Connect with us

Hi, what are you looking for?

ရသ

အိမ်

သူကျောပိုးအိတ်ကိုလွယ်ပြီး ထွက်ခဲ့ပါပြီ။ ရှေ့မှာ ကြမ်းတမ်းတဲ့အနာဂတ်ကိုသူမျှော်မှန်းထားပါတယ်။ အမြို့မြို့အနယ်နယ်က လူတွေလည်းရောင်နီနဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။

  • ရေးသားသူ – သစ်ရွက်

အိမ်ကထွက်ခွါမယ့်နေ့က တစ်ညလုံးသူအိပ်မပျော်ခဲ့ဘူး။ အရင်ဆိုအိပ်မပျော်တဲ့နေ့တွေမှာ မြန်မြန်မနက်မိုးလင်းပါစေလို့အကြိမ်ကြိမ်ဆုတောင်းခဲ့ဖူးပါတယ်။ အဲဒီညကတော့ ရောင်နီလာမှာကိုသူစိုးရိမ်နေခဲ့တယ်။

ရောင်နီလာရင်သူအိမ်ကိုစွန့်ခွာရတော့မယ်၊ ဖေဖေ့ကိုထားခဲ့ရမယ်။ ဘယ်တော့ ပြန်လာနိုင်မယ်ဆိုတာကိုမသေချာတဲ့ ခရီးတစ်ခုကိုသူသွားရမှာပေါ့။ ခြေလှမ်းကိုဖွဖွလျှောက်ရင်း တစ်ညလုံး အိမ်ရဲ့အမှတ်တရအမှတ်အသားလေးတွေကို လိုက်ကြည့်နေမိတယ်။

ခရစ္စမတ်အကြိုညတွေဆိုရင် ဆန်တာကလော့စ်ဆီကလက်ဆောင်ရဖို့ သူ့ခြေအိတ်လေးကို ချိတ်ထားရလေ့ရှိတဲ့ အိမ်ရှေ့တံခါးဝ၊ ငယ်ငယ်ကစာမေးပွဲတွေနီးတိုင်း သူမုန်းမုန်းနဲ့ချစ်ရတဲ့ စာကြည့်စားပွဲလေး၊ မုန့်ဖိုးနဲ့စုပြီးဝယ်ထားရတဲ့ စာအုပ်စင်လေး၊ အရေးအကြီးဆုံးကတော့ နံရံပေါ်က မေမေ့ရဲ့ ဓါတ်ပုံ။ မေမေကအမြဲလှနေမြဲ။ သူ့ကိုပြုံးပြီးကြည့်လို့။

Public Service Announcement

Public Service Announcement

အစောကြီးနှုက်ဆက်သွားနိုင်ခဲ့တာ အခုတော့မေမေ့အတွက်သူ ဝမ်းသာနေခဲ့ပါတယ်။ လောကကြီးမှာတချို့အရာတွေဟာမတွေ့မြင်ခဲ့ရတာပိုကောင်းတယ်ဆိုတာသူသိခဲ့ပါပြီ။

လူတွေရဲ့နာကျင်မှုတွေ၊ လမ်းပေါ်ကသွေးစက်တွေ၊ ငိုကြွေးပူဆွေးမှုတွေ၊ ဒါတွေအားလုံးက ပူလောင်လွန်းလှပါတယ်မေ။ သူကတော့ အဲဒီပူလောင်မှုထဲကိုပဲ သွားလိုက်မှ တစ်နေ့ငြိမ်းချမ်းနိုင်မယ်လို့ ယုံကြည်ထားသူပါ။ မေမေသိရင် ခွင့်ပြုမှာမဟုတ်ဘူးဆိုတာလည်း သူသိပါတယ်။

အိပ်ခန်းထဲမှာဖေဖေအိပ်မပျော်ဘူးဆိုတာကိုသူသိနေခဲ့တယ်။ သူအိပ်မပျော်ဘူးဆိုတာကိုလည်း ဖေဖေသိနေတာ သူသိပါတယ်။ အိပ်ယာပေါ်ကလူးလွန့်သံ၊ ခပ်တိုးတိုးသက်ပြင်းချသံတွေက ဖေလည်းသူ့လိုပဲရောင်နီလာတော့မှာကိုစိုးရွံ့နေတာမဟုတ်လား။

သူခရီးအဝေးကိုထွက်ခွါသွားတော့မယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက်ပြောမပြဖြစ်ကြပေမယ့် ဖေဖေသိနေခဲ့တာအသေအချာပါ။ တစ်ဦးတည်းသောသားနဲ့အဖေဟာ မျက်လုံးတွေနဲ့တင် စကား ပြောလို့ရကြပါတယ်။

အခက်ခဲဆုံးကသူမရှိရင်ဖေဖေဘယ်လိုနေမလဲဆိုတာကို မတွေးမိအောင် ကြိုးစားတာပါပဲ။ ဘယ်တော့မှမအောင်မြင်ပါဘူး။ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်အောင်တော့ ဒီအတွေးကမစွမ်းဆောင်နိုင်ခဲ့ပါဘူး။

အိမ်ရှေ့က ပိတောက်ပင်မှာအိပ်တန်းတက်တဲ့ စာကလေးတွေရဲ့အသံကြားရတဲ့အခါ ရောင်နီလာတော့မယ်ဆိုတာကို သူသိပါပြီ။ ဖေလည်းသိမှာပါ။ ဒါဟာအရှည်လျားဆုံးညပေါ့။

သူကြိုတင်ပြင်ဆင်ထားတဲ့အဝတ်အစားနဲ့အသုံးအဆောင်တွေကို ကျောပိုးအိတ်ထဲကို ထည့်လိုက်ပါတယ်။ ဖေဖေ့အိပ်ခန်းတံခါးကိုသာသာလေးတွန်းဖွင့်လိုက်တယ်။ ဒါပေမယ့်ဆီမထည်းထားတဲ့တံခါးကတော့ တကျွိကျွိမြည်နေတာပါပဲ။

အိပ်ချင်ယောင်ဆောင်ပေးတာကျေးဇူးပါဖေ။ ဖေဖေသာ သားကိုခုချိန်မှာတစ်ခုခုပြောခဲ့ရင် ပြန်ပြောစရာစကားသားမှာမရှိလို့ပါ။ သူဒူးထောက်ထိုင်ချပြီး ဖေ့ကိုရှိခိုးတယ်။ သူငိုနေသလားလို့တော့မမေးပါနဲ့။ ဖေဖေငိုနေလားလို့လည်းမမေးပါနဲ့။ အခုချိန်မှာအဲဒါတွေဟာမေးခွန်းမဟုတ်တော့ပါဘူး။

တကယ်တော့ ဖေ့နဖူးကိုသူနှုက်ဆက်အနမ်းပေးချင်ခဲ့တယ်။ ဒါပေမယ့် ဖေဖေအိပ်ပျော် ချင်ယောင်ဆောင်နေပါစေတော့။ နှုက်ဆက်စာကို သူ့စာကြည့်စားပွဲမှာတင်ခဲ့တယ်။

ဖေဖေ

သား လွတ်မြောက်နယ်မြေတစ်ခုကိုထွက်သွားပါပြီ။
သားဒီတာဝန်ကိုလုပ်မှဖြစ်မှာမို့ပါဖေ။
ဖေကျန်းမာအောင်နေပေးပါ။
သားပြန်လာနိုင်အောင်ကြိုးစားဖို့ကတိပေးပါတယ်။

သား

အိမ်ရှေ့တံခါးကိုသူအသာအယာတွန်းဖွင့်လိုက်ချိန်မှာ နှလုံးသားထဲကပေါက်ကွဲသံတစ်ခုကို သူကြားလိုက်ရတယ်။ အိမ်ကိုသူထားခဲ့ရပြီပဲ။ ခုချိန်မှာအခန်းထဲမှာဖေဖေငိုနေပြီလား၊ သူ့မျက်ရည်တွေကိုသူသုတ်လိုက်တယ်။

ငယ်ငယ်က မဂ္ဂဇင်းတစ်ပုဒ်မှာ သူဆောင်းပါးတစ်ပုဒ်ဖတ်ခဲ့ဖူးတာသတိရတယ်။ ဆောင်းပါးရှင် ဂျာနယ်လစ်က ၂၀၀၄ ဒီဇင်ဘာ ၂၆ ဆူနာမီတိုက်ခိုက်မှုအပြီးမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းပေါ်က ဘန်ဒါအာချေးမြို့မှာရောက်နေခဲ့တာ။ ဒီနေရာဟာဆူနာမီကြောင့် သိန်းနဲ့ချီတဲ့လူတွေ သေဆုံးခဲ့တဲ့ နေရာ။ သတင်းစာဆရာဟာ အာချေးမြို့ရဲ့ ပင်လယ်ကမ်းနားသဲသောင်ပြင်မှာ ဒေသခံတံငါ ၅ဦး၊ သူ့စကားပြန်နဲ့အတူ ညသန်းခေါင်မီးလှုံနေခဲ့တယ်။ တံငါ၅ဦးစလုံးဟာ သူတို့ဇနီးတွေအပါအဝင် မိသားစုဝင်တွေကိုဆူနာမီမှာ ဆုံးရှူံးထားခဲ့ကြရသူတွေပါ။

သတင်းစာဆရာကမေးတယ်။


“ခင်ဗျားတို့ ဒီမှာဘာဖြစ်လို့ ဆက်နေနေကြတာလဲ၊ သိပ္ပံပညာရှင်တွေကလည်းပြောတယ်၊ ဒီဆူမတြားကျွန်းကြီးဟာတစ်နေ့ရေအောက်ထဲမှာ နစ်မြှုပ်သွားမယ်တဲ့”

တံငါတွေသူတို့အချင်းချင်းတီးတိုးပြောကြတယ်။ ပြီးတော့ တစ်ယောက်ကဖြေပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ဒီနေရာဟာ ကျွန်တော်တို့ ’အိမ်’ ဖြစ်လို့ပါပဲ”

သူကျောပိုးအိတ်ကိုလွယ်ပြီး ထွက်ခဲ့ပါပြီ။ ရှေ့မှာ ကြမ်းတမ်းတဲ့အနာဂတ်ကိုသူမျှော်မှန်းထားပါတယ်။ အမြို့မြို့အနယ်နယ်က လူတွေလည်းရောင်နီနဲ့အတူ လမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။

အိမ်ပြန်မရောက်နိုင်သေးသူတွေအားလုံး၊ အိမ်ကမျှော်နေကြသူတွေအားလုံး…
တစ်နေ့အိမ်မှာပဲပြန်ဆုံကြတာပေါ့။

ဆက်စပ်သတင်းများ

ရသ

မိသားစုတွေခွဲခွါကြရတဲ့တိုင်းပြည်မှာဖေဖေတို့နေထိုင်ကြရတယ်။ လူ့တန်ဖိုးဟာအနိမ့်ဆုံး၊ လူ့အသက်ဟာ ဈေးအပေါဆုံးပေါ့။ အခုတော့လူ့အခွင့်အရေးဟာဂေါ်ဖီထုပ်တစ်ထုပ်လောက်တောင်အဖိုးမတန်တော့ပါဘူး။

ရသ

ဗုံးခိုကျင်းထဲအတူရှိနေတဲ့ ကလေးလေးဆီအကြည့်ရောက်သွားတော့ စိုးရိမ်အကြောက်လန့်မှု မျက်ဝန်းချင်း ဆုံသွားကြတော့တယ်။ ဓာတ်မီးရောင်လဲ့လဲ့ကြား တဖျက်ဖျက်လဲ့နေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်လေးရဲ့ မျက်ဝန်းတွေထဲ မျက်ရည်တွေဝေ့ဝဲနေလေသလား။ ဓာတ်မီးရဲ့ အလင်းရောင်ကြောင့်ရယ်ပဲလားတော့ မသိ။

နိုင်ငံတကာ

အသက် ၇၂ နှစ်အရွယ် ဗိုဂျင်ကူဆစ်က သူ့ဇနီးဟာ အိမ်ရှေ့ ပြတင်းပေါက် ရှုခင်း ပုံသေ ဖြစ်မနေရင် ကောင်းမယ်လို့ ဆန္ဒပြုခဲ့တာကြောင့် ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ကြောင်း ရှင်းပြပါတယ်။