Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ လူသတ်မှု တရားခံက တောဆင်ရိုင်းနဲ့ ဝင်တိုက်မိပြီး အဖမ်းခံရ

သီရိလင်္ကာ နိုင်ငံမှာ လူသတ်မှု သံသယ တရားခံ တစ်ဦး ထွက်ပြေးသွားပေမယ့် တောဆင်ရိုင်းကို တည့်တည့် ဝင်တိုက်မိခဲ့ပြီး အဖမ်းခံလိုက်ရပါတယ်။

ဓာတ်ပုံ - Reuters

သီရိလင်္ကာ နိုင်ငံမှာ လူသတ်မှု သံသယ တရားခံ တစ်ဦး ထွက်ပြေးသွားပေမယ့် တောဆင်ရိုင်းကို တည့်တည့် ဝင်တိုက်မိခဲ့ပြီး အဖမ်းခံလိုက်ရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ ဖြစ်စဉ်မှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားဟာ စကူတာစီးပြီး ထွက်ပြေးရင်း တောဆင်ရိုင်းကြီး တစ်ကောင်ကို တိုက်မိခဲ့တာလို့ သိရပါတယ်။ သူဟာ နိုင်ငံမြောက်ပိုင်း အနူရာပူရာ ဒေသမှာ အမျိုးသမီး တစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး ထွက်ပြေးသွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

သူက စကူတာစီးပြီး ထွက်ပြေးခဲ့ပေမယ့် အခင်းဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ ကားလမ်းပေါ် ရုတ်တရက် တက်လာတဲ့ တောဆင်ရိုင်းကြီးကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒဏ်ရာတွေ ရသွားခဲ့တာကြောင့် ကုသမှု ခံယူဖို့ လိုအပ်လာခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူ့ကို လက်နက်ကိုင်ရဲတွေ စောင့်ကြပ်မှုနဲ့ ဆေးရုံ တင်ထားရပါတယ်။

Public Service Announcement

Public Service Announcement

စကူတာနဲ့ တိုက်မိတဲ့ ဆင်ကြီးကတော့ ထိခိုက်သွားဟန် မရှိဘဲ တောထဲကို အေးအေးဆေးဆေး ပြန်ဝင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူ အသုံးပြုခဲ့တဲ့ လူသတ်လက်နက်ကို သိမ်းဆည်း ရမိထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဆေးရုံတက်နေရတဲ့ သံသယ တရားခံရဲ့ ဒဏ်ရာ အခြေအနေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံလေးမှာ လူနဲ့ တောဆင်ရိုင်းတွေကြား မတော်တဆ ထိတွေ့မှု ဖြစ်စဉ်တွေဟာ သိပ်ပြီး မထူးဆန်းတော့တဲ့ အခြေအနေပါ။ အထူးသဖြင့် လူနေဧရိယာတွေ၊ စိုက်ခင်းမြေတွေက ဆင်တွေရဲ့ သဘာဝ စားကျက်နယ်မြေတွေထဲ ချဲ့ထွင်ရာက နှစ်ဖက် ထိပ်တိုက်တွေ့မှုတွေ ပိုပြီး တိုးလာပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း အဲဒီလိုမျိုး ပဋိပက္ခ အခြေအနေတွေကြောင့် ပျမ်းမျှ တစ်နှစ်ကို ဆင်ကောင်ရေ ၄၀၀ လောက်နဲ့ လူ ၁၅၀ ဝန်းကျင်လောက် သေဆုံးလေ့ရှိကြောင်း သိရပါတယ်။

သီရိလင်္ကာဟာ ဆင်တွေကို နိုင်ငံရဲ့ သဘာဝ ရတနာ တစ်ပါးအဖြစ် သတ်မှတ်ပြီး ဥပဒေကြောင်းအရ အကာအကွယ် ပေးထားပါတယ်။ ဒါပေမဲ့လည်း ဝေးလံသီခေါင်တဲ့ ကျေးလက် ဧရိယာတွေမှာတော့ တောဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှု၊ စိုက်ခင်းတွေကို ဖျက်ဆီးမှုတွေကို ရံဖန်ရံခါ ကြုံရလေ့ ရှိနေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ