နိုဝင်ဘာ-၂၁၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်သီတာဟာ ၂ နှစ်နီးပါးကြာ ဆေးကုသခွင့် မရတာကြောင့် နိုဝင်ဘာ ၁၆ ရက်မှာ သာယာဝတီဆေးရုံမှာ သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPP က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာဟာ အရင်တည်းက ဆီးချို၊ သွေးချိုရောဂါရှိခဲ့သလို ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းရှိနေစဉ် အင်းစိန်အကျဉ်းထောင်ကနေ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
သာယာဝတီ အကျဉ်းထောင်ကို ရောက်ရှိတဲ့အခါ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိခဲ့တာကြောင့် ၂၀၂၄ မှာ လေဖြတ်ခဲ့ပြီးနောက် ဆေးဝါးကုသခွင့်၊ ဆေးရုံပြသခွင့် လုံလုံလောက်လောက်မရရှိခဲ့ဘူးလို့ WOPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
လေဖြတ်ခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာ အခုနှစ် နိုဝင်ဘာ ၁၄ ရက် နံနက်မှာ နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်ဖြစ်သူထံကို အကြောင်းကြားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီခန့်က သာယာဝတီဆေးရုံမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ်လက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာ ဘယ်လိုအကြောင်းရင်းကြောင့် ကွယ်လွန်ခဲ့တာကို မိသားစုဝင်များအနေနဲ့ မေးမြန်းစုံစမ်းခဲ့ပေမယ့် သေဆုံးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေ သိရှိခွင့် မရရှိဘဲ ပိတ်ပင်တားဆီးခံခဲ့ရတယ်လို့ WOPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာကို နိုဝင်ဘာ ၁၇ ရက်မှာ သာယာဝတီမြို့မှာ မီးသင်္ဂြိုလ်ဖို့ ပြုလုပ်ခဲ့ရာ သင်္ဂြိုလ်ရာမှာ မိသားစုဝင်တွေကို လာရောက်ခွင့်ပေးခဲ့ပေမယ့် ဓာတ်ပုံရိုက်ကူးခွင့်ကို လုံးဝပိတ်ပင်တားဆီးခဲ့ပြီး မိသားစုထံကို အရိုးပြာအိုးကိုသာ ပေးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တာကြောင့်၂၀၂၂ ဇူလိုင် ၂၂ ရက်မှာ နေအိမ်မှာ စစ်တပ်ရဲ့မတရား ဖမ်းဆီးမှုကိုခံခဲ့ရတာပါ။
အဲ့ဒီနောက် အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် (၁၀) နှစ် မတရားချမှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေ ကျဆုံးနေရတဲ့ အကြောင်းအရင်းတွေကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်အန္တရာယ် လုံခြုံရေးတို့ကို အလေးထားဖို့မှဦ အထူးပင် အရေးတကြီး လိုအပ်မှုဖြစ်တယ်လို့ WOPP ကထုတ်ပြန်ထားပါတယ်။
ထောင်အာဏာပိုင်တွေအနေနဲ့ ထုတ်ပြန်ချက်တွေ တောင်းဆိုမှုတွေ လုပ်တဲ့ကာလခဏတာဖြေလျော့မှုတွေလုပ်ဆောင်သလို ပြီးရင် တင်းကြပ်မှုတွေကိုပြန်လုပ်ဆောင်နေတာဖြစ်တယ်လို့ WOPP ရဲ့ ပြန်ကြားရေးတာဝန်ခံ မစုမြတ်က ပြောပါတယ်။
” ဒီလိုမျိုးထုတ်ပြန်ချက်တွေထုတ်တယ်ဆိုရင် သူတို့(ထောင်အာဏာပိုင်တွေ)က ခဏနေ ဖြေလျော့ပေးလိုက်တယ်။ ပြီးရင် မူရင်အခြေအနေကို ပြန်တင်းကြပ်ထားတယ်။ ဒီအခြေအနေကို အမြစ်ပြတ်အောင်လို့ အကုန်လုံးပူးပေါင်းပါဝင်မှရမယ်။ တစိုက်မတ်မတ်နဲ့အကျဥ်းထောင်တွေအတွင်းကို လေ့လာမယ် စောင့်ကြည့်မယ် အမြဲလုပ်မယ်ဆိုရင် ဒီဖြစ်စဥ်တွေလျော့ပါးသွားမယ်ထင်တယ် ” လို့ပြောပါတယ်။
အခုဖြစ်စဥ်မှာ နိုင်ငံရေးအကျဉ်းသူများအနေနဲ့ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရရှိတာ၊ သတင်းအမှောင်ချကာ စုံစမ်းသိရှိခွင့် ပိတ်ပင်ခံရတာတို့အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့ – WOPP အနေနဲ့ဆက်လက် ဖော်ထုတ်သွားမှာဖြစ်သလို မိတ်ဖက်အဖွဲ့အစည်း၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ မိဘပြည်တွေအနေနဲ့ တရားမျှတမှုရရှိရေး၊ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်ရှင်သန်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အလေးထား ပူးပေါင်းဆောင်ရွက်ပေးကြပါဖို့ WOPP က တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၆ မေလအထိ ၅ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း အကျဉ်းထောင် ၃၂ ခုမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရရှိဘဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ယောက် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။

























































