ပျံသန်းရင်း အင်ဂျင်မီးလောင်တယ်လို့ ယုံကြည်ရတဲ့ အခြေအနေကြောင့် ခရီးသည်တင် လေယာဉ်တစ်စီးဟာ ဖိလစ်ပိုင် နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ပါပူအာ နယူးဂီနီရဲ့ Air Niugini လေကြောင်းပိုင် ခရိးသည်တင် လေယာဉ်ဟာ ဟောင်ကောင်ကနေ ပါပူအာ နယူးဂီနီဆီ ပျံသန်းနေရင်း နိုဝင်ဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ဖိလစ်ပိုင် တောင်ပိုင်းက လေဆိပ်တစ်ခုမှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။
Boeing 767-383ER လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၃၇ ဦးနဲ့ အမှုထမ်း ၉ ဦးစလုံး အန္တရာယ် ကင်းရှင်းကြောင်း ဖိလစ်ပိုင် လေကြောင်း စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါဗာအိုမြို့ နိုင်ငံတကာ လေဆိပ်ဆီ လေယာဉ် ဆင်းသက်ပြီးတဲ့နောက် ခရီးသည်တွေနဲ့ အမှုထမ်းတွေကို လေဖြည့်ထားတဲ့ အရေးပေါ် လျှောတွေ အသုံးပြုပြီး ချက်ချင်း ရွှေ့ပြောင်းစေခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement
လေယာဉ်မှူးတွေက ညာဖက်အင်ဂျင်ထဲမှာ မီးတောက်လောင်နေတာ ထောက်လှမ်းတွေ့ရှိကြောင်း အချက်ပြ ဒိုင်ခွက်တွေမှာ သတိပေးလာတဲ့အတွက် ဖိလစ်ပိုင် လေကြောင်းထိန်းသိမ်းရေး ဌာနဆီ အရေးပေါ် ဆင်းသက်ဖို့ ခွင့်ပြုချက် တောင်းခံခဲ့ကြတာ ဖြစ်ပါတယ်။
လေယာဉ်ဟာ နိုဝင်ဘာ ၂၀ သန်းခေါင်အကျော်၊ နိုဝင်ဘာ ၂၁ ရက် မနက်အစောပိုင်းလောက်တုန်းက ဒါဗာအိုမှာ ချောချောမောမော ဆင်းသက်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် လေကြောင်း စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အဲရစ် အပိုလိုနီယိုက ပြောကြားသွားပါတယ်။
လေဆိပ် တာဝန်ရှိသူတွေက ခရီးသည်နဲ့ အမှုထမ်းတွေကို ရွှေ့ပြောင်းပေးပြီးတဲ့နောက် ယာယီ နေရာထိုင်ခင်း စီစဉ်ပေးထားခဲ့ကြောင်းလည်း သိရပါတယ်။ လေယာဉ်မှာ ထိခိုက်မှု တစ်ခုခု ရှိခဲ့သလား ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
လေယာဉ် ချဉ်းကပ်လာချိန်မှာတော့ အရေးပေါ် ဆင်းသက်နိုင်စေဖို့အတွက် ဒါဗာအို လေဆိပ်ဟာ တခြားလေယာဉ်တွေရဲ့ ခရီးစဉ်တွေကို ရပ်နားထားစေခဲ့ပြီး ပြည်တွင်း ပျံသန်းပြေးဆွဲမှု နှစ်ခုကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီနောက် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် လေဆိပ်ရဲ့ ပင်မ ပြေးလမ်းကို ပြန်ဖွင့်ပေးခဲ့ကြောင်းလည်း လေဆိပ် တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။
ကိုးကား: AP

























































