Connect with us

Hi, what are you looking for?

ဆောင်းပါး

မြန်မာ့အရေးမှာ အမေရိကန်က ဥရောပသမဂ္ဂရဲ့ သံတမန်ရေးအရ ပိတ်ဆို့ထားမှုကို အားနည်းအောင် လုပ်နေသလား

မြန်မာ့ ဒီမိုကရေစီအရေးအပေါ် ဥရောပရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်

(အညာဒေသမှ စစ်ဘေးရှောင် ပြည်သူတွေ။ ဓာတ်ပုံ — အညာမြေ စစ်ဘေးရှောင် ကူညီရေးအဖွဲ့)

— ဥဂ္ဂါ ရေးသားသည်။

အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ လုပ်လာချိန်မှာ ဥရောပသမဂ္ဂကတော့ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ စစ်တပ်ရဲ့ အာဏာ ဆုပ်ကိုင် အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်မပြုတဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲထားပါတယ်။ ဒီအခြေအနေက မြန်မာစစ်တပ်ကို နိုင်ငံတကာက သီးခြားခွဲထုတ်ထားရေး ကြိုးပမ်းမှုအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။

အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့က စစ်အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်လာတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တရားဝင်မှုနဲ့ အုပ်ချုပ်ရေး အာဏာအပေါ် နိုင်ငံတကာရဲ့ သဘောထား ကွဲပြားမှုကို ပိုမို ထင်ရှားလာစေပါတယ်။ ဒီအခြေအနေမှာ ဥရောပသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ သံတမန်ရေး သဘောထားတစ်ခုထက် ပိုပါတယ်။ ပြည်သူ့ဆန္ဒကို အခြေမခံတဲ့ အာဏာနဲ့ နိုင်ငံရေး တရားဝင်မှုကို တစ်ထပ်တည်း မထားဘဲ၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံမူကို ဆက်လက် ထိန်းသိမ်းထားခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်နဲ့ မြန်မာ စစ်အာဏာပိုင်တွေကြား စက်တင်ဘာလကစပြီး ဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် သံတမန်တွေဟာ နေပြည်တော်မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့သလို ဒီလ အစောပိုင်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ထပ်မံ တွေ့ဆုံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဝါရှင်တန်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းတွေ တိုက်ဖျက်ရေး၊ အကျဉ်းချ ခံထားရတဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် အဒမ် ကက်စတီလိုကို ပြန်လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံက မြေရှား သတ္တုအရင်းအမြစ်တွေကို ရယူ အသုံးချရေးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အဲဒီ သတ္တုဈေးကွက်ကို တရုတ်နိုင်ငံက အဓိက လွှမ်းမိုးထားတာကြောင့် မြန်မာ့ သယံဇာတဟာ အမေရိကန်အတွက် စီးပွားရေးအပြင် မဟာဗျူဟာအရပါ အရေးပါနေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ ဆွေးနွေးမှုတွေဟာ မြန်မာ့ ဒီမိုကရေစီအရေးထက် သူ့ရဲ့ အကျိုးစီးပွားကို ပိုမို ဦးစားပေးလာတာလားဆိုတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။

အမေရိကန်ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ အရှေ့တောင်အာရှ နိုင်ငံအချို့ကလည်း မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သံတမန် ဆက်ဆံရေး ပြန်လည် စတင်လာကြပါတယ်။ ဒီလို အခြေအနေမှာ ဥရောပသမဂ္ဂကတော့ စစ်တပ် အုပ်ချုပ်ရေးကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဆက်လက် ငြင်းဆိုထားပါတယ်။

ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေမှာ နိုင်ငံတကာက အသိအမှတ်မပြုခြင်းမရှိတဲ့ ရွေးကောက်ပွဲတွေနဲ့အတူ စစ်တပ် အကြီးအကဲ မင်းအောင်လှိုင်က မိမိကိုယ်မိမိ သမ္မတလို့ ကြေညာလာခဲ့ပေမဲ့ နိုင်ငံရေးစနစ် တစ်ခုလုံးကို စစ်တပ်က ဆက်လက် ထိန်းချုပ်ထားတာကြောင့် ဥရောပရဲ့ သဘောထား မပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ ဥရောပသမဂ္ဂဟာ မြန်မာ အာဏာပိုင်တွေဆီ တိုက်ရိုက် ပေးအပ်တဲ့ ဘဏ္ဍာရေး အကူအညီတွေကို ရပ်ဆိုင်းခဲ့ပြီး စစ်တပ်နဲ့ ဆက်နွှယ်သူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။ သံတမန် ဆက်ဆံရေးကိုလည်း လျှော့ချခဲ့ပါတယ်။ လက်ရှိမှာတော့ ပိတ်ဆို့ အရေးယူမှုတွေဟာ စစ်တပ်နဲ့ ဆက်နွှယ်သူ ၁၀၅ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုအပေါ် သက်ရောက်နေပြီး ဒီနှစ် ဧပြီလမှာ နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ စစ်တပ်ကို နိုင်ငံရေးအရ တရားဝင်မှု မပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် ဖိအား ဆက်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့အတူ ပြည်သူတွေကို ကူညီရေးကိုလည်း ဆက်လုပ်နေပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနေသလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကိုလည်း ထောက်ပံ့နေပါတယ်။

စီးပွားရေး ဖိအားတွေ ပိုတိုးမြှင့်နိုင်ပေမဲ့ မြန်မာနိုင်ငံအတွက် ပေးထားတဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေးတွေကိုတော့ ဥရောပသမဂ္ဂက လုံးဝ ရုပ်သိမ်းခြင်း မပြုသေးပါဘူး။ အဲဒီလို လုပ်လိုက်ရင် အထူးသဖြင့် အထည်ချုပ်လုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် သာမန် အလုပ်သမားတွေ ထိခိုက် နစ်နာနိုင်တာကြောင့် ဖြစ်ပါတယ်။ ဥရောပသမဂ္ဂနဲ့ မြန်မာနိုင်ငံကြား ကုန်စည် ကုန်သွယ်မှု ပမာဏဟာ ပြီးခဲ့တဲ့နှစ်က ယူရို ၄ ဘီလီယံခန့်၊ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံခန့် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က ယူရို ၃ ဒသမ ၄ ဘီလီယံထက် မြင့်တက်လာခဲ့ပါတယ်။

ဒီအချက်တွေက ဥရောပရဲ့ မူဝါဒမှာ စစ်တပ်ကို ဖိအားပေးရေးနဲ့ သာမန်ပြည်သူတွေကို ထိခိုက်မှု နည်းစေရေးဆိုတဲ့ အချက်နှစ်ချက်ကို တစ်ပြိုင်နက်တည်း ထည့်သွင်း စဉ်းစားနေရကြောင်း ပြသနေပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေဟာ စစ်တပ်အပေါ် ထိရောက်တဲ့ ဖိအား ဖြစ်ဖို့လိုသလို ပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေမယ့် အကျိုးဆက်တွေကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြပြီး ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ လေးသန်းကျော်အထိ ရှိလာပါတယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကလည်း နယ်မြေ အများအပြားကို ထိန်းချုပ်ထားတာ၊ ဒါမှမဟုတ် စစ်တပ်နဲ့ အပြိုင် ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာ့အရေးကို သံတမန်ရေး ဆွေးနွေးမှုတွေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ရလဒ်တွေတင် ကြည့်လို့ မရဘဲ မြေပြင်က အကြမ်းဖက်မှုနဲ့ ပြည်သူတွေရဲ့ အခြေအနေကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

ဥရောပသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း စစ်တပ်က ပြည်သူတွေကို ဆက်လက် တိုက်ခိုက်နေပြီး အကြမ်းဖက်မှုတွေ မရပ်တန့်သေးတာကြောင့် ၎င်းတို့ရဲ့ လက်ရှိ အုပ်ချုပ်ရေးကို တရားဝင်အဖြစ် အသိအမှတ်မပြုတဲ့ မူဝါဒကိုသာ ဆက်လက် စွဲကိုင်ထားကြောင်း ထုတ်ဖော် ပြောဆိုပြီး အမေရိကန်၊ ဂျပန်၊ အာဆီယံ နိုင်ငံတွေ အပါအဝင် အချို့နိုင်ငံတွေက စစ်တပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လာတာကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။

တစ်ဖက်မှာလည်း ဥရောပသမဂ္ဂဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့တဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို ဆက်လက် ထောက်ခံနေပါတယ်။ သို့သော် စစ်အုပ်စုကတော့ အဲဒီ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

ဒီလို အခြေအနေမှာ အမေရိကန်ရဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးမှုတွေဟာ ဥရောပသမဂ္ဂရဲ့ သံတမန်ရေးအရ ပိတ်ဆို့ထားမှုကို အားနည်းစေနိုင်ပေမဲ့၊ စစ်အုပ်စုကို နိုင်ငံရေး တရားဝင်မှု မပေးဘဲ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ဆက်လက် ထောက်ခံနေတဲ့ ဥရောပရဲ့ ရပ်တည်ချက်ကတော့ အဲဒီ ဖိအားတွေကြားမှာ မြန်မာပြည်သူတွေရဲ့ အနာဂတ် မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေဖို့ အားပေးနေတဲ့ အရေးပါတဲ့ ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။

ကိုးကား — DW

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်တပ်က အမေရိကန်လော်ဘီကုမ္ပဏီကိုတစ်နှစ်ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းထားမှုမျိုးတားဆီးနိုင်ဖို့ ဥပ​ဒပြဌာန်းနိုင်ဖို့လို

နိုင်ငံတကာ

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ အမေရိကန် အစိုးရကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် အသစ်တစ်ခု ထူထောင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အဆိုပြုခဲ့ပါတယ်။