အောက်တိုဘာ-၂၉ ၊၂၀၂၅။People’s Spring
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကား နဲ့ ပါဝင်သူတွေကို ဝေဖန်ပြစ်တင်လို့ဆိုပြီး ဒါရိုက်တာမိုက်တီးအပါအဝင် သုံးဦးကို ဖမ်းဆီးလိုက်ပြီး ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ နဲ့အရေးယူမယ်လို့ စစ်ကောင်စီက ဒီနေ့ (အောက်တိုဘာ ၂၉ရက်) ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။
ဒါရိုက်တာမိုက်တီး၊ဇာတ်ပို့သရုပ်ဆောင်ကျော်ဝင်းထွဋ်၊ဟာသသရုပ် ဆောင်အုန်းဒိုင်းတို့ကို နေအိမ်တွေမှာ ဖမ်းဆီးလိုက်တာပါ။
သူတို့သုံးဦးဟာ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲပညာပေး ဇာတ်ကား နဲ့ ဇာတ်ကား မှာ ပါဝင်သူတွေကို လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန်ရေးသားပြီး ရွေးကောက်ပွဲအပေါ် လူထု အထင်အမြင် လွှဲမှားအောင်လှုံ့ဆော်ခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement
စစ်အုပ်စုက ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်မှာ မျှဝေတယ်လို့ အကြောင်းပြထားပေမယ့် ဒါရိုက်တာမိုက်တီးရဲ့ သန်း ထွန်း ဇော် အကောင့်မှာတော့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပုတ်ခတ်ရေးသားထားတာ မတွေ့ရပါဘူး။ အုန်းဒိုင်းရဲ့ အကောင့်မှာလည်း ဇာတ်ကားနဲ့ပတ်သက်ပြီး သီးသန့်ရေးသားထားတာ မတွေ့ရပါဘူး။ ကျော်ဝင်းထွဋ်ရဲ့ အကောင့်ကိုတော့ ရှာလို့ မတွေ့တာကြောင့် အတည်မပြုနိုင်ပါဘူး။
ဖမ်းဆီးထားတဲ့သူသုံးဦးထဲမှာ ဒါရိုက်တာမိုက်တီးက ၂၀၂၁ မှာလည်း ပုဒ်မ ၅၀၅-က နဲ့ မတရား ဖမ်းဆီးထောင်ချခံခဲ့ရသူပါ။ ၂၀၂၂ မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပါ။
လွတ်ငြိမ်းတွေရဲ့ထုံးစံအတိုင်း နောက်တစ်ကြိမ်ကျူးလွန်ရင် ယခင်ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ်လို့ လက်မှတ်ထိုးထားရတာကြောင့် လက်ရှိစွပ်စွဲထားတဲ့ ဥပဒေအပြင် အရင်ပြစ်ဒဏ်တွေလည်း ကျခံရဖို့ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။
သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ဟာသသရုပ်ဆောင်အုန်းဒိုင်းကိုတော့ လက်ရှိစွဲဆိုထားတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားမှာပါဝင်ပေးတဲ့သရုပ်ဆောင်တွေအပေါ် လူမှုကွန်ရက် မှာ ဝေဖန်ရေးသားတဲ့ ပို့စ်တွေကို React လုပ်တာ ၊ Comment ရေးတာ ၊ Share တာ လုပ်တဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဒီနေ့မှာ စတင်ခြိမ်းခြောက်လာပြီးနောက် ဖမ်းဆီးမှုတွေရှိလာတာပါ။
ဇာတ်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ပို့စ်တွေကိုအားပေးအားမြှောက်လုပ်ရင်အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေတွေနဲ့ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်း ခြောက်ထားတာဖြစ်ပါတယ်။
အဲဒီဇာတ်ကားကိုတော့ အောက်တိုဘာလ ၂၅ ရက်က စတင်ထုတ်လွှင့်ပြီး ဇာတ်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေကို ပြည်သူအများစုက အပြင်းအထန်ဝေဖန်နေကြပါတယ် ။
ဒါအပြင် သရုပ်ဆောင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်တာ(Social Punishment) နဲ့ သပိတ်မှောက်တာ (Boycott) ပြုလုပ်ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူတွေကတောင်းဆိုထားကြတာပါ။
ဒါ့အပြင် ရန်ကုန်မြို့မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အဖွဲ့တွေက ပြည်သူ့တော်လှန်ရေးကို ပုံဖျက်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ သရုပ်ဆောင်တွေကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ အောက်တိုဘာ ၂၈ ရက်မှာထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်သူတွေ ကို ဖမ်းဆီးဖို့ တိုက်တွန်းနေကြတာတွေ့ရပါတယ်။




















































