပတ်စဉ်-၆၁ က ဗိုလ်ကြီးနှစ်ဦးပါ။ နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့မတ်လ၃၀ ရက်နေ့ကမှ အဆင့်မြင့်ပညာ စာပေ-၂ ဆိုတဲ့ စစ်တက္ကသိုလ်ကနေ ဘွဲ့လွန် သင်တန်းဆင်းထားတဲ့ နှစ်ဦးပါ။ကျန်တပ်ဖွဲ့ဝင်အများစုကတော့ စစ်မှုထမ်းသင်တန်းသားသစ်(ပစ)တွေဖြစ်ပါတယ်။
“တပ်စိတ်တခုမှာ စစ်သားအစစ်တခြားအဆင့်က ၃ ယောက် လောက်ဆိုတာအလွန်ဆုံးပဲပါတာ။အခု အင်းတော်၊ကသာ၊ထီးချိုင့်၊မော်လူး၊ဗန်းမောက်ထိုး နေတဲ့ စစ်ကြောင်းတွေမှာအများစုက စစ်မှုထမ်း တွေပဲ”လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ကသာမြို့က နေအထွက် ကသာ- နဘား ကြားထဲမှာ ဒီစစ် ကြောင်းထဲက တကြောင်းတိုက်ခိုက်ခံရပါတယ်။ ဧပြီ၂၇ ရက် နဲ့ ဧပြီ၂၈ ရက်တွေမှာ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ၂၈ရက် နေ့မှာ စစ်ကောင်စီဘက်က စစ်သားတဦးအရှင်ဖမ်းမိပြီး လက်နက် လေးလက်ရကာ ဗိုလ်ကြီးတဦး အပါအဝင် စစ်တပ်အကျဆုံးများခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောရပါတယ်။

အဲဒီတိုက်ပွဲမှာ စာပေ-၂ သင်တန်းဆင်းထားတဲ့ဗိုလ်ကြီးတဦးအပါအဝင် စစ်သား၇ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ဗိုလ်ကြီး အလောင်းကိုသာ အရပြန်ဆွဲခဲ့ပြီး စစ်သားသစ်(ပစ)တွေရဲ့အလောင်းတွေကိုဒီအတိုင်းထားခဲ့တယ်လို့ ပူး ပေါင်းတပ်မှာပါဝင်သူတချို့က ပြောပါတယ်။
ဒါ့အပြင်မေလ ၁၀ရက်နဲ့၁၁ရက် နေ့မှာလည်း အာရက္ခတပ်တော်( AA)ဦးဆောင်တဲ့ ပူးပေါင်းတပ် တွေက ထီးချိုင့်-ကသာ ကူးနေတဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကသေဆုံးဒဏ်ရာရသူများခဲ့ပါတယ်။ စစ်တပ်က အလောင်း တွေမှာ ပစလို့ရေးထားတဲ့စစ်မှုထမ်းအလောင်းတွေ အများဆုံးတွေ့ရတယ်လို့ တော်လှန်ရေး ရဲ ဘော်တဦးက ပြောပါတယ်။
“ဒီဘက် သပိတ်ကျင်းမြို့နယ်မှာလည်း ပျောက်ကြားလှုပ်ရှားတာတွေရှိတယ်။အင်း တော်ဘက်ခြမ်းမှာလည်းမကြာခဏပွဲလေးတွေဖြစ်တယ်။ကျန်ခဲ့တဲ့ အလောင်းတွေမှာဆို စစ်မှု ထမ်းအလောင်းတွေပဲ တွေ့ရတယ်။ဘာဖြစ်လို့အလောင်းကိုရသလောက် သူတို့(စစ်တပ်)ကပြန်မယူလဲ။စစ်မှုထမ်းဖြစ် နေလို့လား”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိလည်း အင်းတော်-ကသာ လမ်းပိုင်းနဲ့ အင်းတော် မြို့နယ်မှာလည်း တော်လှန်ရေးတပ် တွေက စစ်တပ်အထိုင်စခန်း တွေကိုလျှပ်တပျက်ထိုးစစ်တင်သိမ်းပိုက်တာ၊ပျောက်ကြားတိုက်ပွဲတွေဆက်တိုက်ဖြစ် နေပြီး အလောင်းနဲ့ လက်နက်ရတာတွေ ရှိပါတယ်။

စစ်တပ်ကဧပြီလ၂၉ ရက်နေ့က သင်တန်းဆင်းခဲ့တဲ့ အပတ်စဉ်၂၂သင်တန်းသား တွေကို ချက်ချင်း သပိတ်ကျင်းမြို့နယ်၊ချောင်းကြီးရွာ အပါအဝင် မန္တလေး- မြစ်ကြီးနား လမ်းပိုင်းကို အင်အားဖြည့်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ဒါ့အပြင်စစ်တပ်က ထိန်းချုပ်ဒေသတွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေလုပ်နေပေမယ့် အပါတ်စဥ် ၂၅ အတွက်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အဓမ္မစုဆောင်းထားတဲ့စစ်သားတွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်တန်းတွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့ကပြောပါတယ်။
ရွှေဘိုခရိုင်၊အမှတ်(၉၇၀၆)တပ်ရင်း ၊တပ်ရင်းမှူးကိုလကျာ် ကလည်း စစ်တပ်က စစ်သားသစ်တွေကိုဘယ်လိုသုံးနေလဲဆိုတဲ့အပေါ် “ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်းသူတို့နောက်ကနေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။သန္ဓေ စကစ စစ်သားနဲ့ အခုကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်”လို့ ပြောပါတယ်။
(ကချင်ပြည်နယ်ကိုသွားတဲ့ ယာဥ်တန်း နဲ့ ယာဥ်တန်းမှကားတစ်စီးတိုက်ခိုက်ခံရစဥ်/ တိုက်ပွဲအတွင်း စစ်မှုထမ်းစစ်သားသစ်တဦးရဲ့အလောင်းတစ်လောင်း။ဓါတ်ပုံ-CJ ၊ပေးပို့ )
















































