နိုဝင်ဘာ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ ချမှတ်ရန်ရှိတဲ့ စီရင်ချက်နဲ့ စစ်အုပ်စု ကာလရှည်ကြာ အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ဖို့ အားထားမျှော်မှန်းလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)မှာ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနဲ့ အပြန်အလှန်ဆွေးနွေးတဲ့ အစီအစဉ်ကို အောက်တိုဘာ ၃၀ရက်က ပြုလုပ်ခဲ့ရာ ဦးကျော်မိုးထွန်းက အခုလို တင်ပြပြောကြားခဲ့တာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဂမ်ဘီယာနိုင်ငံဟာ ဟာ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ၂၀၁၉ မှာ တရားစွဲဆိုခဲ့ရာ လျှောက်လဲချက် စစ်ဆေးမှုတွေ အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ အမှုနဲ့ပတ်သက်ပြီး အခုနှစ်ကုန်ပိုင်းမှာ စီရင်ချက် ချမှတ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတဲ့ အခြေအနေမှာ ဦးကျော်မိုးထွန်းက အခုလို ဆွေးနွေးတင်ပြခဲ့တာပါ။

Public Service Announcement
ဒါ့အပြင် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအနေဖြင့် လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ပါ အကြံပြုချက်များအား အထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီတို့နဲ့ ချိတ်ဆက်ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေမယ့် တိကျသော မဟာဗျူဟာများကို အကြံပြုပေးစေလိုကြောင်း သံအမတ်ကြီးက ဆွေးနွေးကာ ကွာဟချက်များရှိကလည်း ထုတ်ဖော်ပေးစေလိုတယ်လို့ တင်ပြခဲ့ပါတယ်။
အဓိကအားဖြင့် စစ်အုပ်စု အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆိုးဆိုးရွားရွား အန္တရာယ်ပြုခြိမ်းခြောက်လျက်ရှိနေကြောင်းလည်း သံအမတ်ကြီးက ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် ဒေသတွင်းလုံခြုံရေးနဲ့ နိုင်ငံတကာစံနှုန်းများအား ပျက်စီးစေနိုင်တဲ့ စစ်အုပ်စု ရဲ့ ဖျက်အားကို လျှော့မတွက်ဘဲ သတိထားဖို့ လိုအပ်ကြောင်းလည်း ဦးကျော်မိုးထွန်းက သတိပေးပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့တဲ့ ဆွေးနွေးချက်တွေမှာ လူ့အခွင့်အရေးကောင်စီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးပြဿနာများနဲ့ ၎င်းတို့ ကြောင့်ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲစိန်ခေါ်မှုများအား အစဉ်တစိုက် ဖြေရှင်းပေးလျက်ရှိတဲ့အပေါ် မြန်မာနိုင်ငံအနေဖြင့် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်နှစ်ရပ်ကို တူညီဆန္ဒဖြင့် အတည်ပြုခဲ့တာ၊ ရိုဟင်ဂျာ မွတ်ဆလင်များနဲ့ အခြားသော တိုင်းရင်းသားလူနည်းစုများရဲ့ လူ့အခွင့်အရေး အခြေအနေများအပါအဝင် မြန်မာနိုင်ငံရဲ့ ဆိုးရွားသောလူ့အခွင့်အရေးအခြေအနေအား အစီရင်ခံပေးတာအပေါ်ကြိုဆိုကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ဒါ့ပေမဲ့ ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အချိန်အခါမှာ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း လက်တွေ့မှာ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုများ အားနည်းလျက်ရှိတဲ့အပေါ် အားမရ ဖြစ်ရတယ်လို့လည်း ဦးကျော်မိုးထွန်းက ဆွေးနွေးပါတယ်။
အာဏာသိမ်းစစ်အုပ်စု တရားမဝင် စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်ကျော်လာခဲ့တဲ့ ကာလတစ်လျှောက် မြန်မာပြည်သူများအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခများကို နေ့စဉ်ကြုံတွေ့ခံစားနေရကြောင်းလည်း ဦးကျော်မိုးထွန်းက အသိပေးပါတယ်။
စစ်အုပ်စုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအားမီးရှို့ဖျက်ဆီးမှုများ၊ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းမှုများ အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့် ကျူးလွန်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကျပ်အတည်းဟာ နေ့စဉ်နဲ့ အမျှ ပိုမိုနက်ရှိုင်းလာနေပြီး အကြမ်းဖက်မှုများ မြင့်တက်ခြင်း၊ လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာခြင်းနဲ့ အခြေခံ အဆောက်အဦများ ပြိုလဲပျက်စီးခြင်းတို့ဖြင့် ပြည့်နှက်နေကြောင်းသံအမတ်ကြီးကဆွေးနွေးတင်ပြခဲ့ပါတယ်။




















































