အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ‘မိတ်ဆွေတစ်ဦး’လို့ ရည်ညွှန်းခဲ့သူ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို နောက်တစ်နေ့မှာပဲ ယူကရိန်း သမ္မတက ‘လူသတ်သမား’လို့ စွပ်စွဲ ပြောကြားသွားပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ပူတင်နဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က ရုရှားရဲ့ အာဏာရှင် ခေါင်းဆောင်ဟာ သူ့ရဲ့ မိတ်ဆွေတစ်ဦးလို့ ညွှန်းဆိုသွားခဲ့ပါတယ်။ နိုဝင်ဘာ ၂၀ မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပူတင်ဟာ လူသတ်သမား တစ်ဦးလို့ ရှုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း အတွက်တော့ ပူတင်ဟာ ရန်သူတစ်ယောက် ဖြစ်ရုံသာ မကဘဲ လူသတ်သမား တစ်ယောက်လည်း ဖြစ်နေကြောင်း၊ ပြီးတော့ ကမ္ဘာသူ ကမ္ဘာသား အများစုကလည်း အဲဒီလိုပဲ ယူဆထားကြမှာဖြစ်ကြောင်း ဇီလန်စကီးက CNNနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ပူတင်ကို မိတ်ဆွေတစ်ယောက်လို့ ထရမ့်က သုံးနှုန်းခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်းရဲ့ သဘောထားကို CNNက မေးမြန်းခဲ့တဲ့အခါ ဇီလန်စကီးက အဲဒီလို ပြန်ဖြေခဲ့တာပါ။

Public Service Announcement
ရှန်ကျန်းမှာ တရုတ်၊ ရုရှားနဲ့ အမေရိကန် ခေါင်းဆောင်တွေ သုံးပွင့်ဆိုင် တွေ့ဆုံပွဲမှာတော့ ထရမ့်က ပူတင်ကို သူ့ရဲ့ မိတ်ဆွေ တစ်ဦးလို့ ညွှန်းဆိုခဲ့တာဖြစ်ပြီး ပူတင်ကလည်း အင်္ဂလိပ်ဘာသာနဲ့ တွေ့ရတာ ဝမ်းသာတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ မှာ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ထရမ့်က သူဟာ ပူတင်နဲ့ အရမ်းထူးကဲကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ဒါက ကောင်းမွန်တဲ့ ကိစ္စဖြစ်ကြောင်း၊ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း သူက ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ ဒီအခြေအနေတွေကြောင့် အမေရိကန်က ပိုပြီး ဘေးကင်းလုံခြုံမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ပူတင်က အမေရိကန်အတွက် မိတ်ဆွေကောင်း ဖြစ်မယ်လို့ ယူဆသလားဆိုတဲ့ မေးခွန်းတွေကိုတော့ ထရမ့်က အမေရိကန်အတွက် ကိုယ်စားပြုပြီး ဒီမေးခွန်းကို သူမဖြေနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ပူတင်ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာက အမေရိကန်အတွက် အများကြီး အားဖြစ်စေလိမ့်မယ်လို့တော့ ဆိုပါတယ်။
အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရ လက်ထက်တုန်းက ယူကရိန်းဖက်ကနေ ထဲထဲဝင်ဝင် ကူညီပေးပြီး ရုရှားအပေါ် တင်းမာတဲ့ သဘောထားမျိုးကို အထင်အရှား ပြသခဲ့ပါတယ်။ အိမ်ဖြူတော်ကို ထရမ့် တကျော့ပြန် ရောက်ရှိလာတဲ့ အခါမှာတော့ အမေရိကန် အစိုးရရဲ့ ရုရှားအပေါ် မူဝါဒက ပြောင်းလဲသွားပြီး ပူတင်နဲ့ ထရမ့်ကြား တိုက်ရိုက် တွေ့ဆုံမှုတွေ၊ စစ်ရပ်စဲရေးကိစ္စ အမေရိကန်က ကြားဝင်ညှိနှိုင်းပေးဖို့ နှစ်ဖက်ဆွေးနွေးမှုတွေကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။
ကိုးကား: AFP

























































