Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

အလင်းဆိုင်လွမ်းချင်း

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

ထွန်းညိုဦး ရေးသည်

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

ထိုတဲအိုကြီးသည် တချိန်က ကျနော်တို့မြို့၏ ညလုံးပေါက်စည်ကားရာ နေရာလေးတစ်ခုဖြစ်သည်။ ဆိုင်အမည်ကို ကျနော်မမှတ်မိတော့။ သို့သော် တစ်မြို့လုံးက ခေါ်ကြသည်က “အလင်းဆိုင်”တဲ့။

ထိုအလင်းဆိုင်လေးက လက်ဖက်ရည်လည်း ထူးပြီးကောင်းလှသည်မဟုတ်ပါ။ လက်ဖက်ရည်မကောင်းတော့ မုန့်များစားကောင်းသည်လားဆိုတော့လည်း မုန့်ကလည်း ထူးမခြားနား။ သို့သော် ရောင်းရပါသည်။ အထူးသဖြင့် မှုန်တိမှုန်ဝါး ညချမ်းအချိန်အခါတွေမှာ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကုန်ခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါးကာလက ကျနော် ခရီးဝေးကနေ ပြန်လာ၍ ညသန်းခေါင်သန်းလွဲရောက်လျှင် အိမ်တန်းမပြန်သေးဘဲ ထိုအလင်းဆိုင်လေးကို ဝင်ထိုင်လေ့ရှိသည်။ ထိုင်လိုက်သည်နှင့် တကျွိကျွိမြည်ကာ ယိုင်နဲ့သွားသည့် သစ်သားခုံတန်းလေးပေါ် အသာအယာထိုင်ရင်း ကျောပိုးအိတ်ကို ဘေးချလိုက်သည်။ အိပ်မှုန်စုံမွှားဖြစ်နေသော ဆိုင်အလုပ်သမားကလေးငယ်ကလေးက ထလာသည်။ လက်ဖက်ရည် ပုံမှန်ဆိမ့်တစ်ခွက်နှင့် ပလာတာလိပ်ခုတ်တစ်ပွဲ မှာလိုက်သည်။

ဘေးဝန်းကျင်ဝိုင်း​တွေမှာတော့ လူငယ်တချို့တလေ တွေ့ရပါသည်။ တချို့က လက်ကိုင်ဖုန်းသုံးနေသည်။ တချို့ကတော့ ဆိုင်အလယ်မှာချိတ်ထားသည့် ရုပ်မြင်သံကြားစက်ကနေ ပြနေသည့် နိုင်ငံခြားအက်ရှင်ကားကို လှမ်းငေးနေသည်။ သေချာသည်က အားလုံးသည် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ငြိမ်းငြိမ်းချမ်းချမ်း။

ပူပူနွေးနွေး ပလာတာလိပ်ခုတ်တစ်ခုကို ကောက်ကာဝါးသည်။ ပလာတာနှင့် စားတော်ပဲအိစက်စက်က လိုက်ဖက်လွန်းသည်။ လက်ဖက်ရည်တငုံ မော့လိုက်တော့ ပိုပြီးပြည့်စုံသွားသည်။ ရေနွေးကြမ်းကတော့ အေးစက်စက်ဖြစ်နေ၍ စားပွဲထိုးက​​လေး လှမ်းခေါ်ပြီး လဲခိုင်းရသည်။ ကလေးက စောစောကလိုပဲ အိပ်ချင်မူးတူးပြီး ထလာသည်။

ခုံတန်းကို မှီရင်း ည၏ အရသာကို ခံစားလိုက်သည်။ ကောင်းကင်မှာ ကြယ်တချို့ လင်းနေသည်။ ခပ်ဝေးဝေး ဘူတာအကျော်မှာ ထနောင်းပင်ကလေးကို လမ်းမီးတိုင်၏ အလင်းဖြင့် ခပ်ဝါးဝါးမြင်ရသည်။ လေကလေးတချက် ဝေ့တိုက်လာတော့ ဘူတာရုံပေါ်က တမာရွက်ခြောက်တွေ ဆိုင်ကလေးထဲကိုဝေါကနဲဝင်လာသည်။ လက်ဖက်ရည်ခွက်ကို လက်ကလေးဖြင့် အသာအယာအုပ်လိုက်မိသည်။

တအောင့်နေတော့ ဥသြဆွဲသံကြားလိုက်သည်။ ရထားတစ်စင်းဝင်လာတာဖြစ်သည်။ လူစီးရထားမဟုတ်။ ကုန်တင်ရထားဖြစ်သည်။ ဘူတာထဲအိပ်နေသူတချို့ ကပျာကယာထကြသည်။ မည်းမှောင်နေသည့် ရထားတွဲပေါ်ကနေ ကုန်အချို့တင်ကြချကြသည်။ အချိန်အနည်းငယ်အကြာမှာ ထိုရထားလည်း ထွက်ခွာသွားသည်။ ဘူတာသည် ပြန်တိတ်ဆိတ်သွားသည်။

တကယ်တော့ ကျနော်ခရီးပန်းလာသည်။ အိပ်စက်အနားယူချင်ပြီ။ သို့သော် ည၏အေးချမ်းသည့်အရသာကို အပြည့်အဝ ရရှိနေသည့် သည်အလင်းဆိုင်လေးကနေ မခွာလိုသေး။ မိနစ်အနည်းငယ်လောက် ထပ်ထိုင်ပြီးတော့ ကျနော်အလင်းဆိုင်လေးကို နှုတ်ဆက်လိုက်သည်။

ခရီးတွေသွား၍ မြို့တွေဆီရောက်လို့ အချိန်မတော်လျှင် ဘူတာရုံလေးတွေနားက အလင်းဆိုင်​လေးတွေဆီ ကျနော် တခုတ်တရ သွားထိုင်ပါသည်။ မြို့တွေသာကွဲသော်လည်း အလင်းဆိုင်ယဥ်ကျေးမှုက တူတူညီညီ။

၂၀၂၁ တိုင်းပြည်အမှောင်ကျပြီး နောက်ပိုင်းမှာတော့ ကျနော်တို့ အဘိဓါန်တွေထဲကနေ အလင်းဆိုင်ဆိုသည့် ဝေါဟာရတစ်ခု ပျောက်ဆုံးသွားခဲ့သည်။ ဘူတာရုံကလေးတွေလည်း မှောင်နဲ့မည်းမည်း။ အလင်းဆိုင်လေးတွေလည်း ချောင်မှာ မသည်းကွဲတော့။

တချိန်မှာတော့ အလင်းဆိုင်လေးတွေ ပြန်ပေါ်လာဦးမည်ဖြစ်သည်။ ဘူတာဘက်က ဖြတ်တိုက်လာမည့် အေးမြလက်ဆတ်သော လေနုအေးကို အလင်းဆိုင်တွေကနေ ရှုရှိုက်ချင်သေးသည်။ ကောင်းကင်က ကြယ်လေးတွေကို မော့ကြည့်ချင်သေးသည်။ သို့သော် ထိုင်နေကျလူငယ်တွေ အလင်းဆိုင်လေးမှာ လူစုံကြပါဦးမလားတော့ မသိနိုင်တော့….။

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

ဆောင်းပါး

ဖုန်းတစ်ဖက်က အမျိုးသမီးကတော့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံအောက်မှာ ကျန်နေခဲ့တဲ့ သူ့မိသားစုဝင်တွေရဲ့ အလောင်းကို ပြန်မရသေးကြောင်း တည်ငြိမ်စွာ ပြောပြနေသည်။ဖုန်းရဲ့တဖက်ခြမ်းမှာတော့ နားထောင်ပေးနေသူ မမေတစ်ယောက် စိတ်ထိန်းမရတော့ဘဲ ငိုနေမိသည်။

ဘာသာပြန်ဆောင်းပါး

မြန်မာနိုင်ငံရဲ့ လူသိများ ထင်ရှားလှတဲ့ အင်းလေး ကန်ကြီးထဲမှာ တငြိမ့်ငြိမ့် လှုပ်ခတ်နေတဲ့ စက်တပ် သမ္ဗန်ပေါ်ကနေ ကိုညွန့်ဝင်းတစ်ယောက် ရေပေါ် ခရမ်းချဉ်သီး စိုက်ခင်းကို ဂရုတစိုက် ပျိုးထောင်ပေးနေပါတယ်။ ယူနက်စကို အဖွဲ့ကြီးက သဘာဝ အမွေအနှစ် နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားရာ ရေကန်ကြီးထဲမှာ အဲဒီလို...