နေ့သစ်/People’s Spring
“ဒီပဝါကို အနီးကပ်ကြည့်ကြည့်ရင် ကျဆုံးသွားသူတွေရဲ့ နာမည်တွေနဲ့ အသက်တွေကို ဖော်ပြထားပါတယ်။အငယ်ဆုံးက နှစ်လသားပါ၊ အကြီးဆုံးက ၁၀၅ နှစ်ပါ…”
စကားလုံးတစ်လုံးချင်းစီကို ထွက်ကျလာစေဖို့ အားယူရင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အသံတို့ တိမ်ဝင်သွားခဲ့တယ်။
စာရွက်ကို ကိုင်ဆောင်ထားတဲ့ သူ့ရဲ့လက်ချောင်းတွေဟာ တုန်ယင်နေသလို၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရဲ့အစည်းအဝေးခန်းမအတွင်း သံတမန်ပေါင်းများစွာရဲ့ရှေ့မှောက်မှာ သံအမတ်ကြီးရဲ့ ပါးပြင်ပေါ်သို့ မျက်ရည်စတွေ စီးကျလာခဲ့တယ်။

Public Service Announcement
အစောပိုင်းမိနစ်တွေမှာသံအမတ်ကြီးဦကျော်မိုးထွန်းက ပုံမှန်မိန့်ခွန်းပြောကြားနာကျအတိုင်းပြောခဲ့ပေမယ့် စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေး တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ သူရဲကောင်းတွေ နဲ့ သေဆုံးခဲ့တဲ့အပြစ်မဲ့ပြည်သူတွေရဲ့ အမည်တွေရေးထိုးထားတဲ့ပဝါအကြောင်း ပြောချိန်မှာတော့ ဝမ်းနည်းမျက်ရည်ကျခဲ့တဲ့အပြင် မိန့်ခွန်းစာရွက်ကိုင်ထားတဲ့ လက်တွေလည်း တုန်ခါနေတာ တွေ့ရပါတယ်။ စကားလုံးတစ်လုံးထွက်ကျလာဖို့ သံအမတ်ကြီး အားယူကြိုးစား ပြောကြားတာကိုလည်း တွေ့ရပါတယ်။
သံအမတ်ကြီးဟာ တင်းတော့ တင်းခံထားပါသေးတယ်။ သို့ပေမဲ့ သူ့လက်မှာကိုင်ထားတဲ့ ပဝါလေးတစ်ထည်ဆီကရတဲ့ မြန်မာပြည်သူတွေရဲ့ ဝမ်းနည်း နာကျည်း ဆုံးရှုံးမှု အငွေ့အသက်တွေကြောင့် ဘယ်လိုမှ ဆက်တင်းမခံနိုင်ခဲ့ဘူး။
“ဒီရဲရင့်တဲ့ပြည်သူတွေ၊ အပြစ်မဲ့ပြည်သူတွေဟာ လွတ်လပ်ခွင့်အတွက် သူတို့ရဲ့ဘဝတွေကို စွန့်လွှတ်ခဲ့ပါတယ်။ ကျွန်တော် သူတို့နာမည်တွေကို ဖတ်လိုက်ချိန်မှာ ကျွန်တော့်နှလုံးသားကွဲကြေရပါတယ်”လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပုံမှန်မိန့်ခွန်းပြောကြားမှု အဆုံးသတ်မှာ လေးနက်တဲ့အကြောင်းအရာတစ်ခုကို မျှဝေခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပါတယ်။ အဲဒီနောက် ပဝါလေးတစ်ထည်ကို ကိုင်မြှောက်ပြခဲ့တယ်။ သာမန်ဆိုရင်တော့ ပဝါဆိုတာ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတစ်ခုခုဖြစ်မှာပါ။ဒါပေမယ့်နွေဦးတော်လှန်ရေးထုတ်ကုန်တစ်ခုဖြစ်တဲ့ ဒီပဝါလေးဟာ ဖက်ရှင်ပစ္စည်း ဆိုတာထက် အများကြီး အဓိပ္ပါယ်လေးနက်နေခဲ့ပါတယ်။
သံအမတ်ကြီးကိုင်ထားတဲ့ ပဝါလေးဟာ အဆိုတော်လင်းလင်းရဲ့ ပြဇာတ်-၂၁(Theatre 21)ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ပဝါ(Scarf)ပေါ်မှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းစစ်အုပ်စုနဲ့ သူ့ရဲ့ လက်ပါးစေတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၈,၀၉၅ဦးရဲ့ အမည်နဲ့အသက်တွေကို ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိ အသက်ဆုံးရှုံးခဲ့ရသူအရေအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာလည်းဖြစ်ပါတယ်။
ဒါတောင်အခုအရေအတွက်ဟာ AAPP အတည်ပြုပြီးအရေအတွက်သာဖြစ်ပြီး အတည်ပြုနေဆဲ ကြွေလွှင့်ပြည်သူ ၅၀၀၀ ကျော်အမည်တွေကျန်ပါသေးတယ် ။ဒါ့အပြင် မင်းအောင်လှိုင် သမ္မတဖြစ်ဖို့အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသား တစ်သိန်းကျော်တောင်ရှိနေပြီဖြစ်ပါတယ် ။
သံအမတ်ကြီးဦးကျော်မိုးထွန်းကပဝါကို အောက်တိုဘာ၂၇နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊တတိယကော်မတီရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာအစည်းအဝေးခန်းမထဲကို ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းကသူ့ရဲ့ ဆွေးနွေးမှုအဆုံးသတ်မှာ လေးနက်တဲ့အကြောင်းအရာတစ်ခုမျှဝေခွင့်ပြုပါဆိုပြီး Theatre21ရဲ့ထုတ်ကုန်ပဝါကိုပြသကာ ပဝါအကြောင်းပြောပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီပဝါဟာ ဖက်ရှင်အသုံးအဆောင်သက်သက်သာမဟုတ်ဘဲ ပဝါပေါ်မှာကြွေလွင့်သူရဲကောင်းတွေ၊ အပြစ်မဲ့ပြည်သူတွေရဲ့ နာမည်တွေကို ရေးထိုးထားကြောင်း ပြောပြခဲ့ပါတယ်။
နှစ်လသား အရွယ်ကလေးငယ်မှ ၁၀၅ နှစ်အရွယ် အဘိုးအဘွားတွေအထိ နွေဦးတော်လှန်ရေးမှာ ကြွေလွင့်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ ဖြစ်စဥ်ကို သံအမတ်ကြီးက ကမ္ဘာကို မီးမောင်းထိုးပြခဲ့တာပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးစတင်ချိန်ကနေ ယနေ့အထိ ပြည်သူ့ဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ အမျိုးသားသူရဲကောင်း သံတမန်တစ်ဦးဖြစ်ပါတယ်။ မျက်နှာစုံညီ အစည်းအဝေးတွေမှာ မြေပြင်မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ဆေးရုံ၊ စာသင်ကျောင်းတွေနဲ့ဘာသာရေး အဆောက်အအုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကို ငါးနှစ်ကျော်တိုင် ရဲဝံ့စွာ အစီရင်ခံခဲ့သူပါ။
ကုလသမဂ္ဂမှာ သူပြောခဲ့တဲ့မိန်းခွန်းတွေ၊ဆွေးနွေးချက်တွေထဲမှာ အောက်တိုဘာ ၂၇ ရက်က ဒီပဝါအကြောင်းဆွေးနွေးချက်က မြန်မာပြည်သူတွေရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သလို ၊ မြန်မာ့အရေး လစ်လျူရှုခံနေရတဲ့နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုလည်းအတော်အသင့်ရရှိခဲ့ပါတယ် ။ဒါဟာသူ့ရဲ့ ကုလသမဂ္ဂမှာ ဒုတိယမြောက်သမိုင်းဝင် ဆွေးနွေးချက်တွေလို့လည်းပြောနိုင်ပါတယ် ။
ပထမအကြိမ်ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရပ်မှာစစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်ကြောင်း ၊မြန်မာပြည်သူတွေရဲ့အတူရပ်တည်ကြောင်းကုလသမဂ္ဂ ဌာနချုပ်ထဲမှာမိန့်ခွန်းပြောရင်းလက်သုံးချောင်းထောင်ခဲ့တာ ဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းစိတ်လှုပ်ရှားစွာပြောကြားရင်း အရေးတော်ပုံအောင်ရမည်လို့ လက်သုံးချောင်းထောင်ခဲ့တဲ့အခိုက်အတန့်က သူ့ရဲ့ အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် ဖြစ်သလို မြန်မာပြည်သူတွေရဲ့ နှလုံးသားကိုလည်းသိမ်းပိုက်ခဲ့ပါတယ် ။
ဒါကြောင့် အာဏာသိမ်းစစ်တပ်က သံအမတ်ကြီးအပေါ်ဘအညှိုးထားပါတယ် ။ ၂၀၂၁ မှာပဲ စစ်တပ်က လက်နက်ပွဲစားရဲ့ လူယုံတွေကတဆင့် ဦးကျော်မိုးထွန်းကိုလုပ်ကြံဖို့အထိ ကြံစည်ခဲ့ပါတယ်။နောက်တော့သူ့အတွက်လပေါင်း အတော်ကြာအောင် အမေရိကန် အစိုးရကတောင် လုံခြုံရေး စီစဉ်ပေးခဲ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဦးကျော်မိုးထွန်းကိုဖယ်ရှားပြီး စစ်တပ်လူကို အစားထိုးဖို့ တချိန်လုံးကြိုးစားခဲ့တာပါ။ဒါပေမယ့်မအောင်မြင်ပါဘူး။ စစ်တပ်ဟာ သူ့ပတ်စ်ပို့တ်ကို ပယ်ဖျက်ခဲ့သလို ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ဘဏ်အကောင့်ကို ထိန်းချုပ် ပိတ်ဆို့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူက ရှင်းပြပါတယ်။
၂၀၂၆ ဇူလိုင်လတုန်းကလည်းအာဏာသိမ်း စစ်တပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ ဆက်ရှိနေခွင့်ရဖို့ ဒေါ်လာ ၂.၆ သန်းလောက်ကို မလျော်မကန် အသုံးပြုခဲ့ကြောင်း စွပ်စွဲရေးသားထားပါတယ်။ စစ်တပ်ဟာ ဦးကျော်မိုးထွန်းကို ဝရမ်းပြေး၊ သူခိုး၊ သစ္စာဖောက်စတဲ့ အသုံးအနှုန်းတွေနဲ့လည်း အမျိုးစုံ ပုတ်ခတ်ခဲ့ဖူးပါတယ်။ ဒီလထဲမှာတော့ အဲဒီ အပုပ်ချ ဝေါဟာရတွေကို စစ်တပ်က ပိုပြီး ဖောဖောသီသီ သုံးစွဲလာသလို ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ပါ ချိတ်ဆက်ထားတယ်ဆိုပြီးခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမယ့် သံအမတ်ကြီးကတော့မြန်မာပြည်သူတွေအတွက် ကုလသမဂ္ဂစစ်မျက်နှာမှာ မြဲမြဲရပ်ပြီး တိုက်ပွဲဝင်နေတာဖြစ်ပါတယ် ။အောက်တိုဘာ ၂၇ ရက်က ကုလသမဂ္ဂမှာ ပဝါတစ်ထည်ရဲ့ ရာဇဝင်ကနေ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း ကမ္ဘာကအာရုံစိုက်လာအောင်ဆွေးနွေးချက်ကတော့ ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေ စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးသူဘယ်လောက်တောင် ကြိုးပမ်းနေလဲဆိုတာကိုကမ္ဘာသိ သက်သေဖြစ်လာပါတယ် ။
“ကျွန်တော် ဒီပဝါပေါ်မှာ နောက်ထပ်နာမည်တွေ ထပ်တိုးလာတာမျိုး မဖြစ်စေချင်တော့ပါဘူး။ ကျွန်တော်တို့ နောက်ထပ် သူရဲကောင်းတွေ ဒါမှမဟုတ် အပြစ်မဲ့ပြည်သူတွေ ဘယ်လိုမှ ဆုံးရှုံးမခံနိုင်တော့ပါဘူး”လို့ သံအမတ်ကြီးက ပြောပါတယ်။
သံအမတ်ကြီးက ရိုးရှင်းပေမဲ့ မြန်မာပြည်သူတွေအတွက် အလွန်ကို အရေးကြီးတဲ့တောင်းဆိုချက်တစ်ခုကိုတောင်းဆိုပါတယ်။
မြန်မာပြည်က ပြည်သူတွေ၊ လူငယ်တွေ၊ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေဟာ အံ့ဩစရာကောင်းတဲ့ ခံနိုင်ရည်နဲ့ လုပ်နိုင်သမျှ အကုန်လုံး လုပ်ဆောင်ခဲ့ကြပြီးပြီဖြစ်ကြောင်း၊ ဒါ့ကြောင့် စစ်အုပ်စုထံ စစ်လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုတွေ ပိတ်ဆို့ဖို့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို သံအမတ်ကြီးက ထပ်မံပြီး လေးနက်စွာ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေစုစည်းထားတဲ့ ၊ NUG နဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေစုစည်းထားတဲ့ SCEF က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်ရေးကြိုးပမ်းနေကြပါတယ်။သူတို့ဟာ ခင်ဗျားတို့ရဲ့အကူအညီကိုလိုအပ်နေပါလို့လည်း SCEF အကြောင်းကိုထည့်သွင်းပြောကြားခဲ့ပါတယ်။
အထက်ပါကုလသမဂ္ဂအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့ ၊မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲနစ်ကိုလက်စ်ကူးမ်ဂျီယန် ၊ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူကယ်လီကာရီ တို့ကလည်းမိန့်ခွန်းပြောခဲ့ပြီး မြန်မာ့အရေးကို အစီရင်ခံခဲ့ပါတယ်။
ကယ်လီကာရီ ကဆိုရင် “မြန်မာနိုင်ငံမှာ ပြည်သူတွေသေဆုံးနေရတာ ၊ဒုက္ခတွေခံစားနေရတာ၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာ၊ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ပိုမိုဆိုးရွားလာတာ၊ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံနေတာတွေအတွက် မင်းအောင်လှိုင် နဲ့ သူရဲ့စစ်အုပ်စုဟာအဓိကအကျဆုံး တာဝန်အရှိဆုံးဖြစ်ပါတယ်”လို့ လည်းပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
အထူးကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေဟာ မြေပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်ဖော်ပြနေသလို အလွန် စိတ်နှလုံးထိခိုက်ဖွယ်ကောင်းတဲ့ အဖြစ်မှန်တွေကို ရှင်းလင်းစွာ ဖော်ထုတ်ပြသနေတယ်လို့ သံအမတ်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်လက်တွေ့ အခြေအနေဟာ ဘယ်အစီရင်ခံစာက ပြသနိုင်တာထက်မဆို များစွာ ပိုမိုဆိုးရွားနေကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။
“အလွန်ရှင်းလင်းတဲ့ အချက်တစ်ချက်ကတော့ စစ်အုပ်စုဟာ အာဏာရှင်ဖြစ်ပြီး သူတို့ ခံစားရရှိနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ မြန်မာနိုင်ငံက ဒုက္ခဆင်းရဲအားလုံးရဲ့ မူလဇာစ်မြစ် အရင်းခံအကြောင်းတရား ဖြစ်ပါတယ်”လို့ သံအမတ်ကြီး ပြောပါတယ်။
မြန်မာပြည်သူတွေဟာ မကြုံစဖူး ခွဲခြားမှုမရှိတဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုများနဲ့ စနစ်တကျ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကို မျက်မြင်တွေ့ကြုံနေရပြီး ပြည်သူလူထုအတွင်း အကြောက်တရား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေဖို့အတွက် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုလည်း စစ်တပ်က အဓိက ပစ်မှတ်တွေအဖြစ် ထားရှိတိုက်ခိုက်နေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။
သံအမတ်ကြီး၏ ဝမ်းနည်းကြေကွဲမှုဟာ တစ်ဦးတည်းရဲ့ ခံစားချက်မဟုတ်ပါဘူး။ အစည်းအဝေးခန်းမအတွင်း သူ့နောက်ကခုံမှာ ထိုင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ မြန်မာသံရုံးမှ CDM ပြုလုပ်ကာ တော်လှန်ရေးဘက်သို့ ကူးပြောင်းခဲ့တဲ့ မဂျွန်ဆု အပါအဝင် မြန်မာပြည်သူ မိသားစုတိုင်းရဲ့ ဝမ်းနည်းဆို့နင့်မှုလည်း ဖြစ်ပါတယ်။
ဒီရုပ်သံကို ကြည့်မိတဲ့ မြန်မာပြည်သူ ပြည်သားတိုင်းလည်း ဦးကျော်မိုးထွန်းလိုပဲ ဝမ်းနည်းမျက်ရည် ကျကြတယ်။ ဆို့နင့်ကြေကွဲရတယ်။
ကုလသမဂ္ဂ စင်မြင့်ထက်က ဦးကျော်မိုးထွန်းဟာ ပြည်သူတွေရဲ့ နာကျင်မှုကို ရင်ဝယ်ပိုက်ကာ ကမ္ဘာက မြန်မာ့အရေးကို မေ့လျော့မသွားစေဖို့ အရှိန်အဟုန်မပျက် ကြိုးပမ်းနေဆဲပါ။
သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကျဆင်းခဲ့တဲ့ မျက်ရည်တစ်စက်ဟာ အားနည်းခြင်းရဲ့ သင်္ကေတတော့ မဟုတ်ပါဘူး။ အဲဒီမျက်ရည်ဟာ မတရားမှုကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေရဲ့ မလျှော့သော ဇွဲသတ္တိနဲ့ အမှန်တရားအတွက် ရင်းနှီးထားရတဲ့ တန်ဖိုးကို ကမ္ဘာသိအောင် သက်သေထူလိုက်တဲ့သမိုင်းဝင် အမှတ်သင်္ကေတတစ်ခုပင် ဖြစ်ပါတယ်။




















































