အေးခိုင်ဦး ရေးသားသည်။
မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့ သာမန်ဘဝလေးကို စိတ်အေးလက်အေး ဖြတ်သန်းနိုင်ခဲ့တယ်။ကိုယ့်ဘဝထဲကို အကြောင်းမဲ့ ဝင်ရောက်ပြီး ဒုက္ခပေးမယ့်သူတွေ၊ မနက်ဖြန်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်နေရတာမျိုးတွေ မရှိသလောက်ပါပဲ။
အဲဒီလိုဘဝမျိုးကို ကိုယ်တိုင်နေခဲ့ဖူးတဲ့အတွက် အခုအချိန်နဲ့ ပြန်နှိုင်းယှဉ်မိတိုင်း ပိုပြီးရင်နာမိတယ်။တစ်ချိန်က သာမန်လို့ ထင်ခဲ့တဲ့ လုံခြုံမှု၊ စိတ်အေးချမ်းမှုနဲ့ကိုယ့်ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ပြီး နေထိုင်ခွင့်ရတာတွေဟာ တကယ်တော့ အလွန်တန်ဖိုးရှိတဲ့အရာတွေ ဖြစ်နေခဲ့တာကို အခုမှ ပိုနားလည်လာတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်မိသားစုနဲ့အတူ ကြောက်ရွံ့မှုကင်းကင်း၊ စိုးရိမ်မှုကင်းကင်း ပုံမှန်ဘဝမှာနေခွင့်ရဖို့ကလူသားတိုင်းရဲ့ အခွင့်အရေးပါ။
ဒီရက် နှစ်ထောင်ကျော်အတွင်း ကိုယ့်ဘဝကိုကိုယ်ပြန်ကြည့်မိတယ်။မနက်မိုးလင်းလို့ အိမ်တံခါးကိုဖွင့်လိုက်တာနဲ့ ရောက်သွားတဲ့အတွေးက ဒီနေ့ ဘာတွေဖြစ်ဦးမှာလဲ၊ ဘာတွေကြားရဦးမှာလဲ၊ ဘယ်သူတွေ ဒုက္ခဖြစ်ကြဦးမှာလဲ ဆိုတဲ့ အတွေးမျိုးတွေက ခေါင်းထဲအရင်ရောက်လာရတယ်။ စိတ်နှလုံးမချမ်းမြေ့ခြင်းနဲ့ပဲမနက်ခင်းတိုင်းဟာစခဲ့တယ်။ အရင်တုန်းကမနက်အိပ်ရာထတာနဲ့ဒီနေ့လုပ်ရမယ့်အလုပ်တွေလုပ်မယ်၊ တွေ့ရမယ့်သူတွေ တွေ့မယ်၊ ညနေစာအတွက် စီစဉ်မယ်။ ဒီလောက်ပါပဲ။ဘဝဟာ ပုံမှန်လည်ပတ်နေခဲ့တယ်။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။မီးလာမလား။ ဈေးတက်ဦးမှာလား။ ဆေးလိုရင် ရပါ့မလား။ အလုပ်က ဆက်ရှိပါ့မလား။ မိသားစုဝင်တွေ ဘေးကင်းပါ့မလား။ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ ဒီလိုတွေနဲ့ တစ်နေ့ပြီးတစ်နေ့ ကိုယ့်ခေါင်းထဲမှာ လည်ပတ်နေတယ်။

Public Service Announcement
ကိုယ့်နိုင်ငံကောင်းပြီလို့ ထင်ခဲ့ဖူးပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက ဦးဆောင်ပြီး နိုင်ငံ့အရေးလုပ်ကြမယ်။ ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မိသားစုကို ကျွေးမွေးမယ်။သားသမီးတွေကသူတို့ဘဝအတွက် အနာဂတ်တွေ တည်ဆောက်မယ်။ ဘဝတွေဟာ သာယာပြီလို့ မျှော်လင့်ခဲ့တယ်။နောင်သားသမီးမြေးမြစ်တို့အတွက်နိုင်ငံဟာ အေးချမ်းပြီလို့ပေါ့။အခုတော့မင်းအောင်လှ်ိုင် သမတရူးတာနဲ့ တနိုင်ငံလုံး ချောက်ထဲ ကျရုံသာမက ငရဲထဲပါ ကျ ရ တော့တာပါပဲ။
စာသင်ကျောင်းတွေကို ဗုံးကြဲ၊ ဆေးရုံတွေကို ဗုံးကြဲ၊ ဘုန်းကြီးကျောင်းတွေကို ဗုံးကြဲ၊ စစ်ဘေးရှောင်တွေကို ဗုံးကြဲ။ အသက်သေဆုံးရတာ ကလေးငယ်လေးတွေကနေ အဖိုးအဖွား ထိ အရွယ်မျိုးစုံ၊ လူမျိုးမရွေး ဘာသာမရွေး။ ရှင်ကွဲ သေကွဲ ကွဲရတဲ့ မိသားစုတွေ၊ သားသမီးဆုံးရှုံးရတဲ့ မိဘတွေ၊ မိဘဆုံးရှုံးရတဲ့ သားသမီးတွေ၊ ဇနီး ခင်ပွန်း ဆုံးရှုံးရသူတွေ၊ အိုးအိမ်ဆုံးရှုံးရသူတွေ၊ ပညာရေးကို စွန့်လွှတ်လိုက်ရတဲ့လူငယ်တွေ။အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်လိုက်ရသူတွေ၊ကိုယ့်မှာအပြစ်မရှိပါပဲနဲ့ ရောက်လာရတဲ့ ဒုက္ခတွေဟာ ငရဲတမျှ။
အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးရဲ့ ကြပ်တည်းဒုက္ခမှာက တနိုင်ငံလုံး။ ဟိုတုန်းက လျှပ်စစ်မီးမှန်မှန်ရခဲ့ဖူးပါတယ်။ဘဝတွေဟာ အဆင်ပြေချောမွေ့ခဲ့တဲ့အချိန် ရှိခဲ့ဖူးပါတယ်။အခုတော့ မီးလာတဲ့အချိန်ကို စောင့်ရတဲ့ဘဝ။ မီးလာရင် အိမ်ကလူတိုင်းက ကိုယ့်အလုပ်ကိုယ် အမြန်လုပ်ကြရတယ်။ ဖုန်းအားသွင်းရတယ်။Power bank အားသွင်းရတယ်။ ရေတင်ရတယ်။ အလုပ်လုပ်လို့ရရင် အလုပ်လုပ်တယ်။ တစ်ခါတလေ မီးလာတဲ့အချိန်ကိုတောင် မိသားစုအတွက် ရှားပါးတဲ့အခွင့်အရေးတစ်ခုလို ဖြစ်လာရတယ်။
ဈေးထဲသွားတဲ့အခါလည်း အရင်လို မဟုတ်တော့ဘူး။ဟိုဟာဘယ်လောက်လဲ။ဒီဟာ ဘယ်လောက်လဲ။ မနေ့ကနဲ့ ဒီနေ့ ဘာလို့ဈေးကွာနေတာလဲ။ ကိုယ်လိုချင်တာကို ဝယ်တာထက် ကိုယ်တတ်နိုင်တာကို ရွေးဝယ်လာရတယ်။ တစ်ချိန်က အသားဟင်းစားမလား၊ ငါးစားမလားဆိုတာ စဉ်းစားခဲ့ကြတယ်။ အခုတော့ ဟင်းတစ်ခွက်လျှော့မလား၊ ထမင်းတစ်နပ် လျှော့မလားဆိုတာ စဉ်းစားရတဲ့မိသားစုတွေအများကြီး။ အဲဒီအချိန်မှာ “စီးပွားရေးကျဆင်းတယ်”ဆိုတဲ့စကားလုံးကသိပ်မကြီးမားတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကားရဲ့ အဓိပ္ပာယ်ကို ကိုယ့်မီးဖိုချောင်ထဲမှာ ကိုယ်မြင်နေရလို့ပဲ။
ဆေးဝါးအကြောင်းဆိုရင်တော့ ပိုပြီးရင်နာတယ်။ကျန်းမာရေးကောင်းနေတဲ့လူတစ်ယောက်က ဆေးတစ်လုံး ရှာမရတာကို အလွယ်တကူ ခံစားမိချင်မှ ခံစားမိမှာပါ။ ဒါပေမယ့်နေ့တိုင်းဆေးသောက်ရတဲ့လူတစ်ယောက်အတွက်တော့ ဆေးတစ်လုံးဆိုတာ သာမန်ပစ္စည်းမဟုတ်ဘူး။အသက်ရှင်ဖို့လိုတဲ့အရာ။ဆေးဆိုင်တစ်ဆိုင်ကနေ တစ်ဆိုင်ကို လိုက်ရှာရတာ။ရမရ မေးရတာ။ ဈေးကြီးနေရင်တောင် ဝယ်ရတာ။ မဝယ်နိုင်ရင် ဘာဖြစ်မလဲဆိုတာ မစဉ်းစားရဲတာ။ ဒီလိုအရာတွေကို ကိုယ်တိုင်မြင်လာရတဲ့အခါ “နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးစနစ်”ဆိုတာဘာအဓိပ္ပာယ်လဲဆိုတာနားလည်လာတယ်။ကိုယ့်နိုင်ငံရဲ့ အဖြစ်ဆိုးကိုလည်း ပို ရင်နာရတယ်။
ပညာရေးအကြောင်းဆိုရင်လည်း အင်မတန် ရင်နာစရာကောင်းလှပါတယ်။ ကလေးတစ်ယောက်ဟာ လူအဖြစ်မွေးဖွားခဲ့ရတာ သူ့အပြစ်ဘာမှမရှိပါဘူး။ ဘယ်အချိန်မှာ ဘယ်သူက အာဏာယူမလဲ ဆိုတာလည်း သူရွေးခဲ့တာမဟုတ်ဘူး ။ ဘယ်နေရာမှာ စစ်ဖြစ်မလဲဆိုတာလည်း သူရွေးခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် အကျိုးဆက်ကိုတော့ သူက ခံနေရတယ်။ ကျောင်းမတက်နိုင်တာ။ပုံမှန်စာမသင်နိုင်တာ။ဆရာ၊ ဆရာမတွေနဲ့ ပုံမှန်မတွေ့နိုင်တာ။ သူ့အသက်အရွယ်မှာ ရသင့်တဲ့ ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးသွားတာ။ ဆုံးရှုံးသွားတဲ့ စာသင်ချိန်တွေကို ဘယ်တော့ ဘယ်လိုပြန်ဖြည့်လို့ရမလဲဆိုတာမသိပါဘူး။ ဒါပေမယ့် သိတာတစ်ခုတော့ရှိပါတယ်။ ကလေးတွေရဲ့ အနာဂတ်ကိုပျက်စီးစေပြီး နိုင်ငံတစ်နိုင်ငံကို ပြန်ကောင်းအောင် တည်ဆောက်လို့ မရဘူးဆိုတာပါပဲ။
လူငယ်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပြီ။ တချို့က ပညာသင်ဖို့။ တချို့က အလုပ်လုပ်ဖို့။ တချို့က မိသားစုကို ထောက်ပံ့ဖို့။ တချို့က ကိုယ့်ဘဝကိုယ်လုံခြုံအောင်လုပ်ဖို့။တချို့ကမင်းအောင်လှိုင်ကို တော်လှန်ဖို့။ လူငယ်တစ်ယောက်ဟာ သူ့ဘဝကို ကောင်းကောင်း တည်ဆောက်ချင်တာ သဘာဝပါပဲ၊လူငယ်တယောက်ရဲ့ တာဝန်ပါပဲ။ လူငယ်တွေ သူတို့ရဲ့အနာဂတ်ကို သူတို့နိုင်ငံထဲမှာ တည်ဆောက်လို့မရတဲ့နိုင်ငံ၊ လူငယ်တွေ ဆက်နေလို့မရတော့တဲ့ နိုင်ငံ ဖြစ်သွားရတယ်။
ဒါပေမယ့် ဒီအရာတွေကြားထဲမှာမယုံကြည်ချင်တာတစ်ခုရှိပါတယ်။ “မြန်မာနိုင်ငံကတော့ ပြီးသွားပြီ” ဆိုတဲ့စကား။ မပြီးသေးဘူးလို့ ထင်ပါတယ်။အာဏာရှင်ဟာ အဆုံးထိ ဒီအတိုင်းပြီးသွားရိုး ထုံးစံမရှိပါ။ အာဏာရှင်ဟာ ကျဆုံးမှာပါ။သူ့အချိန်ဟာ တနေ့ ရောက်လာမှာ။ နိုင်ငံမှာ ပျက်စီးသွားတာတွေ အများကြီးရှိတယ်။ဆုံးရှုံးသွားတာတွေလည်းအများကြီးရှိတယ်။ပြန်ပြင်ရမယ့်အရာတွေကလည်း မနည်းဘူး။ဒါပေမယ့်လူတွေ ရှိနေသေးတယ်။ ကလေးတွေ ရှိနေသေးတယ်။ လူငယ်တွေ ရှိနေသေးတယ်။ဆရာဝန်တွေ ရှိနေသေးတယ်။ ဆရာ၊ ဆရာမတွေ ရှိနေသေးတယ်။ အင်ဂျင်နီယာတွေ ရှိနေသေးတယ်။တောင်သူတွေ ရှိနေသေးတယ်။ အလုပ်သမားတွေ ရှိနေသေးတယ်။ နိုင်ငံခြားကို ရောက်နေတဲ့ မြန်မာတွေလည်း ရှိနေသေးတယ်။ အရေးအကြီးဆုံးက ဒီနိုင်ငံကို လွတ်မြောက်စေချင်တဲ့စိတ် ရှိနေသေးတယ်။ဒါကြောင့် တစ်နေ့နေ့မှာ ပြန်တည်ဆောက်ခွင့်ရကြမယ်။
လူတစ်ယောက်ဟာ သူ့ရဲ့အမြင်၊ သူ့ရဲ့ယုံကြည်ချက်၊ သူ့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်စွာ အသက်ရှင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ပြန်တည်ဆောက်ခွင့်ရကြမှာပါ။ အဲဒီအလုပ်ကို ဘယ်အာဏာရှင်တစ်ယောက်ကမှ လွယ်လွယ်နဲ့တော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်၊ ပညာရှင်တွေကိုယ်တိုင်၊ လူငယ်တွေကိုယ်တိုင်၊ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကိုယ်တိုင် တစ်ယောက်တစ်ဖက်ကပါဝင်ပြီးတည်ဆောက်နိုင်မယ့်နေ့ ရောက်လာမယ်လို့ ယုံကြည်ပါတယ်။
တစ်နေ့ကျရင် ဒီနေ့တွေကို ပြန်မှတ်မိကြမယ်။ မီးမလာတဲ့ညတွေကို။ ဈေးတက်လို့မဝယ်နိုင်ခဲ့တဲ့နေ့တွေကို။ ဆေးရှာမတွေ့လို့ စိတ်ပူခဲ့ရတဲ့အချိန်တွေကို။ ကျောင်းမတက်နိုင်ခဲ့တဲ့ ကလေးတွေကို။ နိုင်ငံခြားထွက်သွားတဲ့ သူငယ်ချင်းတွေကို။မိသားစုနဲ့ ဝေးကွာသွားတဲ့သူတွေကို။ ဆုံးရှုံးခဲ့ရတဲ့သူတွေကို။
အဲဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပြန်ပြောကြမယ်။ “ဒီအရာတွေကို ငါတို့ မေ့မသွားဘူး။ ဒါပေမယ့် ဒီအရာတွေကြောင့် ငါတို့နိုင်ငံကိုလည်း မစွန့်လွှတ်ဘူး”လို့။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ဆိုတာ အာဏာရှိသူတစ်ယောက်ရဲ့လက်ထဲမှာပဲ ရှိတာမဟုတ်ဘူး။ စိတ်ပျက်နေတဲ့ပြည်သူတစ်ယောက်ရဲ့ မျှော်လင့်ချက်ထဲမှာလည်း ရှိပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေရတဲ့ လူငယ်တစ်ယောက်ရဲ့ အိပ်မက်ထဲမှာလည်း ရှိပါတယ်။ CDM ဆရာမတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ တောထဲမှာဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိတယ်။ ကိုယ့်ရဲ့မြေယာကို စွန့်ခွာပြေးရတဲ့ တောင်သူတစ်ယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ PDF လူငယ်လေးတယောက်ရဲ့ လက်ထဲမှာလည်း ရှိပါတယ်။ ပြီးတော့ ဒီနေ့အခြေအနေကို မကျေနပ်ပေမယ့် မနက်ဖြန်အတွက်မျှော်လင့်ချက်ကိုမစွန့်လွှတ်သေးတဲ့ ငါတို့အားလုံးရဲ့လက်ထဲမှာလည်း ရှိပါတယ်။
တစ်နေ့တော့ ပြန်တည်ဆောက်ကြမယ်။ တို့ရဲ့ သားသမီးတွေ အေးအေးချမ်းချမ်းနဲ့ လူဖြစ်ခွင့်ရဖို့၊ လူတ်ိုင်း ကိုယ်တိုင် လူသားတစ်ယောက်လို ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့။ ပြီးတော့ “ဒီနိုင်ငံဟာ ငါတို့နိုင်ငံပဲ” လို့ ပြန်ပြောနိုင်ဖို့အတွက်။
အဲဒီနေ့ရောက်တဲ့အခါခံခဲ့ရတဲ့နာကျင်မှုတွေဟာအလဟဿဖြစ်မနေစေရဘူး။ဘာလို့လဲဆိုတော့ပြန်တည်ဆောက်မယ့်မြန်မာနိုင်ငံဟာအရင်လိုပဲပြန်ဖြစ်ဖို့မဟုတ်ဘဲ၊အရင်ထက် ပိုကောင်းတဲ့ နိုင်ငံဖြစ်ဖို့ ဖြစ်ရမယ်။


















































