-People’s Spring
ယူကရိန်း စစ်ပွဲမှာ ရုရှားအသုံးပြုနေတဲ့ စစ်လက်နက်တွေနဲ့ စစ်ရေး နည်းပညာ၊ နည်းစနစ်တွေဟာ မြန်မာ့ ပြည်တွင်းစစ် အပေါ်မှာပါ သက်ရောက် ရောက်မှုတွေ ရှိနေကြောင်း Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားဟာ စစ်လက်နက်တွေနဲ့ စစ်ရေး နည်းစနစ်တွေကို စမ်းသပ် အသုံးပြုခဲ့ပြီးအဲဒီနောက်ရုရှားရဲ့မဟာမိတ် အာဏာသိမ်း မြန်မာစစ်တပ်ကပါ တော်လှန်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်မှုမှာ သုံးစွဲလာနေတယ်လို့ Al Jazeeraရဲ့ Russian weapons, tactics seen in Ukraine are shaping Myanmar’s civil warက သုံးသပ်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အင်အားစု အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်မှုကိုခံလာရပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့ ရုရှားဟာ နေပြည်တော်မှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ဆက်ဆံမှုတွေကို တိုးမြှင့်လာခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာမင်းအောင်လှိုင်ရဲ့စစ်တပ်ကိုအာဏာသက်တမ်း ဆွဲဆန့်နိုင်အောင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေနဲ့ တခြား စစ်လက်နက်၊စစ်အသုံးအဆောင်တွေထောက်ပံ့ကူညီပေးခဲ့ပါတယ်။

Public Service Announcement

အကျိုးဆက်ကတော့ ရုရှားဟာ မြန်မာစစ်တပ်အတွက် အရေးအကြီးဆုံးပြည်ပမိတ်ဖက် နိုင်ငံတစ်ခု ဖြစ်လာတာပါပဲ။ တရုတ်ဟာ နိုင်ငံရေးအရ မြန်မာအပေါ်မှာ အဓိက လွှမ်းမိုးထားဆဲ နိုင်ငံတစ်ခုပါ။ဒါပေမဲ့ရုရှားလက်နက်တွေကတော့ပြည်တွင်းစစ်မှာ အကြီးအကျယ် အထိနာခဲ့ဖူးတဲ့ မြန်မာစစ်တပ်အတွက် အားသာချက်တွေ ပြန်လည်ရရှိလာအောင် အဓိက ပံ့ပိုးပေးခဲ့ပါတယ်။
ရုရှားလုပ် စစ်လက်နက်တွေဟာ မြန်မာ့ စစ်ရေးပဋိပက္ခ အခင်းအကျင်းမှာ ချိန်ခွင်လျှာ အပြောင်းအလဲတွေ ဖြစ်စေခဲ့တယ်လို့လည်း Al Jazeeraရဲ့ ဆောင်းပါးက သုံးသပ်ထားပါတယ်။ ရုရှားရဲ့ Sukhoi ကုမ္ပဏီကထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်တပ်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးတော်ခံပေးနေပါတယ်။မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုတွေဟာ ကျေးရွာတွေ၊ ကျောင်းတွေ၊ ဘာသာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကိုပါ ချမ်းသာမပေးခဲ့သလိုအရပ်သားပြည်သူတွေအများအပြားကိုသေဆုံး၊ ဒဏ်ရာရစေခဲ့ပါတယ်။
ကုလသမဂ္ဂ(UN)ကမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြည်တွင်းစစ်မှာ အရပ်သား သေကြေမှုတွေရဲ့ အဓိကအကျဆုံးအကြောင်းတရားတစ်ခု ဖြစ်လာနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ရုရှားဆီကနေဒရုန်းလက်နက်တွေနဲ့ ဒရုန်းဖျက် နည်းပညာတွေကိုလည်း လက်ခံရရှိခဲ့ပြန်ပါတယ်။ အဲဒီထဲမှာ တော်လှန်ရေး အင်အားစုတွေရဲ့ လျှို့ဝှက်စခန်းတွေကို ခြေရာခံပြီး တိုက်ခိုက်နိုင်တဲ့ကင်းထောက်နဲ့ တိုက်ခိုက်ရေး ဒရုန်းတွေလည်း ပါဝင်လာပါတယ်။
မြန်မာ့ နိုင်ငံရေးနဲ့ စစ်ရေး အကဲခတ်တွေကတော့ မြန်မာစစ်တပ်ဟာ အခုအခါ ရုရှားကယူကရိန်း စစ်ပွဲမှာ အသုံးပြုနေတဲ့ တိုက်ခိုက်ရေး နည်းစနစ်၊ နည်းလမ်းတွေကိုတုပအသုံးပြုနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီထဲမှာ စစ်သည်အင်အား အလုံးအရင်းအသုံးပြုပြီးပစ်မှတ်နေရာတစ်ခုဆီ အကြိမ်ကြိမ် ထိုးဖောက်စေ၊ ဖိအားပေး တိုက်ခိုက်စေတာမျိုး နည်းလမ်းလည်း ပါဝင်ပါတယ်။ အဲဒီနည်းဟာ စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်နိုင်ခြေ မြင့်တက်လာပေမယ့် အသေအပျောက်လည်း ပိုများနိုင်ပါတယ်။ တချို့ကတော့ ဒီလိုနည်းဗျူဟာမျိုးကို အသားကြိတ်စက်လို့အငေါ်တူးပြီး ခေါ်ဝေါ်ကြပါတယ်။

၂၀၂၄ ခုနှစ်မှာ မင်းအောင်လှိုင်က စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပါတယ်။အဲဒီဥပဒေကြောင့် စစ်တပ်ဟာ တပ်သားသစ် အင်အား ၁ သိန်းလောက် စုမိဆောင်းမိ ဖြစ်သွားတယ်လို့ ယူဆရပါတယ်။ဒါကြောင့် ရုရှားရဲ့ အသားကြိတ်စက် စစ်ဗျူဟာကိုလည်း မြန်မာစစ်တပ်က လိုက်ပြီး တုပအသုံးပြုလို့ ရလာခဲ့ပါတယ်။
ရုရှားကို မှီးပြီး မြန်မာစစ်တပ်အတွက် သိသိသာသာ တိုးတက်လာတဲ့ နောက်ထပ် ကဏ္ဍတစ်ခုကတော့ ဒရုန်းစစ်ဆင်ရေး စွမ်းရည်ဖြစ်ပါတယ်။ တော်လှန်ရေးကာလ အစပိုင်းတွေတုန်းက စစ်တပ်ဟာ လူငယ် တော်လှန်ရေးသမားတွေရဲ့ ဒရုန်းတွေ နှိပ်စက်တာကိုတော်တော်ကြီးမရှုမလှခံခဲ့ရပါတယ်။ဒါပေမဲ့ ရုရှားရဲ့ ပံ့ပိုးမှုနဲ့အတူ စစ်တပ်ဟာဒရုန်းတပ်ဖွဲ့တွေကို ပိုအားကောင်းအောင် တည်ဆောက်လာနိုင်ပါတယ်။ အခုဆိုရင် စစ်တပ် လက်ထဲမှာဒရုန်းပေါင်းစုံကိုင်တွယ်အသုံးပြုနေပါတယ်။ ထောက်လှမ်းရေးဒရုန်း၊ တိုက်ခိုက်ရေးဒရုန်းနဲ့ ဆူဆိုက်ဒရုန်းလို့ခေါ်တဲ့ဖောက်ခွဲရေးဒရုန်းတွေ အကုန်လုံး ရှိနေပါတယ်။
စစ်တပ်ဟာ ခြေမြန်တပ်တွေကို ဒရုန်းအသုံးပြုမှု သင်ကြားပေးမယ့် အထူးဒရုန်းယူနစ် တစ်ခုကိုပါ ဖွဲ့စည်းထားပါတယ်။ တော်လှန်ရေး တပ်တွေကလည်း ဒရုန်းတွေကို အသုံးပြုနေတာပါပဲ။ ဒါပေမဲ့ ရုရှားနည်းပညာနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်ရဲ့ ဒရုန်းတွေက ပိုပြီးခေတ်မီသလို ဟန့်တားဖို့လည်း ခက်တယ်လို့ စစ်ရေးပါရဂူတွေက ပြောပါတယ်။
တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ စစ်တပ်ရဲ့တိုက်ခိုက်မှုတွေဟာအရပ်သားတွေကိုလည်း ချမ်းသာမပေးပါဘူး။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်းသေဆုံးခဲ့သူ ပြည်သူအရေအတွက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထောင်နဲ့ချီ များပြားခဲ့ပါတယ်။အရပ်သား ပစ်မှတ်တွေကိုပါ လေကြောင်းကနေ တိုက်ခိုက်မှုတွေဟာ ယူကရိန်း နဲ့ ဆီးရီးယား စစ်မြေပြင်တွေမှာ ရုရှားစစ်တပ်ကလည်း မြိန်ရည်ယှက်ရည် လုပ်ပြခဲ့ဖူးပြီးသား ကိစ္စတွေပါ။ မြန်မာနိုင်ငံမှာတော့ လောလောလတ်လတ်အဖြစ် ပဲခူးတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ် ကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ၊ စစ်သုံ့ပန်းတွေ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

ရုရှားနဲ့ မြန်မာတို့ဟာ စစ်လက်နက် ထုတ်လုပ်ရေး ကဏ္ဍမှာလည်း ပူးပေါင်းမှုတွေ အရှိန်မြှင့်လာပါတယ်။အာဏာသိမ်း စစ်တပ်နဲ့ ရုရှားအစိုးရဟာ စစ်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တဲ့အပြင် နှစ်နိုင်ငံ တိုက်ရိုက် လေကြောင်းပျံသန်း ပြေးဆွဲမှုတွေ၊ နျူကလီးယား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေတွေကိုပါ ဆွေးနွေးထားကြပါတယ်။ ရုရှား သမ္မတ ပူတင်ရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ ဆာဂျီရွှိုင်ဂူ အပါအဝင် ထိပ်တန်း အစိုးရ အရာရှိတွေဟာ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်တပ်နဲ့ ဆက်ဆံရေးကို မြှင့်တင်လာခဲ့ပါတယ်။ မြန်မာစစ်တပ် အရာရှိတွေကို ရုရှားက လေ့ကျင့်ပေးတာတွေ၊ အဆင့်မြင့် လက်နက်စနစ်တွေအတွက်သင်တန်းပေးတာတွေကိုလည်း လုပ်ဆောင်လာခဲ့ပါတယ်။
မြန်မာစစ်တပ်ကို ဒီလို ထောက်ပံ့နေ၊ ကူညီနေတာတွေက ရုရှားဟာ တစ်ဖက်သတ် ပေးဆပ်နေတဲ့ အဓိပ္ပါယ်တော့မဟုတ်ပါဘူး။စစ်တပ်ဆီလက်နက်တွေ ရောင်းရင်း အရှေ့တောင်အာရှ ဒေသတွင်းမှာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ တစ်ခုကို ရုရှားက ရရှိလာပါတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေအောက်မှာ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ရုရှားလက်နက်တွေကို အကြီးအကျယ် မှီခိုလာရပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ ကြုံနေရတဲ့တိုင် နိုင်ငံတကာ စစ်မဟာမိတ် ကွန်ရက်တစ်ခု တည်ဆောက်နိုင်စွမ်း ရှိနေဆဲလို့ ရုရှားကပြသချင်နေပြီး အခုအခြေအနေကအဲဒီရည်မှန်းချက်အတွက် ကောင်းကောင်းအထောက်အကူဖြစ်နေပါတယ်။
ဒါပေမယ့် တချို့နိုင်ငံရေးအကဲခတ်တွေကတော့ တကယ်လို့ ပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်တပ်က သိသိသာသာ အရေးနိမ့်လာမယ်ဆိုရင် ရုရှားက ထဲထဲဝင်ဝင် အကူအညီ ပေးလာမှာတော့ မဟုတ်ဘူးလို့ ယူဆနေပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေမှာတော့ ရုရှားရဲ့စစ်လက်နက်၊ စစ်ရေးနည်းပညာ၊ လေ့ကျင့်ရေး အထောက်အပံ့တွေဟာ မြန်မာစစ်တပ်ကို ပြည်တွင်းစစ်မှာ ဆက်ပြီး တိုက်ခိုက်နေနိုင်အောင် အသက်ဆက်ပေးထားပါတယ်။
ယူကရိန်း စစ်ပွဲကို စောင့်ကြည့်ပြီး သင်ယူနေတာကစစ်တပ်တစ်ခုတည်းတော့မဟုတ်ပါဘူး။တော်လှန်ရေး တပ်တွေဟာလည်း ခေတ်မီ ဒရုန်းတွေ အသုံးပြုမှု အပါအဝင် ယူကရိန်း စစ်မြေပြင်ရဲ့ လက်တွေ့ အရှိတရားတွေကို မှီငြမ်းပြီး ဆည်းပူးလေ့လာနေကြပါတယ်။ဒါပေမဲ့လည်း အရင်းအမြစ်ပိုင်းမှာတော့ စစ်တပ်ကို ယှဉ်နိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲလို့ Al Jazeeraက ထောက်ပြသွားပါတယ်။
(Al Jazeera၏ Russian weapons, tactics seen in Ukraine are shaping Myanmar’s civil war ဆောင်းပါးကို People’s Spring က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)





















































