Connect with us

Hi, what are you looking for?

သတင်း

EV ကား အားသွင်းရင်း နှစ်ရက်ကျော်ကြာ ပျောက်ခဲ့တာဟာ စစ်ကောင်စီရဲ့ ဖမ်းဆီး စစ်ဆေးမှု ခံရတာလို့ လုပ်ငန်းရှင် အမျိုးသမီး ပြော

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

(မနှင်းလဲ့လဲ့ပိုင်ကို Rotary Club ပွဲတစ်ခုမှာ တွေ့ရစဉ်။ ဓာတ်ပုံ — မနှင်းလဲ့လဲ့ပိုင် ဖေ့စ်ဘွတ်ခ်)

အောက်တိုဘာ ၂၇၊ ၂၀၂၆။ ရောင်နီ / People’s Spring

နှစ်ရက်ကျော်ကြာ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီး လုပ်ငန်းရှင်က ပြန်ပေးဆွဲခံရတာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ဖမ်းဆီး စစ်ဆေးမှု ခံရတာ ဖြစ်ပြီး သူမအပါအဝင် သုံးဦးလောက် အဖမ်းခံခဲ့ရတာလို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

စစ်တပ်ဘက်က အရာရှိ နှစ်ဦးနဲ့ နောက်လိုက်တစ်ဦးက စစ်မေးဖို့ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ EV ကား အားသွင်းတဲ့နေရာကို လာရောက် ခေါ်ခဲ့ပြီး မှတ်ပုံတင်နဲ့ ဖုန်းကို အသိမ်းခံလိုက်ရတယ်လို့ အောက်တိုဘာ ၂၁ ရက်က ကြုံခဲ့ရတဲ့ အခြေအနေကို အောက်တိုဘာ ၂၇ ရက်မှာ သူမရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ တကယ်တော့ သူမဟာ ၃ ရက်ကြာ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့် မအော်တာလဲဆိုရင် လာဖမ်းသူ ၂ ဦးက လက်ထိပ်အခတ် မခံချင်ရင် လိုက်ခဲ့ဖို့ ပြောတာကြောင့်လို့ ဆိုပါတယ်။ နားလည်မှုလွဲပြီး သူမကို လာဖမ်းသူတွေဘက်က နောက်ယောင်ခံ လိုက်နေတာဟာ တစ်လခန့် ရှိပြီလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆေးမယ့်နေရာကို မျက်လုံး အဝတ်စည်းကာ ခေါ်သွားတာခံခဲ့ရတယ်လို့ အမျိုးသမီး လုပ်ငန်းရှင် မနှင်းလဲ့လဲ့ပိုင်က ပြောပါတယ်။

“ညီမ ph call တွေ viber chat တွေ bank account transaction တွေ details စစ်ကြပါတယ်။” လို့ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။

စစ်မေးချိန်မှာ အမှန်အတိုင်း မပြောရင် ရိုက်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာ ဘာပြစ်မှုမှ မရှိတာကြောင့် သုံးရက်မြောက်နေ့မှာ ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့နေရာက သမံတလင်းပေါ်မှာ အထပ်သားပြားပဲ ခင်းထားတာကြောင့် အိပ်မရခဲ့သလို နှစ်ရက်မြောက်မှာ အခန်းက ပူနေတာကြောင့် ငိုခဲ့ရပြီး အစားစားချိန်တိုင်းမှာ စတီးဇလုံနဲ့ ထမင်း၊ ဟင်း ပုံပြီး ကျွေးတယ်လို့ သူမအတွေ့အကြုံကို ရေးသားထားပါတယ်။

“လက်ရှိ ဖွင့်ထားတဲ့ YP Education ကျောင်းခွဲများသည် သက်တမ်း ၅ နှစ်ကျော်ပြီဖြစ်ပြီး Ministry of Education အသိအမှတ်ပြု ကျောင်းတစ်ခုပါ။ ပြီးတော့ နှစ်စဉ် အခွန်ဆောင်ပါတယ်။ ဒီလိုပဲ Travel & Tour လုပ်ငန်းသည်လည်း အခွန်ဆောင် လည်ပတ်နေသော လုပ်ငန်း ဖြစ်ပါတယ်။ ထို့အတူ သွင်းကုန် ထုတ်ကုန်မှာလဲ ပြည်ပ ကုန်တင်ပို့ခြင်းများကို သေချာ လုပ်ကိုင်နေတာပါ။ အဲ့တော့ ညီမကို အသားတစ်ချက်တောင် ထိလို့ မရပါဘူး။” လို့ မနှင်းလဲ့လဲ့ပိုင်က ဆိုပါတယ်။

စစ်တပ်ကို အခွန်ဆောင်တာက ဘော်မတာမဟုတ်ပဲ ထိုင်း၊ မော်လ်ဒိုက်၊ US နဲ့ သီရိလင်္ကာက သူမရဲ့ လုပ်ငန်းတွေအတွက်လည်း သက်ဆိုင်ရာ နိုင်ငံတွေကို အခွန်ဆောင်တယ်လို့ ဆိုပါတယ်။

မနှင်းလဲ့လဲ့ပိုင်က ဖမ်းဆီးမှုက လွတ်လာချိန် အောက်တိုဘာ ၂၄ ရက်မှာ အန္တရာယ်ကင်းကြောင်း ပို့စ်တင်အသိပေးခဲ့ပြီး စစ်ဆေးခံရတဲ့ အကြောင်းကိုတော့ ဒီနေ့မှ ထုတ်ဖော် ပြောကြားတာပါ။

“ရန်ကုန်မှာ မလုံခြုံတော့ဘူး ဆိုတဲ့ ကောလဟာလတွေက 50/50 ပါပဲရှင်။ အမြဲ ဂရုတစိုက်နဲ့ အဖော်တွေနဲ့ သွားလာရင်တော့ အကောင်းဆုံးပါပဲရှင်။” လို့ သူက အကြံပြုထားပါတယ်။

ဒါပေမယ့် သူမရဲ့ ရေးသားချက်အပေါ် ပြည်သူအချို့ကတော့ သဘာဝ မပျဘူးဆိုပြီး မေးခွန်းထုတ်နေကြတာလည်း တွေ့ရပါတယ်။

“မဟုတ်သေးပါဘူး။ လုံခြုံရေးတပ်ဖွဲ့က လာခေါ်ရင် ဒီလိုလမ်းမှာ ခေါ်လေ့ မရှိပါဘူး။ နောက်က လိုက်နေတာ ၁ လတောင် ရှိပြီ ဆိုသေး။ အိမ်ပဲ လာခေါ်မှာပေါ့။ အလိုအော်ဂျက် ဖြစ်မဲ့ ကိစ္စမျိုး လုပ်မည် မဟုတ်ပါ။ မူးယစ်/ဒေါ်လာ/ရွှေသမားပဲ အဲ့လို စိလေ့ရှိတယ်။” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ အဆိုပါ မှတ်ချက်အပေါ် စစ်ကောင်စီ အရာရှိ ၂ ဦးက အိမ်ကို လာပြီး အိမ်မှာ မရှိလို့ EV သွင်းတဲ့နေရာ လိုက်လာတာလို့ သူက ပြန်ပြောပါတယ်။

အခြား ပြည်သူတစ်ဦးကလည်း “ပြန်ပေးဆွဲတာရှင်းနေတာကို သက်ဆိုင်ရာက ခေါ်တာ ဖမ်းဝရမ်း မပါပဲ ခေါ်လို့ ရလား မျက်လုံး အဝတ်စည်းစရာလား အကြီးကြီးကို လွဲနေတာ အကုန်လုံးက အာဏာသိမ်းရဲ့ အကျိုးဆက်တွေပါပဲ” လို့ မှတ်ချက်ပြုပါတယ်။

အလားတူ အခြား ပြည်သူတစ်ဦးကလည်း ပြန်ပေးဆွဲခံရတာ ဖြစ်ပြီး နာမည်ကြီး သတင်းဖြစ်သွားတာကြောင့် ပြန်လွှတ်ပေးတာလို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ပြည်သူတစ်ဦးကို ၂၄ နာရီထက် ကြာအောင် ဖမ်းဆီး စစ်ဆေးခွင့် ရှိတဲ့ ဥပဒေလားဟု အခြား ပြည်သူတစ်ဦးကလည်း မေးခွန်းထုတ်ထားပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးမိန့် မပါဘဲ ဖမ်းနေတာက ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေရဲ့ လုပ်ကွက်လို ဖြစ်နေတယ်လို့ ပြည်သူတစ်ဦးက ထောက်ပြထားပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်ကို အတုယူပြီး ပြန်ပေးသမားတွေ အတင့်ရဲလာနိုင်တယ်လို့လည်း အထက်ပါ ပြည်သူက ဆက်ပြောထားပါတယ်။

မနှင်းလဲ့လဲ့ပိုင်က ဒီလို ဖြေရှင်းရတာက သူမရဲ့ လုပ်ငန်းအတွက် Branding ပြုလုပ်တာ မဟုတ်ဘဲ ပရဟိတ အလုပ်တွေလည်း လုပ်သလို နာမည်ပျက်လည်း မရှိတာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ညီမလို လုပ်ငန်းရှင် လူငယ်တွေ အနေနဲ့ လုပ်ငန်းတွေ run တဲ့အချိန်မှာ အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် လုပ်ထားဖို့၊ ငွေလွှဲ transaction အကြီးတွေဆို သတိထားဖို့၊ ကိုယ် deal လုပ်နေတဲ့ business partner တွေကို သေချာ စုံစမ်းထားဖို့၊ ငွေဖြူ ငွေမဲ ကိစ္စတွေ အတတ်နိုင်ဆုံး ရှောင်ကြဖို့၊ ဒေါ်လာ လက်ဝယ် ကိုင်ဆောင်မှုတွေ အမောင့်များရင် စနစ်တကျ ကိုင်တွယ်ကြဖို့ လိုပါတယ်။” လို့ မနှင်းလဲ့လဲ့ပိုင်က ဆိုပါတယ်။

မနှင်းလဲ့လဲ့ပိုင်ဟာ ငွေကြေး ချမ်းသာသူ အများစု အဖွဲ့ဝင်ထားတဲ့ Rotary Club မှာ အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ သူမနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်ဆိုသူတွေကိုလည်း အောက်တိုဘာ ၂၆ ရက်မှာ ပြန်လွတ်လာတယ်လို့ သူက ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခက်ခဲပြီးကြောက်စရာကောင်းတဲ့အခြေအနေကြုံခဲ့ရတယ်လို့ ကာယကံရှင်ဖွင့်ဟ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

Facebook