Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းနိုင်မှု NUG ကြိုဆို

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ဖွဲ့စည်းခဲ့မှုအပေါ် ကြိုဆိုပြီး ညီညွတ်ရေးအားကောင်းအောင် စုဖွဲ့နိုင်မှုဟာစစ်ကောင်စီအကြောက်ဆုံးအရာဖြစ်တယ်လို့အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီဇင်ဘာ-၁၆၊ ၂၀၂၅။ ဆန်အောင်/People’s Spring

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRAကို တော်လှန်ရေးတပ်ဖွဲ့ ၁၉ဖွဲ့နဲ့ ဖွဲ့စည်းခဲ့မှုအပေါ် ကြိုဆိုပြီး ညီညွတ်ရေးအားကောင်းအောင် စုဖွဲ့နိုင်မှုဟာစစ်ကောင်စီအကြောက်ဆုံးအရာဖြစ်တယ်လို့အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

SRA ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၁၅ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာနဲ့ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၆ရက် မနက်မှာ ဆက်သွယ်မေးမြန်းခဲ့ရာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကြိုးစားကြတဲ့ တော် လှန်ရေးအင်အားစုတွေအချင်းချင်း ကြားမှာ ကွဲကြ ပြဲကြတယ်ဆိုတဲ့ကိစ္စကမကောင်းဘူး။စုကြစည်းကြ ညီညွတ်ကြတယ်ဆိုတဲ့ကိစ္စက ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။အဲဒီအတွက်ကြောင့် မို့လို့ ဒါက ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်။နောက်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာနရဲ့ Change of Command အောက်မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတွေရယ် အခု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေရယ် နောက်ပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေရဲ့ ကြားမှာ joint command တခု တည်ဆောက်နိုင် ဖို့လည်း NUG အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါမယ်ဗျ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုဘက်ကတော်လှန်ရေးအင်အားစုတွေကိုသွေးခွဲဖို့ နည်းလမ်းပေါင်းစုံနဲ့ အမြဲတမ်း ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

“သူတို့(စစ်ကောင်စီ) အကြောက်ရွံ့ဆုံး အရာကလည်း တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြားမှာ စုစည်းညီညွတ်စွာနဲ့ ညီညွတ်ရေးတခုတည်ဆောက်နိုင်မှာကို သူတို့ အကြောက်ဆုံးဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ လက်ရှိ ရထားတဲ့ စုစည်းညီညွတ်မှု တွေကို ပိုပြီးအားကောင်းခိုင်မာအောင်လုပ်ပြီး တစုတစည်းတည်းနဲ့ တိုက်ပွဲဝင်နိုင်ကြမယ်ဆိုရင် ဒါဟာ တော်လှန်ရေးအတွက်လည်း အင်မတန်မှ ကောင်းတဲ့အရာဖြစ်သလို အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက်လည်း အင်မတန်မှ အရေးကြီးတဲ့ အင်အားတရပ်ဖြစ်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

SRA မှာ 96 Soldiers PDF၊ ဗမာ့တပ်တော်(BA)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ချင်းညီနောင်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army(GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော်( MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းခေါမ်)-(PNDF-KK/PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF) တို့ ပါဝင်စုဖွဲ့ထားတာပါ။

SRA မှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်နီတပ်မတော်(KA)၊ အာရက္ခတပ်တော်(AA) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ PDFတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေလည်း ပါဝင်ပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ် – SRAကို ခိုင်မာကျယ်ပြန့်တဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ (၇)ဖွဲ့ဟာ၂ဝ၂၅ မေလမှာစတင်ညှိနှိုင်းခဲ့ကြပြီး နိုဝင်ဘာပထမအပတ်မှာ တပ်ဖွဲ့ (၁၄) ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကတဆင့် ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီးတပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာနိုဝင်ဘာ တတိယပတ်မှာ ကျင်းပကာ အခုလို အဖွဲ့ဝင် ၁၉ဖွဲ့ပါတဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းမှုထဲမှာပါတဲ့ တပ်ဖွဲ့ ၁၉ဖွဲ့က နိုင်ငံနေရာဒေသအသီးသီးမှာ ရှိနေကြပြီးတော့ တပ်ဖွဲ့ဝင်အင်အားက သောင်းဂဏန်းရှိတယ်လို့ SRA အဖွဲ့ဝင် ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဒုဥက္ကဌ(၁) ကိုမင်းဟန်ထက်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို