သူဆန္ဒ ရှိတဲ့အချိန်မှာ အီရန်စစ်ပွဲကို ရပ်ပစ်လိုက်လို့ရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဖုန်းပြောချိန်မှာ ထရမ့်က အဲဒီလို ပြောဆိုခဲ့တာလို့ CBSနဲ့ Reuters သတင်းဌာနတွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။
သူဟာ ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် ဖလော်ရီဒါမှာရှိတဲ့ မာအေလာဂို ကိုယ်ပိုင် စံအိမ်ကြီးကနေ အရှေ့အလယ်ပိုင်းဆီ ဖုန်းဆက်ခဲ့တာ ဖြစ်ပါတယ်။
အီရန်စစ်ပွဲကို သူဆန္ဒရှိတဲ့ အချိန်မှာ ရပ်လိုက်လို့ ရပေမယ့် တပ်တွေကိုတော့ ဆက်ပြီး ဖြန့်ကျက်ထားဦးမှာ ဖြစ်ကြောင်း၊ အမေရိကန်ဟာ အောင်ပွဲနဲ့ သိပ်ကို နီးကပ်နေပြီဖြစ်ကြောင်း စစ်သားတွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
ထရမ့်က သူဟာ အသက်တွေ အများကြီး ကယ်တင်နိုင်ဖို့ အီရန်ကို ဖြစ်နိုင်သမျှ အခွင့်အရေး အားလုံး ကမ်းလှမ်းပေးထားကြောင်း၊ ဒါပေမဲ့ အီရန်ဖက်က အဲဒီ အခွင့်အရေးကို ယူပါ့မလား ဆိုတာကိုတော့ သေချာ မသိနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ ကာလမှာ ဘာလုပ်နေသလဲလို့ စစ်သားတစ်ယောက်က မေးတဲ့အခါ ထရမ့်က သူဟာ ပရောဂျက် သေးသေးလေး တစ်ခုအတွက် အလုပ်လုပ်နေကြောင်း၊ ပရောဂျက် နာမည်က အီရန်ဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။ ထရမ့်က အမေရိကန်နဲ့ အစ္စရေးဟာ အီရန်အနေနဲ့ ပါးနပ်လိမ္မာတဲ့ ဆုံးဖြတ်ချက်မျိုး ရွေးချယ်နိုင်အောင် အခွင့်အရေးပေးဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ မြေအောက် နျူကလီးယား စခန်းတစ်ခု တည်ရှိရာ နေရာလို့ လူသိများတဲ့ ပေါက်ချွန်းတောင် (Pickaxe Mountain)ကို အမှန်တကယ် တိုက်ခိုက်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီနေရာမှာ အမှန်တကယ် လှုပ်လှုပ်ရှားရှား ကိစ္စတွေ ဘာမှ မတွေ့ရသေးကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: Reuters


























































