Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဇနီးရဲ့ ဆန္ဒအတိုင်း ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်တဲ့ အိမ်တစ်လုံး ကိုယ်တိုင် ဆောက်ပေးခဲ့တဲ့သူ

အသက် ၇၂ နှစ်အရွယ် ဗိုဂျင်ကူဆစ်က သူ့ဇနီးဟာ အိမ်ရှေ့ ပြတင်းပေါက် ရှုခင်း ပုံသေ ဖြစ်မနေရင် ကောင်းမယ်လို့ ဆန္ဒပြုခဲ့တာကြောင့် ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ကြောင်း ရှင်းပြပါတယ်။

ဘော့စ်နီးယား နိုင်ငံသား တစ်ဦးဟာ ဇနီးဖြစ်သူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်တဲ့ အိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။

အသက် ၇၂ နှစ်အရွယ် ဗိုဂျင်ကူဆစ်က သူ့ဇနီးဟာ အိမ်ရှေ့ ပြတင်းပေါက် ရှုခင်း ပုံသေ ဖြစ်မနေရင် ကောင်းမယ်လို့ ဆန္ဒပြုခဲ့တာကြောင့် ဒီကိစ္စကို လက်တွေ့ အကောင်အထည် ဖော်ခဲ့ကြောင်း ရှင်းပြပါတယ်။ သူဟာ ဗိသုကာနဲ့ လက်သမား အတတ်တွေကို ကိုယ်ထူကိုယ်ထ သင်ယူခဲ့ပြီး အိမ်တစ်လုံး ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လယ်ကွင်း တစ်ခုနားမှာ တည်ရှိတဲ့ အိမ်ဟာ ၂၂ ပေ အချင်းရှိတဲ့ ဝင်ရိုးပြားပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဝင်ရိုးပြားကို လှည့်ပတ်ပြီး အိမ်ရဲ့ မျက်နှာမူရာ အရပ်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဇနီးသည်အတွက် ချစ်ခြင်းမေတ္တာ ပြယုဂ် တစ်ခုအဖြစ် တည်ဆောက်ခဲ့တဲ့ ကူဆစ်ရဲ့ အိမ်လေးဟာ အခုတော့ ဒေသတွင်းမှာ လူတွေ တကူးတက လာရောက်ကြည့်ရှုရတဲ့ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။

သူ့ရဲ့အိမ်ကို ၃၆၀ ဒီဂရီပြည့်အောင် အနှေးဆုံး မြန်နှုန်းနဲ့ လှည့်ပတ်ဖို့အတွက် ၂၄ နာရီ ကြာမြင့်မှာပါ။ အမြန်ဆုံး လှည့်ချင်ရင်တော့ ၂၂ စက္ကန့်တည်းနဲ့ တစ်ပတ်ပြည့်နိုင်တယ်လို့ ကူဆစ်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလောက် မြန်မြန် လှည့်လိုက်ရင် အိမ်ထဲက ပရိဘောဂတွေ ကျကွဲ ပျက်စီးကုန်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကူဆစ်ရဲ့ ဇနီးကတော့ သူ့ခင်ပွန်းရဲ့ ဗိသုကာ လက်ရာအပေါ် ဘာမှတ်ချက်မျ မပေးခဲ့ပါဘူး။ ကူဆစ်က သူဟာ ဆာဘီးယားနွယ်ဖွား အမေရိကန် တီထွင်ပညာရှင် နစ်ကိုလာ တက်စ်လာနဲ့ မီဟက်ဂျ်လို ပူပင်တို့ကို လေးစား အတုယူသူ ဖြစ်ကြောင်း ပြောပါတယ်။

သူ့ရဲ့ အိမ်က စိတ်ကူးအသစ်နဲ့ ထိုးထွင်း တီထွင်ထားတာမျိုးတော့ မဟုတ်ကြောင်း၊ ဒါပေမဲ့ စိတ်ဆန္ဒနဲ့ အသိပညာ ဗဟုသုတတွေတော့ လိုအပ်ကြောင်း ကူဆစ်က မှတ်ချက် ပေးခဲ့ပါတယ်။ သူ့ရဲ့ အိမ်လေး တည်ဆောက်ဖို့ ၆ နှစ် အချိန်ပေးခဲ့ရပါတယ်။ အဲဒီ အတောအတွင်း နှလုံးကျန်းမာရေး ပြဿနာကြောင့် ကူဆစ်ဟာ ဆေးရုံမှာ အချိန်အတော်ကြာ တက်ရောက်ကုသမှု ခံယူခဲ့ရပါသေးတယ်။

အဲဒီတုန်းက သူဟာ ဆရာဝန်တွေကို အနည်းဆုံး သူ့အသက် တစ်နှစ်လောက် ဆက်ရှည်အောင် ကုသပေးဖို့ အပူကပ်ခဲ့ကြောင်း၊ ဒါမှသာ ဇနီးအတွက် ရည်ရွယ်ထားတဲ့ အိမ်ကလေးကို အပြီးသတ်နိုင်မှာ ဖြစ်တဲ့အကြောင်း ကူဆစ်က ဆိုပါတယ်။ သူ့အိမ်လေးနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေက သူ့ခေါင်းထဲမှာပဲ ရှိနေကြောင်း၊ သူသာ ရုတ်တရက် သေသွားရင် ဒီအိမ်လေးကို ဘယ်သူမှ အပြီးသတ် တည်ဆောက်တတ်မှာ မဟုတ်ကြောင်းလည်း ကူဆစ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ